ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြထားတဲ့အချက်အလက်တွေအရ တီဘီတစ်ကြိမ်ဖြစ်ဖူးသူတွေက လုံးဝမဖြစ်ဖူးသူတွေထက် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ခြေ များပါတယ်။ ဒါကလည်း တီဘီပိုးရဲ့အနည်းအများ ပမာဏအပေါ် မူတည်ပါတယ်။ တီဘီလုံးဝ မဖြစ်ဖူးသူတွေမှာ TB Bacilli Load က ရှိရင်တောင် နည်းပါတယ်။ တစ်ကြိမ်ဖြစ်ဖူးသူတွေမှာတော့ TB Bacilli Load က ပိုများပါတယ်။ ရောဂါပျောက်ကင်းသွားရင်တောင် ပိုးတစ်ကောင်မကျန် သေသွားတာမဟုတ်ပါ။ ကိုယ်ထဲမှာ ငြိမ်ပြီးအောင်းနေတတ်ပါတယ်။ ရောဂါပြန်မဖြစ်အောင် တီဘီပိုးတွေကို နှိမ်ထားနိုင်ရုံလောက်ပဲ။ ကိုယ်ခံအား နည်းလာတယ်ဆိုရင် နောက်တစ်ကြိမ် တီဘီပြန်ဖြစ်နိုင်ပါတယ်။ တီဘီရောဂါနောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေများရတဲ့အကြောင်းအရင်း Immunocompromise လို့ခေါ်ပါတယ်။ လူနာရဲ့ ကိုယ်ခံအားကျနေတာပါ။ တီဘီပိုးကို ထိတွေ့တာချင်းအတူတူ ကိုယ်ခံအားနည်းတဲ့သူတွေက တီဘီပိုဖြစ်နိုင်ပါတယ်။ Immunocompromise ရဲ့အောက်မှာ HIV ပိုးကူးစက်နေသူတွေ၊ နာတာရှည်ရောဂါအမျိုးမျိုး ဖြစ်ပွားနေသူတွေ (ဥပမာ - ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊ ဆီးချိုးသွေးချိုရောဂါ)အကြောင်းအမျိုးမျိုးကြောင့် စတီးရွက်ဆေးသုံးစွဲနေရသူတွေ၊ ကင်ဆာဝေဒနာရှင်တွေ ပါဝင်ပါတယ်။ ပတ်ဝန်းကျင်မှာ တီဘီရောဂါ ဖြစ်ပွားသူတွေများနေလို့ တီဘီပိုးကို ရှူရှိုက်မိလို့ ကိုယ်ခံအားနည်းနေမယ်ဆိုရင် တီဘီထပ်ဖြစ်နိုင်ပါတယ်။ ဒါကို Reinfection လို့ခေါ်ပါတယ်။ Reinfection ကလည်း တီဘီရောဂါ ဖြစ်ပွားမှုမှာ တွေ့ရပါတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့အချက်အလက်တွေကို ကြည့်လိုက်တော့ ဆေးယဉ်ပါးတီဘီဖြစ်နှုန်းက မန္တလေးမှာနည်းပြီး ရန်ကုန်မှာ ပိုများနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရန်ကုန်က လူနေထူထပ်ပြီး လေကောင်းလေသန့်မရတာ၊ လေဝင်လေထွက် မကောင်းတာပိုများလို့ပါ။ တီဘီပိုးရှိသူက ချောင်းဆိုးလိုက်ရင် တခြားတစ်ယောက်က ရှူမိလို့ ကူးစက်ဖြစ်ပွားတာပါ။ တီဘီဖြစ်ဖူးရင် နောက်တစ်ကြိမ် မဖြစ်နိုင်ဘူးလို့ ပြောမရပါဘူး။ တီဘီရောဂါနောက်တစ်ကြိမ်ထပ်ဖြစ်လာခဲ့ရင် ရောဂါလက္ခဏာတွေပြတတ်ပါလဲ များသောအားဖြင့် ပထမတစ်ကြိမ်တီဘီဖြစ်တုန်းကလိုပဲ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ တစ်ကြိမ်ဖြစ်ဖူးသူတွေ ချောင်းတွေပြန်ဆိုးနေလို့ တီဘီပြန်ဖြစ်လားဆိုပြီး စစ်ဆေးဖို့ ဆရာမတို့ဆီ လာပြတဲ့လူနာတွေ ရှိပါတယ်။အရင်တစ်ခေါက်ဖြစ်တဲ့ ရောဂါလက္ခဏာတွေထက် ပိုများလား၊ နည်းသွားလား၊ ဒီအတိုင်းပဲ ပြတတ်လားဆိုတာ နည်းနည်းတော့ ကွာခြားပါတယ်။ တီဘီရောဂါစစ်ဆေးမှုနဲ့ ပတ်သက်တဲ့နည်းလမ်းတွေ ရောဂါဇာစ်မြစ်ကို သေသေချာချာ မေးမြန်းဆန်းစစ် ဝေဖန်ဖို့တော့လိုပါတယ်။အရင်ဖြစ်ဖူးလား၊ ကုသဖူးလား၊ ဆေးသေချာသောက်ခဲ့ရဲ့လား၊အရင်က မဖြစ်ဖူးခဲ့ပေမယ့်အခုမှတီဘီလို့ထင်ရတဲ့ လက္ခဏာတွေရှိနေလား၊ ညတိုင်းဖျားလား၊ ချောင်းဆိုးလား၊ ဘာအကြောင်းမှမရှိဘဲ ကိုယ်အလေးချိန် ကျသွားလား။ ဆီးချိုသွေးချို၊အသည်း ရောဂါ၊ ကျောက်ကပ်ရောဂါရှိလား၊ မိမိဆွေမျိုးထဲမှာ တီဘီရောဂါကုသနေတဲ့သူရှိလား၊အလုပ်ခွင်ထဲမှာ တီဘီဖြစ်သူတွေနဲ့အလုပ်လုပ်ကိုင်နေရလား၊ စတာတွေကိုအကုန်မေးမြန်းဆန်းစစ်ဖို့ လိုပါတယ်။ Phisical Examintionအနေနဲ့အကျိတ်ရှိလား၊အဆုတ်မှာ တီဘီနဲ့ ပတ်သက်တဲ့ မသင်္ကာစရာတွေ့လားဆိုတာ စစ်ဆေးရပါမယ်။ Laboratory Testအနေနဲ့ သလိပ်စစ်တာ၊ ပိုးမွေးတာကစပြီး ဓာတ်မှန်ရိုက်တာတွေ၊ လိုအပ်ပြီး လက်လှမ်းမီခဲ့ရင် နောက်ဆုံးပေါ်စစ်ဆေးနည်းတွေဖြစ်တဲ့ Immunological Test တွေ၊ Molecular Test တွေနှင့် RT-PCR DNA Finger Printing Technique တွေလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဆေးလို့မရသေးပေမယ့်အိမ်နီးချင်းနိုင်ငံတွေမှာ စစ်ဆေးနိုင်တဲ့ Quantifron Gold Test, Igra Test, Spot TB Test တွေလည်းရှိပါတယ်။ နောက်ဆုံးပေါ်နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ ဒါပမေဲ့ မြန်မာနိုင်ငံမှာအများစုကတော့ နောက်ဆုံးပေါ်နည်းတွေကို လက်လှမ်းမမီကြပါဘူး။ Phisical Examintion, Laboratory Test တွေနဲ့ စစ်ဆေးလိုက်ရင်အများစုမှာ တီဘီလို့ထင်ရတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဘာနဲ့မှ စမ်းသပ်စစ်ဆေးလို့ မပေါ်တာကြောင့် တီဘီဆေးတိုက်ပြီး ရောဂလက္ခဏာတွေ သက်သာသွားလို့ တီဘီဆိုပြီး သတ်မှတ်လိုက်တာမျိုးတွေလည်းရှိပါတယ်။ နောက်တစ်ကြိမ်တီဘီရောဂါဖြစ်လာသူတွေကို ကုသရာမှာ ပိုမိုခက်ခဲမှုတွေ ကြုံတွေ့နိုင်ပါသလား ကြုံတွေ့နိုင်ပါတယ်။ တီဘီရဲ့ သဘောသဘာဝက တစ်ကြိမ်ကုတာထက် နှစ်ကြိမ်ပြန်ကုတာက ပိုခက်ခဲပါတယ်။ နှစ်ကြိမ်ထက် သုံးကြိမ်ကုရတာက ပိုခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးယဉ်ပါး တီဘီဆိုတာ ပေါ်လာလို့ပါ။ တီဘီဆေးသောက်ရတာက WHO ရဲ့ Guide Lineအရ ပထမအကြိမ် တီဘီဖြစ်လို့အမျိုးအစားတစ်နဲ့ကုရင် ခြောက်လဆေးသောက်ရပါတယ်။ နောက်တစ်ကြိမ်ထပ်ဖြစ်လို့အမျိုးအစားနှစ်နှင့်ကုရင် ထိုးဆေးနှစ်လအပါအဝင် ရှစ်လကုရပါတယ်။ ရှစ်လကနေ ကိုးလ၊ တစ်နှစ်ကုရတာလည်းရှိပါတယ်။ တီဘီဆေးသောက်နေစဉ်ဘယ်လိုနေထိုင်စားသောက်သင့်လဲ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာတွေကိုအပြည့်အဝစားသုံးပါ။ ကစီဓာတ်၊ နွားနို့၊ သားငါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက် စတာတွေကို လတ်လတ်ဆတ်ဆတ် စားသုံးဖို့ လိုပါတယ်။ ဒါမှ ရောဂါပျောက်နှုန်းမြန်ပါတယ်။အာဟာရချို့တဲ့ရင် ရောဂါပျောက် ကင်းနှုန်းနှေးပါတယ်။ တီဘီရောဂါ ကုသနေစဉ်မှာ ကိုယ်အလေးချိန်တက်လာရင် ရောဂါပျောက်နှုန်းမြန်ပြီး ကိုယ်အလေးချိန်မတက်ဘဲ ပိန်နေရင်တော့ ရောဂါပျောက် နှုန်းနှေးပါတယ်။ တီဘီဆေးတိုက်ပြီဆိုကတည်းက ဆရာဝန်က ဘေးထွက်ဆိုးကျိုးကို ကြိုတင်မျှော်လင့်ထားပြီး လူနာကို မှန်မှန်ပြန်ခေါ်ပြီး စစ်ဆေးတာ၊ လူနာကလည်း ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာနဲ့ ဆရာဝန်ထံ မြန်မြန်ပြန်ပြဖို့ လိုပါတယ်။ လူနာမှာဘေးထွက်ဆိုးကျိုးတွေ ပေါ်လာခဲ့ရင် ကုသမှုတွေကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါက ပြောင်းလဲပြီး ကုသပေးတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှသာ လူနာအနေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆိုးဆိုးရွားရွားမခံစားရမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်မကူးစက်စေဖို့ ဘယ်လိုကာကွယ်သင့်လဲ တီဘီရောဂါကို ပထမတစ်ကြိမ် ကုသစဉ်ကတည်းက ဆေးကိုမှန်မှန်သောက်ပြီး ပျောက်ကင်းအောင် ကုသပြီးမှ ဆေးဖြတ်ဖို့လိုပါတယ်။ နောက်တစ်ကြိမ် ထပ်ဖြစ်လာခဲ့ရင် ကုသရခက်ခဲတဲ့အပြင် ဆေးယဉ်ပါးတီဘီဖြစ်ဖို့အခွင့်အလမ်းများပါတယ်။ တခြားသူဆီက ရောဂါမကူးစက်အောင် ချောင်းဆိုးနေရင် Mask တပ်ထားတာ၊ လူနေလူထပ်တဲ့ နေရာတွေကို မသွားလာဘဲ ရှောင်ရှားတာ၊ လက်ကိုသန့်ရှင်းအောင်ဆပ်ပြာနဲ့ ဆေးကြောတာတွေ လုပ်ဆောင်ပါ။ Healthy Lifestyle ဖြစ်တဲ့အာဟာရပြည့်ဝအောင် စားတာ၊အိပ်ရေးဝအောင်အိပ်တာ ကိုယ်လက်လှုပ်ရှားအားကစားလိုက်စားတာတွေ လုပ်ဆောင်ပါ။ တီဘီပြန်ဖြစ်ခဲ့ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးဖို့လိုပါတယ်။ Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။