![]()
ကိုယ့်မျက်စိရှေ့က မြင်နေရသမျှအရာအားလုံး ချာချာလည်နေသလိုမျိုး ခေါင်းမူးဖူးလား။ Vertigo လို့ခေါ်တဲ့ ချာချာလည်မူးခြင်းဝေဒနာက နားအတွင်းပိုင်း၊ ဦးနှောက် ဒါမှမဟုတ်အာရုံကြောစနစ်မှာ ပြဿနာတစ်ခုခုရှိတဲ့အခါ ဖြစ်လာတတ်တဲ့ဝေဒနာပါ။ အသက်အရွယ်မရွေးမှာ ဒီခေါင်းမူးဝေဒနာခံစားရနိုင်ပေမယ့်အသက် ၆၅ နှစ်နဲ့အထက်အရွယ်တွေမှာအဖြစ်များပါတယ်။ သူက ခဏတာလည်း ဖြစ်နိုင်တယ်၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ကာလတာရှည် vertigo ဖြစ်နေရင်တော့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ ဒီခေါင်းမူးဝေဒနာက နေ့စဉ်ဘဝမှာ လုပ်ဆောင်နိုင်စွမ်းတွေထိခိုက်စေနိုင်ပြီး စိတ်ကျခြင်းနဲ့ ပူပန်ခြင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
သူ့ရဲ့ လက္ခဏာတွေက
Vertigo ခံစားရတဲ့သူဟာ ခေါင်းထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံး ရွေ့လျားနေသလို၊ လည်နေသလို ခံစားရတာဖြစ်ပါတယ်။ ဒါက တခြားရောဂါတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပေမယ့် သူနဲ့ဆက်စပ်နေတဲ့လက္ခဏာတွေက ဒီလိုတွေပါတဲ့။
ခန္ဓာကိုယ်ဟန်ချက်ပျက်ခြင်း၊ ခေါင်းထဲမှာပေါ့နေခြင်း
ကားမူးသလို ခံစားနေရခြင်း
မအီမသာဖြစ်ပြီး ပျို့အန်ခြင်း
နားအူခြင်း
နားထဲ ပြည့်ပိတ်နေသလို ခံစားရခြင်း
ခေါင်းကိုက်ခြင်း အသိသာဆုံးကတော့ Vertigo ဆိုတာ ရိုးရိုးမူးတာမဟုတ်ဘဲ ချာချာလည်တဲ့အမူးဝေဒနာပါ။
အကြောင်းရင်းများ
Vertigo ဖြစ်စေတဲ့အကြောင်းရင်းနဲ့ရောဂါတွေကအမျိုးမျိုးရှိပါတယ်။ နားအတွင်းပိုင်းပြဿနာကြောင့်ဖြစ်လာတတ်ပေမယ့် ဦးနှောက်အစိတ်အပိုင်းတွေရဲ့ပြဿနာကြောင့်လည်းဖြစ်စေတတ်ပါတယ်။ သူ့ကိုဖြစ်စေနိုင်တဲ့တခြားရောဂါအခြေအနေတွေကတော့ - Labyrinthitis -နားအတွင်းပိုင်း labyrinth ရောင်ရမ်းခြင်း။ labyrinthအတွင်းကအာရုံကြောဟာ ခန္ဓာကိုယ်ရဲ့ဦးခေါင်းလှုပ်ရှားမှုနဲ့အနေအထားတွေကို ထိန်းပေးတာဖြစ်ပါတယ်။ ။ ဒီအခြေအနေကို ဗိုင်းရပ်စ်ကြောင့်ဖြစ်စေတတ်ပါတယ်။ Vestibular neuronitis - ဗိုင်းရပ်စ်ပိုးကြောင့် နားအတွင်းပိုင်းအာရုံကြောရောင်ရမ်းခြင်း။ Cholesteatoma- မကြာခဏရောဂါပိုးဝင်ခြင်းကြောင့် နားအလယ်ပိုင်းမှာအကျိတ်၊အိတ် ဖြစ်ပေါ်ခြင်း။ ဒီလိုဖြစ်ရာက ကြီးလာခဲ့ရင် နားကျန်းမာရေးကိုထိခိုက်စေပြီး နားမကြားရခြင်း၊ခေါင်းမူးခြင်းကိုဖြစ်စေပါတယ်။ Ménière's disease -နားအတွင်းပိုင်းအရည်စုခြင်းက ချာချာလည်မူးခြင်းအပြင် နားထဲအသံတွေကြားရခြင်းနဲ့နားမကြားရခြင်းတို့ပါဖြစ်စေနိုင်တယ်။အသက် ၄၀ နဲ့ ၆၀အတွင်းမှာ ပိုအဖြစ်များပါတယ်။ BPPV - အနေအထား ရုတ်တရက် ပြောင်းလဲခြင်းကြောင့် မူးခြင်း။ လှုပ်ရှားမှုအတွင်း နားအတွင်းပိုင်းက ကယ်လ်စီယမ်ကာဗိုနိတ်ပုံဆောင်ခဲတွေက semicircular canals ပြွန်လေးတွေထဲကအာရုံခံအမွေးနုဆဲလ်တွေနဲ့ထိတွေ့ပါတယ်။ ကိုယ်အနေအထားကို ဦးနှောက်ဆီသတင်းပေးပို့နိုင်ဖို့ သူတို့က နားအတွင်းပိုင်းအာရုံကြောကို နှိုးဆွပေးပါတယ်။ BPPV ရှိတဲ့သူတွေမှာတော့ semicircular canals ပြွန်တွေထဲအခဲအစအနလေးတွေ ရှိနေလို့ ဦးခေါင်းလှုပ်ရှားမှုရပ်လိုက်တဲ့အခါ endolymphအရည်တွေဆက်လက်ရွေ့လျားစေတာဖြစ်ပါတယ်။ Vertigo ဖြစ်ရခြင်းက ဒါတွေနဲ့လည်း ဆက်နွှ်ယ်နိုင်ပါတယ် -
ခေါင်းတစ်ခြမ်းကိုက်ခြင်း
ဦးခေါင်းထိခိုက်ခြင်း သို့မဟုတ် ဒဏ်ဖြစ်ခြင်း
သောက်သုံးရတဲ့ဆေးဝါးများ
နားခွဲစိတ်ခြင်း
အိပ်ရာထဲလှဲနေတာကြာခြင်း
နားရောဂါများ
ဆစ်ဖလစ်ရောဂါ
လေဖြတ်ခြင်း
လေဖြန်းခြင်း
ဦးနှောက်အကျိတ်နဲ့ဆိုင်တဲ့ရောဂါ တု့ိပါဝင်ပါတယ်။
ချာချာလည်မူးတာ ဘယ်နှမျိုးရှိလဲ
အကြောင်းရင်းကိုမူတည်ပြီးအမျိုးအစားကွဲကြပေမယ့်အဓိကနှစ်မျိုးကတော့ -Peripheral vertigo နဲ့ Central vertigo တို့ဖြစ်ပါတယ်။ Peripheral vertigoဆိုတာက ဟန်ချက်ထိန်းခြင်းနဲ့ပတ်သက်တဲ့ နားအတွင်းပိုင်းကအစိတ်အပိုင်းငယ်လေးတွေရဲ့လုပ်ဆောင်ချက်စနစ်မှာ ဗိုင်းရပ်စ်ကြောင့်ပြဿနာဖြစ်တဲ့အခါ ခံစားရတတ်ပါတယ်။ Central vertigoဆိုတာ ဗဟိုအာရုံကြောစနစ်နဲ့ဆိုင်တဲ့ပြဿနာဖြစ်ပါတယ်။ သူကတော့အမြင်အာရုံနဲ့ ဟန်ချက်ထိန်းညှိခြင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေမှာ ပြဿနာဖြစ်စေတာဖြစ်ပါတယ်။
ချာချာလည်မူးခြင်းကို သက်သာစေမယ့် နည်းလမ်း
ချာချာလည်မူးတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်လို့ နေထိုင်ပုံအပြောင်းအလဲတော့ရှိရပါမယ်။ ဒီအချက်တွေက vertigo လက္ခဏာတွေရဲ့သက်ရောက်မှုကို လျော့ပါးသက်သာစေနိုင်ပါလိမ့်မယ်။
မူးလာတာနဲ့ ထိုင်ချလိုက်ပါ။
လှုပ်လိုက်တာနဲ့ ဒီလက္ခဏာတွေခံစားလာရတယ်ဆိုရင် ဖြည်းဖြည်းပဲလှုပ်ရှားပါ။
ညဘက်အိပ်ရာထဲကနေ ထရင်အလင်းရောင်ကောင်းကောင်းရအောင်ဖွင့်ထားပါ။
အနားယူရုံနဲ့မသက်သာရင် ဆရာဝန်ပြပြီးကုသမှုခံယူပါ။ ကြိတ်မခံပါနဲ့။
ခေါင်းမူးတာကြောင့် လမ်းလျှောက်ရအဆင်မပြေ၊ ဟန်ချက်မထိန်းနိုင်တော့ဘူးဆိုရင် ပိုသတိထားပါ။ ငြိမ်နေပါ။ ထသွားတဲ့အခါ ချော်မလဲအောင်၊ပြုတ်မကျအောင် တုတ်ကောက်ဖြစ်ဖြစ် သုံးပါ။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။