ကျွန်တော်၏ ဆိုင်ကယ်အိပ်မက်နှင့် ချစ်သောမေမေ
ဒေါသစိတ်တို့ကြောင့် ကျွန်တော်အသားများ တဆတ်ဆတ်တုန်နေ၏။ ကျဆင်းလုလုဖြစ်နေသည့် မျက်ဝန်းအိမ်မှမျက်ရည်များကိုအားယူကာထိန်းရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်နေမိလေသည်။ ဒေါသဖြစ်သူတို့၏ထုံးစံအတိုင်းစိတ်တို့သည် ရှေ့နောက်ဘာမျှ မမြင်တော့။အမြင်အာရုံတို့သည်လည်း ကျဆင်းလုလုမျက်ရည်ကြောင့်လား၊ ဒေါသကြောင့်လားမသိ မှုံဝါးနောက်ကျိလို့နေလေသည်။ ရင်ထဲတွင်ပူလောင်ခြင်းတို့အတိပြီးကာ ဆောက်တည်ရာမဲ့နေ၏။အသိတရားကင်းမဲ့နေသော စိတ်အစဉ်၏ ဦးတည်ချက်အတိုင်း ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးကို ကြမ်းပြင်သို့ ဘုန်းခနဲမြည်အောင် ထိုးလိုက်လေရာ မျက်ဝန်းအိမ်မှ မျက်ရည်တို့သည်လည်း ကြမ်းပြင်ပေါ်သို့ တောက်ခနဲလျင်မြန်စွာ ခုန်ဆင်းသွားလေတော့သည်။ ဆွေးမြေ့မြေ့ပျဉ်များခင်းထားသည်အိမ်၏ကြမ်းပြင်ကြောင့် လက်သီးချက်သံက ဘုန်းခနဲဖြင့်အတော်လေးကျယ်သွား၏။ ရုတ်တရက်ထိုးလိုက်သော လက်သီးချက်သံကြောင့်အနီးတွင်အကျီလက်ချုပ်လိုက်နေသောအမေတစ်ယောက် တကိုယ်လုံးတုန်ခနဲဖြစ် ကာလန့်သွားသည်ကို ကျွန်တော်တွေ့လိုက်ပါသည်။ ရုတ်တရက်တုန်လှုပ်သွားမူကြောင့်အမေလက်ကိုအပ်ထိုးမိသွားသည်လားမသိ။ လက်မ မှသွေးစတို့ထွက်လာပြီး ကမန်းကတမ်းလက်မလေးကို ပါးစပ်နှင့် စုပ်နေသည်ကို ကျွန်တော်တွေ့လိုက်ပါသည်။ ဒါကိုကျွန်တော် ဂရုမစိုက်အားပဲ ဆောက်တည်ရာမရစိတ်တို့ဖြင့်အမေ့ကိုကြည့်ကာ တောက် တစ်ချက်ကိုခပ်ပြင်းပြင်း ခေါက်လိုက်မိလေသည်။ ``တောက်…………။’’ တောက်ခေါက်သံအဆုံးမှာတော့အမေက သက်ပြင်းတစ်ချက်ကို ဟင်းခနဲချကာ ကျွန်တော့်အားကြည့်လာပါသည်။ ထို့နောက်….. ``သားရယ်…..။အမေတို့စီးပွားရေးအခြေအနေကို သားလည်းသိရဲ့သားနှင့် …။အမေလည်းတတ်နိုင်သလောက် ကြိုးစားပြီး ငါ့သားလေးကို ရှာဖွေကျွေးမွေးနေတာပဲကွယ်….။အမေမတတ်နိုင်တာကိုတော့ သားမပူဆာပါနဲ့လား သားရယ်…။အများတွေပြည့်စုံတာကို သားကလိုက်ပြိုင်နေရင် သားပဲပင်ပန်းမှာပေါ့…။’’ ကျွန်တော်မကြားချင်ဆုံးစကားကအမေရဲ့ရွှေပြည်အေးတရားကိုပင်။ ထို့ကြောင့် ကျွန်တော်စိတ်ပျက်ကာ စုပ်တစ်ချက်သပ် လိုက်ပြီး ``အမေသားကို တရားမဟောနဲ့…။ သားကြားချင်တာ ဒီစကားမဟုတ်ဘူး…။ ခုသားလိုချင်တဲ့ ဆိုင်ကယ် မေမေ ဝယ်ပေးမှာလား မဝယ်ပေးဘူးလား…။မေမေ ဒါပဲပြော…။’’ ``အိုး……။ သားရယ်…။ မေမေ ဘယ်ပိုက်ဆံနဲ့သွားဝယ်ပေးရမှာလဲကွယ်…။’’ ``မသိဘူးဗျာ….။ မသိဘူး….