သုတ်ရည်နောက်ပြန်ထွက်ခြင်း
ondoctor.com.mm
|
2019-08-01



သုတ်ရည်နောက်ပြန်ထွက်ခြင်း

ပုံမှန်ဆိုရင် လိင်ဆက်ဆံတဲ့အခါ၊ တကိုယ်ရည်အာသာဖြေတဲ့အခါတွေမှာ စိတ်ဆန္ဒအထွတ်အထိပ်ရောက်တဲ့အချိန်ကျ သုက်ရည်ဟာ လိင်တံကနေထွက်ကျလာပါတယ်။

သုတ်ရည်နောက်ပြန်ထွက်တယ်ဆိုတာက လိင်ဆက်ဆံတဲ့အခါ၊ တကိုယ်ရည်အာသာဖြေတဲ့အခါတွေမှာ စိတ်ဆန္ဒအထွတ်အထိပ်ရောက်တဲ့အချိန်ကျ သုတ်ရည်ဟာ ပုံမှန်လို လိင်တံကနေ ထွက်ကျရမယ့်အစား မထွက်ဘဲနဲ့ သို့မဟုတ် မဆိုစလောက်ပမာဏသာထွက်ပြီး ဆီးအိမ်ထဲဝင်သွားခြင်း ဖြစ်ပါတယ်။

ဆေးပညာအရ Retrograde ejaculation သို့မဟုတ် dry organsm လို့ခေါ်ပါတယ်။

သို့ပေမယ့် သုတ်ရည်မဖြစ်စလောက်ထွက်တိုင်း သို့မဟုတ် လုံးဝမထွက်တိုင်း သုတ်နောက်ပြန်ထွက်ခြင်းဖြစ်မယ်လို့ သေချာယတိပြတ်ပြောမရပါ။ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

သုတ်ရည်နောက်ပြန်ထွက်ခြင်းဟာအသက်အန္တရာယ်လည်း မစိုးရိမ်ရသလို ချက်ချင်းကုသဖို့လည်း မလိုအပ်ပါဘူး။

တသက်လုံး လူပျိုကြီးလုပ်မယ်ဆိုရင် မကုသဘဲထားလည်း ရပါတယ်။

သုတ်ရည်နောက်ပြန်ထွက်ခြင်းဟာ လိင်တံတောင်မတ်ခြင်းနဲ့ လိင်ဆက်ဆံတဲ့အခါ၊အာသာဖြေတဲ့အခါတွေမှာစိတ်ကျေနပ်မှုရခြင်းအပေါ်မှာ ထိခိုက်စေမှုမရှိပါ။

သို့သော် တချို့သူတွေမှာ သုတ်မထွက်တာကို စိတ်ပူပန်မှုအာရုံစိုက်မှု ပြုနေရတဲ့အတွက် စိတ်ကျေနပ်မှုမရတာမျိုးဖြစ်နိုင်ပါတယ်။

သုတ်ရည် နောက်ပြန်ထွက်ခြင်း ဖြစ်ပါက

အာသာဖြေတဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါ စိတ်ခံစားမှုအထွတ်အထိပ်ရောက်လို့ သုတ်လွှတ်တဲ့အချိန်မှာ လိင်တံထိပ်ကနေ သုတ်ရည်လုံးဝမထွက်ခြင်း သို့မဟုတ် မဖြစ်စလောက်သာထွက်ခြင်း

ဆီးအိမ်ထဲသုတ်ရည်တွေရောက်သွားတဲ့အတွက် ဆီးသွားတဲ့အခါမှာ ဆီးအရောင်က ကြည်လင်မှုမရှိဘဲ နောက်တောက်တောက်ဖြစ်ခြင်း

တားဆေးမသုံးအိမ်ထောင်သက်ကြာသော်လည်း ကိုယ်ဝန်မရခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

သုတ်ရည်နောက်ပြန်ထွက်ခြင်းဟာ ဆီးအိမ်အဝကြွက်သားအားနည်းပြီးမလုံ တဲ့အခါမှာ ဖြစ်ပါတယ်။

