ပါရာစီတမောပါဝင်တဲ့အလွယ်တကူဝယ်လို့ရတဲ့အနာသက်သာဆေးတွေဟာအမျိုးပေါင်း ၁၀၀ ကျော်လောက်ရှိပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ တူညီတဲ့ပါရာစီတမော တံဆိပ်မျိုးစုံကို တစ်ချိန်တည်းမှာသောက်မိရင် ပါရာစီတမောအများကြီးကို မသိလိုက်ဘဲသောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေအတွက်ဆိုပြီး ပါရာစီတမောကိုအရည်ပုံစု၊အခဲပုံစံတွေလာတဲ့အတွက် မိဘတွေကအရည်တွေအခဲတွေမျိုးစုံကို ပါရာစီတမော တစ်မျိုးထဲပါတာနားမလည်ပဲ တစ်ပြိုင်နက်တည်းတိုက်မိလိုက်ရင် ဒါမှမဟုတ် နာရီအနည်းငယ်အတွင်း တစ်မျိုးပြီးတစ်မျိုးပြောင်းတိုက်မိခဲ့ရင်တော့ ကလေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ 
                                                                                    
![]()
                                                                                တူညီတဲ့ပါရာစီတမောတံဆိပ်မျိုးစုံကို တစ်ချိန်တည်းမှာသောက်မိရင် ပါရာစီတမောအများကြီးကို မသိလိုက်ဘဲသောက်မိသလို ဖြစ်သွားနိုင် 
ပါရာစီတမောဆိုတာက ပမာဏအများကြီးသုံးတဲ့အထိကို စိတ်ချရတဲ့ဆေးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီဆေးက လုံး၀အန္ထရာယ်ကင်းတယ်လို့တော့ပြောလို့မရပါဘူး။အဆိပ် သင့်တဲ့အထိဖြစ်ဖို့ဆိုရင်တော့ ပါရာစီတမောကို သတ်မှတ်ထားတဲ့ပမာဏထက်အကြိမ်များစွာသောက်လိုက်မှသာအဆိပ်သင့်နိုင်ပါတယ်။ 
ဥပမာအားဖြင့် (၆၈) ကီလိုဂရမ်လေးတဲ့လူတစ်ယောက်က (၃၂၅) မီလီဂရမ်ပါဝင်တဲ့ ပါရာစီတမောအလုံး (၃၀) သောက်မိရင် တစ်ခါတည်းအဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။ (၃၂၅) မီလီဂရမ်ပါတဲ့အလုံးရေ (၄၀) လောက်သောက်ရင်တော့ သေတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပါရာစီတမောကို တစ်ခါတည်းအများကြီးသောက်လိုက်မိတယ်ဆိုကတည်းက မတော်တဆကြောင့်မဟုတ်ဘူးဆိုတာ သိသာနိုင်ပါတယ်။ ပမာဏအနည်းငယ်ကို ခဏခဏသောက်နေမယ်ဆိုရင်လည်းအဆိပ်အတောက်ဖြစ်နိုင်ပါသေးတယ်။အဆိပ်ဖြစ်စေတဲ့ပမာဏကအသည်းကိုထိခိုက်စေနိုင်ပြီးအသည်းပျက်စီးတဲ့အထိဖြစ်နိုင်ပါတယ်။ 
                                                                                    
![]()
                                                                                အဆိပ်ဖြစ်စေတဲ့ပမာဏကအသည်းကိုထိခိုက်စေနိုင်ပြီးအသည်းပျက်စီးတဲ့အထိဖြစ်နိုင် 
                                                                                
Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
                                                                                 ဒီအကြောင်းအရာအတွက်အချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။ 
                                                                                
Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
                                                                                 ပါရာစီတမောအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ ပျို့ခြင်း၊အန်ခြင်း၊ နေထိုင်မကောင်းခြင်း၊အစားမစားချင်ခြင်း ဒါမှမဟုတ်အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ စိတ်ရှုပ်ထွေးခြင်း တွေဖြစ်တတ်ပါတယ်။ 
ပါရာစီတမောပမာဏအများကြီးသောက်ပြီးပြီးချင်းအဆိပ်သင့်လက္ခဏာတွေ တန်းပြီးမပြတတ်ပါဘူး။အဆိပ်သင့်ပမာဏထိ သောက်ပြီးတာတောင် ဘာလက္ခဏာမှမပြဘဲ (၂၄) နာရီလောက်နေနိုင်ပါတယ်။ 
                                                                                
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေဆုံသင့်သလဲ
                                                                                 သင်က ပါရာစီတမောအများကြီးသောက်မိတယ်လို့သံသယရှိမိရင် ဆရာဝန် ဒါမှမဟုတ်အဆိပ်အတောက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစင်တာ ဒါမှမဟုတ်အရေးပေါ်ကျန်းမာရေးဌာနကို ဖုန်းခေါ်ကိုခေါ်ရပါမယ်။ 
ခြုံပြီးပြောရရင်တော့ ပါရာစီတမောအဆိပ်သင့်တယ်လို့သံသယရှိလာရင် ဘာလက္ခဏာမှမပြသေးခင်မှာ ဆေးကုသမှုအမြန်ဆုံးခံယူလိုက်တာကအကောင်းဆုံးပါပဲ။ စောစောစီးစီးကုသမှုခံယူထားရင် တအားဆိုးရွားတဲ့အခြေအနေတွေကို မရောက်စေနိုင်တော့ပါဘူး။ 
                                                                                
အောက်ပါအခြေအနေတွေရှိပါကအရေးပေါ်ကျန်းမာရေးဌာနကို ဆက်သွယ်ပါ
                                                                                 လူတစ်ယောက်ယောက်က ပါရာစီတမောအများကြီးသောက်မိပြီး သတိလစ်ခြင်း၊ သတိလစ်ခါနီးဖြစ်ခြင်း ဒါမှမဟုတ်အသက်မရှုတော့ရင် ကျန်းမာရေးဌာနကိုအမြန်ဆက်သွယ်ပါ။ 
အဆိပ်သင့်တာနဲ့ဆိုင်တဲ့ ထိန်းချုပ်မှုဌာကနေသွားခိုင်းပါက ဆေးရုံကအရေးပေါ်ဌာနကိုအမြန်သွားပါ။ ဘယ်လိုပုံစံနဲ့ ဘယ်လောက်ပမာဏသောက်မိတယ်ဆိုတာကို မသေချာဘူးဆိုရင်အရေးပေါ်စောင့်ရှောက်မှုခံယူဖို့လိုပါတယ်။ ကလေးတစ်ယောက်က လူကြီးတွေကွယ်ရာမှာ ပါရာစီတမောတွေအများကြီးသောက်မိလိုက်တယ်ဆိုလည်းအမြန်ဆုံး ဆေးကုသမှုခံယူရပါမယ်။ 
ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုတာတွေရှိလျှင်သော်လည်းကောင်း ဆရာဝန်နဲ့ပဲ ပြသတိုင်ပင်သင့်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုက တစ်ဦးနှင့်တစ်ဦးမတူညီနေပါဘူး။ ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတာကသာအမှန်ကန်ဆုံးပါ။ 
                                                                                    
![]()
                                                                                ပါရာစီတမောပမာဏအများကြီးသောက်ပြီးပြီးချင်းအဆိပ်သင့်လက္ခဏာတွေ တန်းပြီးမပြတတ်ပါဘူး 
                                                                                
Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
                                                                                 ပါရာစီတမောအဆိပ်သင့်ခြင်းကြောင့်ရတဲ့ဝေဒနာကတော့အဓိကအားဖြင့်အသည်းပျက်စီးမှုကြောင့် ဖြစ်လာတာပါ။ ပါရာစီတမောကိုအသည်းကနေ ပထမဆုံးချေဖျက်ရပါတယ်။ ပါရာစီတမော ပမာဏအများကြီးကအသည်းရဲ့ ပုံမှန်အလုပ်လုပ်ပုံကို ပျက်သွားစေနိုင်ပါတယ်။ တကယ်လို့အသည်းကအစကတည်းက ပိုးဝင်လို့၊အရက်သောက်လို့ တခြားနာမကျန်းဖြစ်မှုကနေ ပျက်စီးနေနှင့်ရင်လည်း ပါရာစီတမောကြောင့်အခြေအနေပိုဆိုးလာစေပါတယ်။ 
ဒါကြောင့်အသည်းမကောင်းတဲ့လူနာတွေ၊အရက်အလွန်အကျွံသောက်တတ်တဲ့လူတွေဟာ ပါရာစီတမောနဲ့ ပါရာစီတမောပါတဲ့ ဆေးတွေေ မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဆိုင်ရာဌာနကတော့ ပါရာစီတမောပါတာသောက်မယ်ဆိုအရက်သေစာမေသာက်စားဖို့အကြံပေးထားပါတယ်။ ပါရာစီတမောကို သောက်သင့်တဲ့ပမာဏလောက်ကိုပဲအမြဲစွဲသောက်ခြင်းကတော့အသည်းကိုအန္တရာယ်ဖြစ်စေတယ်လို့ ပြထားတာတွေမတွေ့ရသေးပါဘူး။ 
                                                                                
Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
                                                                                 ဒီအကြောင်းအရာအတွက်အချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။ 
                                                                                
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
                                                                                 အခုဖော်ပြထားတဲ့အချက်အလက်တွေကို ဆေးပညာအကြံပေးချက်အဖြစ်ယူဆဖို့မသင့်တော်တာကြောင့် ပိုတိကျတဲ့အချက်အလက်တွေအတွက် ဆရာဝန်နဲ့အမြဲတမ်းတိုင်ပင်ပါ။ 
                                                                                
Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
                                                                                 ပုံမှန်မဟုတ်တဲ့အသည်းလုပ်ငန်းစဉ်စမ်းသပ်ချက်တွေမှာတော့ acetaminophen လို့ခေါ်တဲ့ပါရာစီတမောဓာတ်ပမာဏ သွေးထဲမှာများနေတာကိုတွေ့ရမှာပါ။ ဆရာဝန်တွေက ပါရာစီတမောအဆိပ်သင့်ခြင်းကို ကိုယ့်ဘာသာ သတ်သေဖို့ကြိုးစားတဲ့လူတွေ၊ ချောင်းဆိုးနှာစေးဖြစ်တဲ့ကလေးတွေကို ပါရာစီတမောပေးတာမျိုးတွေနဲ့ ပါရာစီတမောကိုအမှတ်မထင် မျိုချမိတာမျိုးကိစ္စတွေမှာ ထည့်စဉ်းစားလေ့ရှိပါတယ်။ 
ဆရာဝန်တွေက သောက်လိုက်တဲ့ပမာဏအပေါ်မူတည်ပြီး သို့မဟုတ် လူနာရဲ့သွေးထဲက acetaminophen ရဲ့ပမာဏကို ကြည့်ပြီး ပါရာစီတမောအဆိပ်သင့်ခြင်းအခြေအနေကို ခန့်မှန်းကြပါတယ်။ သောက်ပြီးတဲ့နောက် (၄) နာရီကနေ (၂၄) နာရီအတွင်း တိုင်းတာလို့ရတဲ့ပမာဏကိုကြည့်ရင်အသည်းဘယ်လောက်ပျက်စီးနေပြီလဲဆိုတာခန့်မှန်းနိုင်ပါတယ်။ 
Acetaminophen Poisoning (ပါရာစီတမောအဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ 
(ကျောက်မီးသွေး ဒါမှမဟုတ် acetylcysteine လို့ခေါ်တဲ့ဓာတ်ပစ္စည်းများ၊အသည်းပျက်စီးမှုအတွက်ကုသမှုများ သို့မဟုတ်အသည်းအစားထိုးကုသခြင်း) 
တကယ်လို့ ပါရာစီတမောသောက်ထားတာ နာရီအနည်းငယ်ပဲရှိဦးမယ်ဆို activated charcoal လို့ခေါ်တဲ့ ကျောက်မီးသွေး ဓာတ်တစ်မျိုးကို ပေးနိုင်ပါတယ်။ 
သွေးထဲမှာ ပါရာစီတမောမှာပါတဲ့ acetaminophen ဓာတ်မြင့်နေရင်တော့ acetylcysteine လို့ခေါ်တဲ့အရာကို ပါးစပ်က တိုက်တာ ဒါမှမဟုတ် သွေးကြောထဲကထိုးပေးတာကအဆိပ်ဓာတ်ကို လျော့ကျစေမှာပါ။ acetylcysteine ကို တစ်ရက်ကနေ ရက်များစွာအထိ ခဏခဏ ပေးလို့ရပါတယ်။ ဒီအဆိပ်ဖြေဆေးကတော့အသည်းကို ထိခိုက်ဒဏ်ရာ ရတာကနေ ကာကွယ်ပေးနိုင်ပေမဲ့လည်း ရပြီးသားဝေဒနာကိုတော့ ကောင်းအောင် မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် ဒီ acetylcysteine ကိုအသည်းဒဏ်ရာမရခင်မှာ ပေးကို ပေးရပါမယ်။အသည်းပျက်စီးခြင်းနဲ့အသည်းအစားထိုးရတဲ့ ကုသမှုတွေလည်း လိုအပ်ရင် ကုသရပါမယ်။ 
တကယ်လို့ ပမာဏနည်းနည်းစီခဏခဏသောက်မိတာကြောင့်အဆိပ်သင့်တာဆိုရင်တော့အသည်းပျက်စီးမှုပမာဏကို ခန့်မှန်းဖို့ခက်ခဲပါတယ်။ တကယ်လို့အသည်းပျက်စီးနိုင်ချေ ရှိတယ်ဆိုရင် ဒါမှမဟုတ်အသည်းကပျက်စီးနေတယ်ဆိုရင် acetylcysteine ကိုပေးရပါမယ်။ 
                                                                                
ပါရာစီတမောအဆိပ်သင့်ခြင်းကသက်သာစေဖို့ ကူညီနိုင်မယ့်လူနေမှုဘဝပုံစံပြောင်းခြင်းနှင့်အိမ်တွင်းကုထုံးတွေကဘာတွေလဲ
                                                                                 ပါရာစီတမောအဆိပ်သင့်ခြင်းမှာ သက်သာစေဖို့ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့်အိမ်တွင်းကုထုံးတွေကတော့ ပါရာစီတမောပါတဲ့ဆေးဗူးတွေကို သေချာလုံခြုံစွာပိတ်ထားပါ။ ကလေးတွေအလွယ်တကူဖွင့်လို့မရတဲ့ ဆေးဗူးမျိုးသုံးပါ။ ဆေးတွေကို ကလေးတွေနဲ့ခပ်ဝေးဝေးမှာ သေချာသိမ်းဆည်းပြီးထားပါ။ 
ပါရာစီတမောရဲ့ မှန်ကန်တဲ့ပမာဏကို ပြီး ဘယ်လောက်ပမာဏသောက်ရမယ်ဆိုတာကို သိနေရပါမယ်။ သတ်မှတ်ထားတဲ့ဆေးပမာဏအတိုင်းသောက်မယ်ဆိုရင် ပါရာစီတမောအဆိပ်သင့်စရာအကြောင်းမရှိပါဘူး။ မတော်တဆ ပမာဏအများကြီး သောက်မိတာမျိုးမရှိအောင်လို့ တိုင်လီနောကုမ္ပဏီက တစ်ရက်ကိုအမြင့်ဆုံးပမာဏ (၈) လုံး သောက်လို့ရတယ်လို့အစကသတ်မှတ်ပေးရာကနေ (၆) လုံးကိုလျှော့ချလိုက်ပါတယ်။ နောက်ပြီးအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကလည်း ဆေးကုမ္ပဏီတွေကို ပါရာစီတမောတစ်လုံးမှာ (၃၂၅) မီလီဂရမ်ပဲထည့်ဖို့ ကန့်သတ်ပေးထားပါတယ်။ 
သောက်ရမယ့်ဆေးတွေထဲမှာ ပါရာစီတမောနှစ်မျိုးပါနေရင် ရောပြီးတစ်ခါတည်းမသောက်ပါနဲ့။ ဆရာဝန်ကသောက်ခိုင်းတယ်ဆိုရင်တော့ ရပါတယ်။ ဥပမာအားဖြင့် ပါရာစီတမော၊ ကိုဒင်းပါတာ၊အအေးမိရင်သောက်တဲ့ ပါရာစီတမောပါတာတွေကို တစ်ခါတည်းတွဲပြီးမသောက်သုံးသင့်ပါဘူး။ ဘာပါဝင်ပစ္စည်းတွေပါလဲဆိုတာ သေချာဖတ်ပါ။ ပါဝင်ပစ္စည်းကို သေချာစွာ ညွှန်ပြထားတတ်ပါတယ်။ 
                                                                                    