။ ဖေဖေ ထားခဲ့တဲ့ပိုက်ဆံတွေ ရွှေတွေဘယ်ရောက်ကုန်တာလဲ….။ ဖေဖေသာရှိရင် သားကို ဝယ်ပေးမှာ …။ မေမေကသားကိုမချစ်ဘူး….။’’ ကျွန်တော်အမေ့မျက်နှာကိုမကြည့် ရင်ထဲတွင် ပြောချင်လွန်းသောစကားကို ပြောကာအားပါးတရ ငိုကျွေးလိုက်မိလေသည်။ ကျွန်တော့်စကားကြားတော့ မေမေလည်း ချုပ်လက်စအဝတ်ကိုမျက်နှာအုပ်ကာ ရှိုက်ကြီးတငင်ငိုလေတော့သည်။ ``သားရယ်….. သားကမေမေ မွေးထားတဲ့သားပဲ သားကိုမေမေချစ်တာပေါ့…။ မေမေ မတတ်နိုင်လို့မဝယ်ပေးတာကို သားစိတ်မဆိုးပါနဲ့သားရယ်..။ မေမေ့မှာပြေးကြည့်မှ ဒီသားလေးတစ်ယောက်တည်းရှိတာ။မေမေ ရှာသမျှသားအတွက်တွေ ချည်းပါပဲသားရယ်……။’’ ``သားဒါတွေမသိဘူး…။သားကိုချစ်ရင်မေမေသားလိုချင်တဲ့ဆိုင်ကယ်ဝယ်ပေးရမယ်..။ ရပ်ကွက်ထဲမှာ သားသူငယ်ချင်းတွေအားလုံးဆိုင်ကယ်ကိုယ်စီရှိကြတယ်။ သားတစ်ယောက်တည်းမရှိတာအပေါင်းသင်းတွေ ကြားမှာ သားဘယ်လောက်မျက်နှာငယ်ရလဲ….။ မေမေ သားဘက်ကိုတစ်ချက်လှည့်ကြည့်ပေးပါ မေမေ……။’’ ``မေမေ ပိုက်ဆံစုနေပါတယ်သားရယ်..။ တစ်နေ့ကျသားလိုချင်တာမေမေ ဝယ်ပေးနိုင်မှာပါ။ သားခဏပဲစောင့်ပါ သားရယ်နော်…။’’ ``မစောင့်နိုင်ဘူး…။ သားကခုလိုချင်တာ…။ ရတယ်မေမေ မဝယ်ပေးဘူးမဟုတ်လား….။ မဝယ်ပေးရင် သားအိမ်မှာ မနေတော့ဘူး။သားထွက်သွားတော့မယ် …။ သားကမေမေ့သားမဟုတ်ဘူး…။ မေမေလည်း သားအမေမဟုတ်ဘူး…။’’ ကျွန်တော်ပြောပြောဆိုဆို ထိုင်ရာမှထပြီးသွားမည်အလုပ် မေမေ ချုပ်လက်စအဝတ်တွေကိုပစ်ချပြီး ကျွန်တော့်ပုဆိုးစကို လှမ်းဆွဲထားပါတယ်။ ကျွန်တော်ငုံ့ကြည့်လိုက်တော့ မေမေ မျက်ဝန်းစမှာ မျက်ရည်တွေအပြည့်နဲ့ပါ။ နီကြောင်ကြောင် ကျိုးတိုး ကျဲတဲဆံပင်တွေက မေမေ့ ပါးပြင်ပေါ်မှာမညီမညာပြန့်ကျဲလျက်။ ဒါပေမယ့်လည်း ……… ကျွန်တော်မေမေ့ကိုသနားရကောင်းမှန်းမသိပါဘူး။ကျွန်တော်လိုချင်တာမဝယ်ပေးသရွေ့ မေမေက ကျွန်တော့်ရဲ့ရန်သူတော်လို့ ကျွန်တော်သတ်မှတ်ထားတာလေ။ ကျွန်တော့်ပုဆိုးအနားစကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မေမေငိုရှာပါတယ်။ ``သားရယ်…။ မေမေ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့…။ မေမေ သားကိုမခွဲနိုင်ဘူး သားထွက်မသွားပါနဲ့သားရယ်..။ မေမေတောင်းပန်ပါတယ်…။ သားထွက်မသွားပါနဲ့။’’ ``မေမေ သားကိုခုမှလာတားမနေနဲ့…။အနေဆင်းရဲအစားဆင်းရဲတဲ့ဘဝမှာ သားမနေချင်ဘူး။ လိုချင်တာမရပဲ လူတန်းစေ့မနေနိုင်တဲ့ဘဝကိုသားမုန်းတယ်….။ ဆွေးပြီးပြိုကျတော့မလိုဖြစ်နေတဲ့ ဟောဒီကမေမေ့အိမ်အိုကြီးကိုလည်း သားမုန်းတယ်။ သားထွက်သွားတော့မယ်မေမေ သားကိုမတားနဲ့ လွှတ်…..