စိတ်ဆန္ဒအထွတ်အထိပ်ရောက်တဲ့အခါ သုတ်လွှတ်ဖို့အတွက် ဝှေးစေ့ထဲက သုက်ကောင်တွေဟာ သုတ်ပို့ပြွန်မှတဆင့် ဆီးကျိတ် (Prostate gland) ရှိတဲ့နေရာကို ရောက်လာပါတယ်။

ဆီးကျိတ်နေရာမှာ သုတ်ကောင်တွေနဲ့တခြားအရည်တွေရောပြီး သုတ်ရည်ဖြစ်ပါတယ်။

ထို့နောက် သုတ်ရည်တွေဟာ ဆီးထွက်ပြွန်မှတဆင့် လိင်တံဆီရောက်ပြီး လိင်တံထိပ်ကနေ ထွက်ကျလာပါတယ်။

ဆီးကျိတ်ကအမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာ ကပ်ပီးရှိပါတယ်။ ဆီးကျိတ်ထဲကနေ ဆီးအိမ်ကနေထွက်လာတဲ့ပြွန်က ဖြတ်သွားပါတယ်။

ဆီးအိမ်ကနေထွက်လာတဲ့ပြွန်နဲ့ သုတ်ပို့ပြွန်ပေါင်းပြီး ဆီးထွက်ပြွန်အဖြစ်နဲ့ လိင်တံထဲကိုရောက်ပါတယ်။

ပြောချင်တာက ကျွန်တော်တို့အမျိုးသားတွေမှာ သုတ်ရည်ဖြစ်ဖြစ် ဆီးဖြစ်ဖြစ် ဆီးလမ်းကြောင်း (ဆီးထွက်ပြွန်) ကနေပဲ ထွက်ပါတယ်။

ဒါကြောင့် သုက်ထွက်တဲ့အချိန်မှာ ဆီးအိမ်အဝမှာရှိတဲ့ ကြွက်သားဟာ ကျုံ့ညှစ်ထားရပါတယ်။

အဲ့လိုကျုံ့ညှစ်ထားမှသာ သုတ်ပို့ပြွန်က သုတ်ရည်တွေဟာ ဆီးအိမ်ထဲမရောက်မှာပါ။

ဆီးအိမ်အဝကြွက်သားအားနည်းခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့

ဆီးအိမ်ခွဲစိတ်ကုသမှုခံယူထားခြင်း၊ ဆီးကျိတ်ခွဲစိတ်မှုခံယူထားခြင်း၊ တင်ပဆုံကွင်းတဝိုက်ခွဲစိတ်မှုခံယူထားခြင်း၊ စိတ်ကျရောဂါဆေးတွေ၊ ဆီးကျိတ်ကြီးခြင်းအတွက်ဆေးတွေ စတဲ့ဆေးဝါးများသောက်သုံးခြင်း၊ ဆီးချိုရောဂါ၊ ပါကင်ဆန်ရောဂါစတဲ့အာရုံကြောကို ထိခိုက်အားနည်းစေတဲ့ရောဂါအခံတခုခုရှိခြင်း၊ ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း စသဖြင့် ပါ။

ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသရပါတယ။်

ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာဆိုရင် ဆေးပြောင်းပေးတာမျိုး ရှိနိုင်ပါတယ်။

အာရုံကြောတွေအားနည်းတာအတွက်ဆိုရင် သောက်ဆေးတွေ သောက်ရနိုင်ပါတယ်။

သို့ပေမယ့် တချို့အကြောင်းရင်းတွေကြောင့်ဖြစ်တဲ့ သုက်နောက်ပြန်ထွက်ခြင်းဟာ ကုသလို့မပျောက်ကင်းနိုင်ပါဘူး။

ဒါပေမယ့်လည်းအရမ်းကြီးစိတ်မပူပါနဲ့။

ဖန်ပြွန်သန္ဓေနည်း (In vitro fertilization)၊ သုတ်ကောင်အား မမျိုးဥထဲရောက်အောင် ထည့်သွင်းနည်း (Intracytoplasmic Sperm Injection)၊ သားအိမ်ထဲသုက်ကောင်တိုက်ရိုက်ထည့်နည်း (intrauterine insemination) စတဲ့နည်းတွေနဲ့ ကိုယ်ဝန်ယူလို့ရပါတယ်။

Dr 528




Some text some message..