အဖျားကြီးနေတဲ့ကလေးကိုအရေးပေါ် ဘယ်လိုပြုစုပေးမလဲ
mmtimes.com
|
2019-07-26



အဖျားကြီးနေတဲ့ကလေးကိုအရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်မှာဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။အအေးမိနဲ့တုပ်ကွေးတွေအဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။ ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။

ဒါပေမယ့် ကလေးငယ်တွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။အထူးသဖြင့်အဖျားကြီးပြီဆိုရင်အန္တရာယ်လည်းပိုနိုင်တယ်။ ကလေးအဖျားတက်လာတာကနေ့ခင်းပိုင်းလိုမျိုးဆိုနီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့်အချိန်မတော်ကြီးဖြစ်တဲ့အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။


ကလေးဖျားနေပြီဆိုတာကိုဘယ်လိုသိနိုင်မလဲ

ကလေးတွေကလူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကိုစီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။

• ကလေးကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ် ( ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်) (သို့မဟုတ်) ၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများနေမယ်။

• ကလေးကကိုယ်နွေးနေမယ်။ နဖူးတွေ၊ ကျောတွေနွေးနေမယ်။

• ပါးလေးတွေ နီနေမယ်။

• ချွေးတွေအများကြီးထွက်နေမယ်။

• မှိန်းနေမယ်။

•အစာမကြေဖြစ်ပြီးအော့အန်မယ်။

• ချောင်းဆိုးမယ်။

• နှာစေးမယ်။

• နှာချေမယ်။

•အစားမစားဘဲနေမယ်။

ကလေးငယ်ငယ်လေးတွေကအလွယ်တကူအအေးမိဖျားနာနိုင်ပါတယ်။ ရေချိုးမှားတာ၊ ချွေးနဲ့အအေးပတ်တာ၊ လေအေးတိုက်ခံတာများတာတွေလိုမျိုးအမျိုးမျိုးသောအကြောင်းတွေကြောင့် ဖျားနာနိုင်ပါတယ်။အိမ်မှာသာမိုမီတာလေးတစ်ခုဝယ်ထားပြီးကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်းအဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။


ကလေးကအဖျားကြီးနေတဲ့အခါ ပြုစုပေးနိုင်မယ့် နည်းလမ်းတွေက

ကလေးကအဖျားရှိနေပြီဆိုရင် –

• ကလေးကိုရေခပ်နွေးနွေးလေးနဲ့ ၁၅ မိနစ်လောက်ချိုးပေးတာကအဖျားကျအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

•အဝတ်အစားတွေကို သက်တောင့်သက်သာဖြစ်အောင်ဝတ်ဆင်ပေးပါ။အနွေးထည်အထူကြီးဝတ်ပေးတာ၊ စောင်အထူကြီးခြုံပေးတာမျိုးမလုပ်ပါနဲ့။

• ကလေးကို ရေဓာတ် ပြည့်ဝနေအောင် မိခင်နို့၊ ရေ၊ သစ်သီးဖျော်ရည်အစရှိတာတွေတိုက်ကျွေးပေးပါ။ ကဖင်းပါတဲ့သောက်စရာတွေနဲ့အချိုရည်တွေကိုတော့ရှောင်ပါ။

•အာဟာရဖြစ်စေပြီး ကြေလွယ်မယ့်အစားအစာတွေကျွေးမွေးပါ။

•အရမ်းအပူကြီးလာတယ်ဆိုရင် ရေအေးဝတ်ကပ်ပေးပါ။ ရေပတ်တိုက်ပေးပါ။

• ကလေးငယ်တွေအတွက် သီးသန့်ထုတ်ထားတဲ့အဖျားပျောက်ဆေးတိုက်ပါ။ ကလေးက ဆေးမသောက်နိုင်ဘူးဆိုရင် Tylenol လိုအဖျားပျောက်ဆေးအရည်ကသင့်တော်ပါတယ်။

• ကလေးကို ပြည့်ပြည့်ဝဝအနားယူနိုင်အောင်လုပ်ဆောင်ပေးပါ။


ဘယ်အချိန်မှာဆရာဝန်နဲ့ပြသမလဲ

ကလေးမှာအခုပြောပြမယ့်အခြေအနေတွေဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

• ကလေးကအော့အန်နေမယ် ဆက်တိုက်ဖြစ်နေပြီး နုံးချိလာမယ်။

• ဝမ်းသွားနေမယ်။

• ခန္ဓာကိုယ်မှာအနီစက်တွေဖြစ်လာမယ်။

• တက်မယ်။

•အဖျားကဆက်ပြီးကြီးနေမယ်။

•အဖျားကျသွားပေမယ့်လည်းမှိန်းနေမယ် ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် နီးစပ်ရာ ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသတာကအကောင်းဆုံးဖြစ်မှာပါ။ ဒီလိုပြောထားတဲ့လက္ခဏာတွေမဖြစ်လာသေးပေမယ့်လည်းမိဘတွေရဲ့အမြင်မှာစိုးရိမ်စရာကောင်းတဲ့အနေအထားရှိတယ်လို့ ထင်မြင်မိရင် ဆေးရုံဆေးခန်းကို မြန်မြန်ဆန်ဆန်သွားရောက်ပြသသင့်ပါတယ်။




Some text some message..