။’’ ကျွန်တော်မေမေ့လက်ထဲမှ ပုဆိုးစကိုဆောင့်ဆွဲယူကာ ဒေါသမျက်ရည်များဖြင့်အိမ်မှထွက်လာခဲ့၏။ ``သား……. မေမေ သားလေး မသွားပါနဲ့သားရယ်….။ မေမေ့ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့…။သား…. သား…. သားလေး…………..။’’ ဒေါသမျက်ရည်တွေနဲ့ ခြေလှမ်းတို့ကိုခပ်ကြမ်းကြမ်းလှမ်းကာ ထွက်လာခဲ့မိတဲ့ ကျွန်တော်ကတော့ မေမေ့ ရဲ့ ငိုယိုတားဆီးသံကို ကြားနေရသော်လည်း တစ်ချက်ကလေးမျှပင် နောက်သို့လှည့်မကြည့်ခဲ့ပါ။ မပြည့်စုံတဲ့ ကိုယ့်ဘဝကိုယ်နာကျည်း သလို လိုချင်တာမဝယ်ပေးတဲ့ မေမေ့ကိုလည်းကျွန်တော်နာကျည်းမိသည်မှာအမှန်ပါ။ ကျွန်တော်အသိထဲတွင် ဒေါသစိတ်တို့လွှမ်းခြုံကာ နောက်ကျိသောအတွေးတို့က ဆင်းရဲနုံချာလှသည့်မေမေ့အိမ်ကြီး နှင့်အဝေးဆုံးသို့ထွက်သွားရန်အတွက်သာ ကြီးစိုးလို့နေပါတော့သည်။
………. တကယ်တော့ ကျွန်တော်ကငယ်တော့တဲ့အရွယ်တော့မဟုတ်ပါဘူး။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ တက္ကသိုလ် ဖွင့်ချိန်ကို စောင့်နေတဲ့ တက္ကသိုလ်ကျောင်းသားလောင်းတစ်ဦးပါ။ ကျွန်တော် ၇ တန်းကျောင်းသားအရွယ်မှာ ကျွန်တော့်ရဲ့အလင်းရောင်ရှင်အဖေဆုံးပါးသွားပြီးကျွန်တော့်ရဲ့အနာဂါတ် လေးလည်းတဖြည်းဖြည်းမှိန်သွားခဲ့ရပါတယ်။ သုံးယောက်သာရှိတဲ့ကျွန်တော်တို့မိသားစုလေးမှာအဖေရုတ်တရက်ဆုံးပါးသွားတော့ ကျွန်တော်တို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ်မှာ ယောင်ချာချာနဲ့ ကျန်ရစ်ခဲ့ရလေရဲ့။အဖေကိုသာအားကိုးပြီးနေထိုင်ခဲ့သောအိမ်ရှင်မမေမေ လည်းအဖေဆုံးပါးသွားတော့ မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခလှလှကြီး ရောက်ခဲ့ရပါတော့တာပါပဲ။အဖေရှိစဉ်ကာလတစ်လျှောက်လုံး ကျွန်တော့်ဘဝသာယာခဲ့တာအမှန်ပါ။ လိုချင်တာမှန်သမျှရခဲ့သလိုအဖေ့ကြောင့် လူပုံအလည်မှာ မျက်နှာပွင့်ခဲ့ရပါတယ်။အဲဒီတုန်းက ကျွန်တော်ပူဆာတာမှန်သမျှအလိုလိုက်အကြိုက်ဆောင်ပြီးဝယ်ပေးခဲ့တဲ့အဖေဟာ ကျွန်တော့်တွက်တော့အကောင်းဆုံး လူသားတစ်ဦးပါပဲ။အမေကတော့ မိန်းမဖြစ်သူပီပီ ငွေကိုချွေတာရမယ်ဆိုပြီး ကျွန်တော့်လိုချင်တာတစ်ခုဝယ်ပေး တိုင်းအဖေ့ကိုတရားဟောနေကြပါ။ ``ရှင့်သားကို များများအလိုလိုက် ကြီးလာရင်ထိန်းမရဖြစ်မယ်….။’’ ဆိုတဲ့မေမေရဲ့စကားသံကို ကျွန်တော်အခုထိကြားယောင်နေဆဲပါပဲ။ မေမေနှင့်ကျွန်တော်က သိပ်ပြီးတည့် ကြသူတွေတော့မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်းအမေထက်အဖေ့ကို ပိုချစ်သူပါ။ ဒီလိုနဲ့အဖေရုတ်တရက် ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားတော့ ကျွန်တော်ရဲ့ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလို ကျွန်တော်ခံစားလိုက်ရပါတယ်။အဖေဆုံးတုန်းက ကျွန်တော် ငိုခဲ့မိတာ သေလုနီးနီးပါပဲ။အဲဒီတုန်းကအဖေတွက်ကျခဲ့တဲ့ မျက်ရည်တွေဟာအဖေ့ကိုချစ်လို့ကျခဲ့တာလား ၊ ကျွန်တော်လိုချင်တာမှန်သမျှ ဝယ်ပေးမယ့်သူမရှိတော့လို့ နှမြောပြီးကျခဲ့တာလားဆိုတာကိုလည်း ဝေခွဲမရနိုင်ခဲ့ပါဘူး။အဖေဆုံးတုန်းက ကျန်ရစ်ခဲ့တဲ့ ရွှေတို ၊ ရွှေစ နဲ့ ငွေတွေကလည်း မလုပ်တတ်မကိုင်တတ်အမေကြောင့်အဖေဆုံးပြီး ခြောက်လပင်တင်းတင်းမပြည့်သေးခင်အားလုံးကုန်သွားခဲ့တာပါ။အဖေထားခဲ့တဲ့အိမ်အိုလေးမှာ သားအမိနှစ်ယောက်နေရင်း ရှေ့ခရီးဖြတ်သန်းဖို့အရေး ကျွန်တော်ကိုယ်တိုင်ရင်လေး နေခဲ့ရတာပေါ့။အမေကတော့အဖေဆုံးပြီးနောက်ပိုင်းစီးပွားကျသွားတဲ့အတွက် ရပ်ကွက်ထဲမှာ ကျရာအလုပ်တွေလုပ်ရင်း သားအမိနှစ်ယောက်စာရုန်းကန်ခဲ့တာပဲဖြစ်ပါတယ်။အမေက မနက်အစောထပြီး ရပ်ကွက်စွန်က ဘာဘူကြီးနွားခြံကနွားနို့ယူပြီးတစ်အိမ်တက်ဆင်း နွားနို့လိုက်ရောင်းသလို နေ့ခင်းဘက်ဆိုရင်တော့ သူများအိမ်မှာအဝတ်လိုက်လျှော်ပြီး ညဘက်ဆို စက်ချုပ်ဆိုင်က လက်ချုပ်လိုက်ရမယ့်အထည်တွေကိုယူလို့ တစ်ညလုံးလက်ချုပ်လိုက်ရရှာပါတယ်။ ဒါပေမဲ့ ကျွန်တော်အမေ့ကိုအားမရပါဘူး။အမေ ဘယ်လောက်ပဲအလုပ်တွေကြိုးစားစား သားအမိနှစ်ယောက်ဝမ်းဝရုံက လွဲပြီး ဒီထက်မပိုလာပါဘူး။အဖေရှိစဉ်ကအဆင်ပြေခဲ့သလောက်အမေနဲ့ ကျမှ ကျွန်တော်စားချင်တာမစားရ လိုချင်တာမဝယ် ခဲ့ရာတာအတော်လေးကြာပါပြီ။အဲ့ဒီလိုအချိန်တွေမှာဆို ကျွန်တော်အဖေ့ကိုသတိရလိုက်တာအရမ်းပါပဲ။အိမ်တွင်အမေနှင့်ကျွန်တော်နှစ်ယောက်တည်းရှိသော်လည်း ကျွန်တော်အမေ့ကို စကားသိပ်မပြောဖြစ်ခဲ့ပါဘူး။အမေ က ကျွန်တော့်ကို မျက်ခြေမပြတ်လိုက်ဂရုစိုက်ပြီးဖြည့်ဆည်းပေးခဲ့ပေမယ့် ကျွန်တော်လိုချင်တာကိုတော့ မေမေ ဝယ်မပေးနိုင်ခဲ့ပါ ဘူး။အမေကျွန်တော်ကို ဂရုစိုက်သလောက် ကျွန်တော်တော့ မရှိတော့သည့်အဖေ့ကိုလွမ်းဆွတ်ရင်း နေ့ညတွေကိုတစ်ယောက် တည်းကုန်ဆုံးစေခဲ့ပါတယ်။ မပြည့်မစုံဖြင့် ကျောင်းမနေချင်တော့ကြောင့်ကျောင်းထွက်ရန်အမေ့ဆီအတန်တန်တောင်းဆိုခဲ့သော်လည်းအမေက ခွင့်မပြုခဲ့ပါ။မေမေရဲ့ ကျပန်းအလုပ်မှာအဆင်ပြေအောင်ကြိုစားရင်း ကျောင်းထားပေးမူကြောင့် နဂိုကတည်းက စာတော်တဲ့ ကျွန်တော် ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာနှင့်အောင်ခဲ့ပါတယ်။အဲဒီတုန်းက မေမေအပျော်လွန်ပြီး မျက်ရည်တွေနှင့်ကျွန်တော့်ကို သိမ်းကျုံးဖက်ပြီးပြောရှာတယ်…။ ``ငါ့သားလေး တော်လိုက်တာ …။ မေမေ့သားလေး……….။’’ နေလောင်တန်အပြည့်နှင့်ညိုသမ်းသမ်း မေမေ့ရဲ့ မျက်နှာမှာအပြုံးပွင့်နေနဲ့ပါ။အဲဒီတုန်းက ကျွန်တော်မေမေ့ကိုပြန်ပြောခဲ့တယ်။ ``ဖေဖေသာရှိရင် ကောင်းကောင်းနေရလို့ သား ဘာသာစုံဂုဏ်ထူးပါမှာ’’ လို့။ ကျွန်တော့်စကားကြားတော့အမေ စိတ်မကောင်းလွန်းအားကြီးပြီးငိုလိုက်တာ ညညဉ့်နက်သည်အထိပါပဲ။ တကယ်တော့ ဂုဏ်ထူးတွေဘယ်လောက်ပါပါ ကျွန်တော့်တွက်မထူးပါဘူး။ မေမေလုပ်စာနှင့်အဝေးသင်သက္ကသိုလ် တောင်အနိုင်နိုင်တက်ရမယ့်ကိုယ့်ဘဝကိုယ်ကို ကျွန်တော်သိပါတယ်။ ကြိုးစားသမျှ ထောက်ပံ့မူမရှိတဲ့ဘဝတွင်အရာအားလုံးအချည်းနှီးဆိုတာစဉ်းစားမိလေတိုင်း ကျွန်တော်ကိုယ့်ဘဝကိုယ် နာကျည်းမိသလိုအရမ်းလည်းမုန်းမိခဲ့ပါတယ်။ ကျွန်တော့်ဘဝရဲ့အနာဂါတ်အားလုံးကို မပြည့်စုံမူဖြင့်ဆီးကြိုနေသည့်အမေနှင့်အမေ့အိမ်လေးကိုထားပြီး ကျွန်တော် ထွက်လာခဲ့ခြင်းအတွက် ကျွန်တော်အတ္တကြီးသည်ဟုပင် ကျွန်တော့်ကိုကျွန်တော်မထင်ခဲ့မိတာပါ။ ဒီနေ့မှာတော့ တဟူးဟူးတိုက်နေသော လေများနှင့်အတူ ကောင်းကင်ထက်တွင်ထိန်ထိန်သာနေသည့် လမင်းကြီးကိုငေး ကြည့်ရင်း ကျွန်တော်မေမေ့အိမ်လေးကိုအရမ်းလွမ်းနေပါတယ်။ လွယ်လွယ်လေးလို့ထင်ထားတဲ့အပြင်ဘဝက ယခုလောက်ထိကြမ်းတမ်းခက်ခဲမှန်း ကျွန်တော်မသိခဲ့ပါဘူး။ ပညာမစုံသေး တဲ့ကျွန်တော်အမေ့ကိုဆန့်ကျင်ပြီးအလုပ်လုပ်ရန်မြို့ပေါ်တက်ခဲ့ပေမယ့်အလုပ်ကထင်သလောက်ရှာရန်မလွယ်တာတွေ့လာရပါတယ်။ ပညာမစုံအတွေ့ကြုံမရှိသူကို ဘယ်သူကမှအလုပ်မခန့်ချင်ကြ။အိမ်ကထွက်လာခဲ့တာ တစ်လကျော်ကျော်ရှိနေပြီဖြစ်သော်လည်းအလုပ်ကမယ်မယ်ရရမရှိ။ နယ်ကသူငယ်ချင်း နှင့် နှစ်ယောက်သားတစ်နေ့တာ ဝမ်းရေးဖြေရှင်းနိုင်ဖို့အတွက် ကြုံရာလုပ်ရင်းအလုပ်တွေလည်းစုံခဲ့လေပြီ။ ရေသန့်လိုက်ပို့ခြင်း ၊ ပန်းရန်လိုက်လုပ်ခြင်းဖြင့် ဘဝများကြမ်းလိုက်သည်မှာ လူရုပ်ပင်မထွက်ချင်တော့။ ဘုန်းကြီးကျောင်းတစ်ခုတွင် ရရာအမိုးအောက်ခိုလှုံကပ်နေရင်း ဖြစ်သလိုနေ ဖြစ်သလိုစားနေရသည်မှာလည်းနေ့ရက် တိုင်းလိုလိုပင်။ ကိုယ်တိုင်လက်တွေ့ဘဝကို ဆင်းကြည့်တော့မှ တစ်ဝမ်းတစ်ခါးအတွက် လှုပ်ရှားရုန်းကန်ရသောဘဝများ ကို လက်တွေ့ကျကျမြင်ရပြီးအမေ့ကိုအရမ်းသတိရခဲ့ပါတယ်။ယခုကဲ့သို့နေပူမရှောင် မိုးရွာမရှောင် မိန်းမသားဖြစ်သည့်အမေ လုပ် ကျွေးခဲ့သည်မှာဘယ်လောက်များပင်ပန်းလိမ့်မည်မသိ။ ယခုမှ မေမေ့တန်ဖိုးကိုကျွန်တော်ကောင်းကြီးနားလည်ခဲ့ပါပြီ။ ထမင်းတစ်လုပ်စားရဖို့အရေး နဖူးကချွေးခြေမကျအောင် လုပ်ကိုင်နေရချိန်အချိန်မှန်အရံသင့်ခူးထားသော မေမေ့ထမင်းဝိုင်းလေးကိုလွမ်းမိလေသည်။ ညည သန်ခေါင်ကျော်တစ်ချက်တီးသည်အထိအထည်လက်ချုပ်လိုက်ပြီး မနက်အစောထလို့ နွားနို့ပုံးကြီးကို မနိုင့်တနိုင် ရွက်ကာ လိုက်ရောင်းတတ်သည့် မေမေ့ရဲ့ ပိန်လှီလှီ ခန္ဓာကိုယ်လေးကိုမြင်ယောင်ရင်း မျက်ဝန်းအိမ်မှ မျက်ရည်တို့တသွင်သွင် ကျမိလေသည်။ နေလောင်ထားသောမျက်နှာနှင့်အရွယ်နှင့်မလိုက်အောင်အိုမင်းနေသည့်မေမေ့ရဲ့မျက်နှာလေးက ကျွန်တော့်အတွက်အမြဲတမ်းပြုံးနေခဲ့သည်ကို ကျွန်တော်အသိမှတ်မပြုခဲ့မိတာပါလား။ လောကဓံရဲ့ရိုက်နက်မူအောက်မှာ ကျွန်တော့်အတွက်တစ်ဦးတည်း ခါးစည်းကာခံနေရသော်လည်း မေမေတစ်ချက်ကလေးမှမညည်းညူခဲ့။အမြဲတမ်းခွင့်လွှတ်တဲ့အပြုံးနှင့်ကျွန်တော့်မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်တတ်သည့်အမေ့ရဲ့မျက်နှာလေးကိုမြင်ယောင်ရင်း ကျွန်တော် လရောင်အောက်တွင်အားပါးတရငိုကြွေးမိပါတော့သည်။ ငိုလို့ဝချိန်မှာတော့အမေ့ဆီပြန်ပြီး သားလိမ္မာတစ်ယောက်အဖြစ်နေထိုင်ဖို့ဆုံးဖြတ်လိုက်ပြီးအမေ့ကိုလွမ်းလွန်းလို့ ထိုညကိုအမြန်ကုန်ဆုံးစေချင်ခဲ့ပါသည်။ ကျွန်တော်ပြန်လာပြီအမေ၊ ခရီးပန်းလာသော်လည်းအဝေးမှအမေ့အိမ်အိုလေးကိုမြင်လိုက်ရတော့ ကျွန်တော်အမောတွေပြေခဲ့ပါပြီ။ မေမေအိမ် လေးကိုမြင်မှ ရင်ခွင်တစ်ခုလုံးနွေးထွေးသွားသလိုခံစားလိုက်ရပြီး ကျွန်တော့်နှုတ်ခမ်းတို့သည်လည်း ကျေနပ်စွာပြုံးမိခဲ့လေသည်။ ယခုမှ ကျွန်တော်ရှုရှိုက်သောလေတို့သည်လည်း လတ်ဆတ်နေပြီးအသက်ရှင်ရခြင်းသည်လည်းအဓိပ္ပာယ်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဝမ်းသာအားရဖြင့် ကျွန်တော့်အားဆီးကြိုနေမယ့် မေမေ့မျက်နှာကိုမြင်ယောင်ရင်း ကျွန်တော်အလွန်တရာပျော်ရွှင်မိ လေသည်။ လက်ထဲတွင်လည်းမေမေကြိုက်တတ်သည့် ကြက်သားပေါက်စီထုပ်ကြီးကို ကျွန်တော်ကျစ်ကျစ်ပါအောင်ဆုပ်ကာဆွဲ လို့ပါ။ ငယ်ငယ်ကတည်းက မေမေ့ကိုတစ်ခါမှမခွဲခွာခဲ့ဖူးသည့် ကျွန်တော့်ယခုလိုခွဲခွာပြီး မေမေကိုတွေ့ရတော့မည်ဟူသောအသိဖြင့် ရင်ထဲ တွင်အတိုင်းမသိပျော်ရွှင်လို့နေပါသည်။ ရင်ထဲတွင်သေဆုံးနေသော ပျော်ရွှင်ခြင်းတို့သည်လည်း ယခုမှအပီအပြင်နိုးထလာခဲ့၏။ ဝမ်းသာအားရဖြင့်အိမ်ခြံအဝမှ နေ၍အမေ့ကိုအားပါးတရအသံကုန် ကျွန်တော်အော်မိပါသည်။ ``မေမေရေ………။ မေမေ…….. သားပြန်လာပြီ။’’ ``………………………………….’’အိမ်ထဲမှ ခွန်းတုန့်ပြန်လာသံမကြားရသောကြောင့် ရင်ထဲတွင်တော့ဝမ်းနည်းသလိုဖြစ်သွား၏။မေမေအိမ်တွင်မရှိ၍လားတော့ မသိပါ။ ထို့ကြောင့်ကျွန်တော်ကမန်းအတန်းအိမ်ရှေ့သို့အပြေးသွားလိုက်၏။အိမ်တံခါးလေးကိုအသာစေ့ထားသောကြောင့်အထဲတွင် မေမေရှိနိုင်ပါသည်။ ``မေမေ…..။ မေမေရေ………။ သားပြန်လာပြီလေ မေမေ….။’’အိမ်ထဲတွင်တိတ်ဆိတ်နေသောကြောင့် ကျွန်တော်တံခါးကို ကမန်းကတမ်းတွန်းဖွင့်ကအိမ်ထဲသို့ဝင်ခဲ့၏။အထဲသို့ရောက်သည့်အခါကျွန်တော့်ရင်ထဲတွင်ဟာခနဲဖြစ်သွား၏။အိမ်ထဲတွင်ကျွန်တော်မျှော်လင့်ထားသောအမေမရှိသည့်အပြင် ပစ္စည်းများကို လည်း လူမနေတော့သည့်သကဲ့သို့အစများဖြင့်ဖုံးအုပ်ထား၏။ မေမေ များခရီးထွက်သွားသည်လားမသိ။သို့သော် မဖြစ်နိုင်ပါမေမေက ရွာထဲကလွဲပြီး ဘယ်မှသွားတတ်သူမဟုတ်။ ကျွန်တော်တစ်ဦးတည်း ရောက်တတ်ရာရာတွေးတောနေရင်းမှအိမ်ရှေ့မှအော်သံတစ်ခုကိုကြားလိုက်၏။ ``မောင်ညီရေ….။ ဟေ့ငညီ……..။’’ ``ဗျာ……။ သြော်…အန်တီသီတာပါလား…။ မေမေရောအန်တီ။’’ ကျွန်တော်ဘေးအိမ်ကအန်တီသီတာကိုတွေ့တွေ့ခြင်းအမေ့အားမေးလိုက်၏။သို့သော်အဖြေကတော်တော်နှင့်ထွက်မလာ သောကြောင့်အလွန်တရာစိုးရိမ်သွားခဲ့ပါသည်။ထို့ကြောင့်… ``အန်တီသီတာ ကျွန်တော်မေးနေတယ်လေအမေရော လို့……..။’’ ``မင်းကွယ်….။ မင်းက သားမိုက်ပဲ မင်းအမေဒီလောက်မင်းကိုချစ်တာတောင် မင်းမို့လို့အမေကိုစိတ်ဆင်းရဲအောင် လုပ်ရက်တယ်…..။’’ ``အန်တီသီတာရယ်…။ သားအမှားကို သားသိပါပြီ…။အခုသားပြန်လာပြီလေ…။ သားအမေ့ကိုတောင်းပန်မယ်…။ ပြီးတော့အမေ့ကိုသားလုပ်ကျွေးမယ်….။သားဆုံးဖြတ်ပြီးပြန်လာတာပါ…..။’’ ``မင်းလာခဲ့ပေမယ့် မင်းအမေမရှိတော့ဘူး….။ မင်းစိတ်ကြောင့်ဆုံးပြီ။’’ ``ဗျာ……………..။’’ ကြားလိုက်ရသောစကားကြောင့် ကျွန်တော့် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားသလိုခံစားလိုက်ရပါသည်။အသားတို့သည်တဆတ်ဆတ်တုန် ကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ မျက်ရည်တို့သည်လည်း ဒလဟောစီးကျလာ၏။ ``ဟုတ်လို့လားအန်တီရယ်….။ သားကိုညာနေတာမလား….။’’ ``ဆုံးသွားတာ ၁၀ ရက်ကျော်ပြီ။မင်းကလည်း ဘယ်သွားလို့သွားမှန်းမသိတော့ ဆက်သွယ်လို့ကမရဘူးလေ…။ တကယ်တော့ မင်းအမေကမင်းကိုအရမ်းချစ်ရှာတာပါ။ သူကိုစိတ်ဆိုးပြီးထွက်သွားတာဆိုပြီး တငိုငိုနဲ့ မစားနိုင်မသောက်နိုင် ဖြစ်ပြီးအိပ်ရာထဲဘုန်းဘုန်းလဲသွားတော့တာပဲ။’’ ကျွန်တော်ဆက်ပြောလာမယ့်စကားများကို မကြားရဲတော့ပါ။ ထို့ကြောင့် နားအစုံပိတ်ကာ ခေါင်းကိုသွင်သွင်ရမ်းပြီး နေရာမှာတင်ထိုင်ချလျက်အားပါတရ ငိုကျွေးလိုက်ပါတော့တယ်။ ``မင်းကိုဒီစာလေးပေးသွားတယ်….။ မင်းလာရင်ပေးပေးပါတဲ့…။’’ ကျွန်တော်တုန်ယင်နေသောလက်အစုံဖြင့် စာကိုလှမ်းယူပြီးခေါက်ရိုးကျိုးနေတဲ့မေမေ့စာလေးကိုအားယူဖတ်လိုက်မိပါတယ်။ ခဲတံနှင့်မညီမညာရေးထားတဲ့မေမေ့စာထဲမှာတော့ ``သား ………. သားအပေါ်တာဝန်မကျေခဲ့တာတွေကို မေမေ တောင်းပန်ပါတယ်သားရယ်….။ တကယ်တော့ မေမေက သားအတွက်အရာရာပြည့်စုံအောင်ဖြည့်ဆည်းပေးချင်သူပါသား…။ သားလိုချင်တာမဝယ်ပေးနိုင်ခဲ့တာကိုစဉ်းစားပြီးမေမေနေ့တိုင်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်..။ တကယ်တော့သားလိုချင်တဲ့ဆိုင်ကယ်ဝယ်ပေးဖို့မေမေ ပိုက်ဆံစုနေတာပါသားရယ်…..။ ပိုက်ဆံပြည့်မှ သားကိုဝယ်ပေးမယ်ဆိုပြီး သားဝမ်းသာအောင် သားကိုမပြောပဲတစ်ယောက်တည်း စုနေတာပါသားရယ်။အိမ်ဘုရားစင်နောက်ကျောလေးမှာ သားအတွက်မေမေစုထားတဲ့စုဘူးလေးရှိတယ်..။ သား ကိုးတန်းကတည်းက သား တက္ကသိုလ်တက်ရင်ဆိုင်ကယ်ဝယ်ပေးဖို့ မေမေစုထားတာပါ..။စုဘူးလေးကပိုက်ဆံလေးနှင့် သားကြိုက်တဲ့ဆိုင်ကယ်လှလှလေး ဝယ်စီးပါသား….။ သားကိုချစ်တဲ့ သားရဲ့မေမေ ’’ စာဖတ်ပြီး ကျွန်တော့်မျက်ရည်တို့သည်အတိုင်းအဆမရှိစီးကျလာကာ ရင်ခွင်တစ်ခုလုံးပွင့်ထွက်မတတ် ဆို့နင့်နာကျင်ခဲ့ရပြီးအားပါးတရငို ကြွေးမိပါတော့သည်။ ``မေမေ……..။ သားကိုခွင့်လွှတ်ပါမေမေရယ်………။ သားကိုခွင့်လွှတ်ပါဗျာ……….။မေမေ့ကိုသားချစ်တယ်….။ မေမေ့ကိုသားအရမ်းချစ်တယ်မေမေ……..။ သားကိုခွင့်လွှတ်ပါ……….။’’ ကျွန်တော့်ရဲ့ငိုကျွေးမူတွေအပြီးမသတ်နိုင်ခဲပါဘူး။ကိုယ့်ကိုယ်ကိုယူကျုံးမရဖြစ်ကာ မေမေ့ကိုလွမ်းဆွတ်ရင်းအားပါးတရငိုကြွေးနေမိပါတော့သည်။ ထိုနောက် မေမေထားခဲ့တဲ့ ဘုရားစင်အောက်မှ စုဘူးလေးကိုထုတ်ကာခွဲကြည့်ခဲ့မိ၏။ မေမေဘယ်အချိန်ကတည်းကစုထားသည်မသိ စုဘူးထဲတွင်အရွယ်စားစုံပိုက်ဆံများအပုံလိုက်ထွက်ကျလာ၏။ ထိုအထဲတွင်တစ်ရာတန်မှအစ ပါဝင်ပါသည်။ ရင်ထဲတွင်စိတ်မကောင်းခြင်းများစွာတို့ဖြင့်အရွယ်စားစုံပိုက်ဆံများကို တုန်ယင်နေသော လက်အစုံဖြင့်ဆုပ်ကိုင်ရင်းအားပါးတရ ငိုကြွေးကာ နာကျဉ်ခြင်း ၊ ဝမ်းနည်းခြင်း၊ လွမ်းဆွတ်ခြင်းတို့ဖြင့်အမေ့အားအားပါးတရအသံကုန်အော်ခေါ်လိုက်မိပါတော့သည်။ ``မေမေ……………………………………။’’ (ဤဝတ္ထုဖြင့် စာရေးသူ၏မိခင်နှင့်တကွအမေအားလုံးအားဂုဏ်ပြုအပ်ပါသည်။)
ညီလေးငယ်(လယ်တော်)