![]()
                                                                                သင် ဒါမှမဟုတ် သင့်မိသားစုဝင်တွေထဲက စိတ်ဓာတ်ကျနေတာရှိပါက သို့မဟုတ် သတ်သေချင်စိတ်ရှိနေတယ်လို့ထင်ရင်အိမ်မှာရှိတဲ့ဆေးတွေအကုန်လုံးနဲ့အန္တရာယ်ရှိစေတဲ့ပစ္စည်းတွေအားလုံးကို ဖယ်ရှားထားပါ 
တကယ်လို့ သင် ဒါမှမဟုတ် သင့်မိသားစုဝင်တွေထဲက စိတ်ဓာတ်ကျနေတာရှိပါက သို့မဟုတ် သတ်သေချင်စိတ်ရှိနေတယ်လို့ထင်ရင်အိမ်မှာရှိတဲ့ဆေးတွေအကုန်လုံးနဲ့အန္တရာယ်ရှိစေတဲ့ပစ္စည်းတွေအားလုံးကို ဖယ်ရှားထားပါ။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအမြန်ဆုံးခံယူခိုင်းပါ။ 
အနာသက်သာဆေးတွေကို ဘယ်လိုသောက်ရမယ်၊ ဘယ်ချိန်သောက်ရမယ် ဆိုတာကို မသိဘူးဆိုရင် ဆရာဝန်ကို မေးပါ။ ဘယ်လိုသောက်ရမယ်ဆိုတာကိုချရေးထားပြီးအဲဒီအတိုင်းပဲ သောက်ပါ။ ဆေးအသစ်တွေပေးတဲ့အခါမှာလည်း ဆရာဝန်က ဘာဆေးတွေသောက်နေတယ်၊ ဘယ်လိုအားဆေးတွေသောက်နေတယ်ဆိုတာကို သိနေပါစေ။အလွယ်ကူဆုံးနည်း ကတော့ ဆေးတွေကို ဘယ်လိုသောက်ရတယ်ဆိုတာကို စာနဲ့ချရေးထားပြီး ဆရာဝန်ကို သင်သောက်နေတာ မှန်သလားမေးပါ။အရက်သောက်ထားတဲ့အချိန်မှာ ပါရာစီတမောကို လုံးဝမသောက်မိပါစေနဲ့။ 
                                                                                
Ref: Hello ဆရာဝန်
 ရေးသားသူ Dr. Sandy Kyaw
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar