တစ်ခါတစ်ရံမှာ ချစ်သူတွေကြား ဖြစ်တတ်တဲ့ ပြဿနာလေးတွေက ဘာမဟုတ်တဲ့ နားလည်မှုလွဲခြင်းတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ဆိုလိုချင်တာကတစ်မျိုး၊ သူနားလည်သွားတာကတစ်မျိုး ဖြစ်သွားတဲ့အခိုက်အတန့်လေး တစ်ခုကြောင့် ပြဿနာတွေတက်ရတဲ့ Relationship တွေအတော်များပါတယ်။အထူးသဖြင့် ချစ်သူကောင်လေး ရဲ့ တချို့သောအပြုအမူအမူအရာတွေက မိန်းကလေးအများစုကို နားမလည်နိုင်သလို ဖြစ်သွားစေတာမျိုး မကြာခဏကြုံဖူးကြမယ်ထင်ပါတယ်။ ဒါ့ကြောင့် ဒီလိုပြဿနာတွေမဖြစ်ရေလေအာင် ချစ်သူကောင်လေးတွေရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေက ဘာကိုဆိုလိုလဲဆိုတာကို မိန်းကလေးတွေအနေနဲ့ သိထားသင့်ပါတယ်နော်။
ရှောင်ဖယ်နေမယ်ဆိုရင်…
ကောင်လေးတွေက စကားအများကြီးပြောဖို့ကို ရှောင်ဖယ်သလိုမျိုး လုပ်နေတယ်ဆိုရင် မိန်းကလေးအများစု မသင်္ကာကြတော့ပါဘူး။ ဘာမဟုတ်တာလုပ်ထားတာလဲ၊ ဖောက်ပြန်နေတာလား၊ မချစ် တော့တာလား စသဖြင့်အထင်အမြင်လွဲမှားတတ်ပါတယ်။ တကယ်လို့ သင့်ချစ်သူ ကောင်လေး က သင့်ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်ပေမယ့် စကားပြောဖို့ကိုအားယူနေရသလို၊ စိတ်ကျဉ်းကြပ် လို့သင့်ကို ရှောင်ဖယ်သလို ဖြစ်လာခဲ့ရင် သူ့မှာ ဘာအခက်အခဲတွေ ဖြစ်နေလဲ၊ ဘာအကူအညီ လိုအပ်နေလဲ ဆိုတာကို မေးမြန်းကြည့်ပါ။ Dating and Relationship coach ဖြစ်သူ Jonathan ရဲ့ပြောကြားချက်အရ ကောင်လေးတွေဟာ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဖွင့်ပြောဖို့ မဝံ့မရဲဖြစ်နေတဲ့အခါ ဒီလိုအပြုအမူမျိုးကို ပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။
စကားနည်းလာတဲ့အခါ…
သင့်ကိုအရင်ကလို ဖော်ဖော်ရွေရွေ ဆက်ဆံတာမျိုး မဟုတ်တော့ဘဲ လိုရင်းတိုရှင်းပြောဆိုပြီး စကားနည်းလာတဲ့အခါ ပြဿနာပြန်မရှာဘဲနဲ့ သူ့ရဲ့စိတ်ကို သေချာဖတ်ကြည့်လိုက်ပါ။ ကောင်လေးအများစုက သူတို့ ချစ်သူကောင်မလေးအပေါ်မှာ သဝန်တိုစိတ်ဖြစ်ပေါ်လာတဲ့အခါ၊ ဒါမှမဟုတ် စိတ်အလိုမကျဖြစ်လာတဲ့အခါမျိုးမှာ စကားနည်းသွားတတ်ကြပါတယ်။ ချစ်သူမိန်းကလေးအပေါ် စိတ်ဆိုးနေတယ်ဆိုတာကို ဖွင့်မပြောကြဘဲ ငြိမ်နေတတ်တဲ့ ကောင်လေးတွေမှာ တွေ့ရတဲ့ လက္ခဏာရပ်ပါ။ ဒါကို မိန်းကလေးတွေအနေနဲ့ နားလည်မှု မလွဲသင့်ပါဘူး။ သူ့ဘက်က ဖြစ်နေတဲ့ ခံစားချက်ကို သေချာမေးမြန်းပြီး ချော့မော့ပြောဆိုတတ်ဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ပြဿနာတွေ ဖြစ်နေတော့မှာ မဟုတ်ပါဘူး။
တိတ်ဆိတ်သွားပြီး သီးသန့်ဆန်လာတဲ့အခါ…
နှစ်ကြာရှည်စွာ တွဲလာတဲ့ ကောင်လေးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာရပ်ပါပဲ။ ကိုယ့်ရဲ့ ချစ်သူကောင်မလေးအတွက်အကောင်းဆုံးတွေပဲ ပေးဖို့ မျှော်လင့်နေပြီး ရှေ့လျှောက်အနာဂတ်အတွက် စိုးရိမ်ပူပန်လာတဲ့အခါ သာမာန်အချိန်တွေထက် တိတ်ဆိတ်သွားပြီး သီးသန့်ဆန် လာကြပါတယ်။ ဒီလက္ခဏာရပ်ဟာာ ကောင်းတဲ့ဘက်ကလည်း ရှိသလို၊ ဆိုးတဲ့ဘက်ကလည်း တွေးလို့ ရပါတယ်။ မိန်းကလေးတွေအတွက် ဒွိဟဖြစ်စေတဲ့ ချစ်သူကောင်လေး တချို့ရဲ့အမူအကျင့်လို့ ဆိုရပါမယ်။ သူတိတ်ဆိတ်ငြိမ်သက်သွားတယ်ဆိုတာဟာ သင့်အတွက် ကောင်းမယ့်အကြံဉာဏ်တွေ၊အစီအစဉ်တွေနဲ့အနာဂတ် plan တွေကို စဉ်းစားနေတာလည်း ဖြစ်သလို၊ ရှေ့ဆက်လျှောက်ရမယ့်အနာဂတ်အတွက်အဖြစ်နိုင်လောက်ဘူးဆိုပြီး စိုးရိမ်ပူပန်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့် Partner ရဲ့အခြေအနေကိုအကောင်းဆုံးအကဲခတ်နိုင်ပြီး ဖေးမကူညီတတ်ဖို့ လိုပါတယ်။
သင့်ထက် သူ့သူငယ်ချင်းတွေကိုအချိန်ပိုပေးနေတဲ့အခါ…
သင့်ကိုပဲ တချိန်လုံးအချိန်ပေးပြီးအတူရှိနေပေးလာခဲ့တဲ့ ချစ်သူဟာ တခါတရံအပြုအမူတွေ ပြောင်းလဲသွားတာကို ကြုံဖူးမယ်ထင်ပါတယ်။ သင့်အတွက်အချိန်တွေကို သိပ်မပေးတော့ဘဲ သူ့သူငယ်ချင်းတွေနဲ့ Night out ထွက်လိုက်၊ ဘောလုံးပွဲကြည့်လိုက်နဲ့ ပြောင်းလဲလာတဲ့အခါ သင့်အနေနဲ့ ဆိုးရွားတဲ့အခြေအနေတွင်းမှာ ရှိနေတယ်ဆိုတာ လည်း ဟုတ်ပါတယ်။ ဒါပေမယ့် သူ ကိုယ့်အတွက် တချိန်လုံးအနားမှာရှိပေးပြီးအချိန်ပေးခဲ့တဲ့ ကာလတွေကို ပြန်ငဲ့ကွက်တဲ့အနေနဲ့အကောင်းဖက်က တွေးပေးကြည့်လိုက်ပါ။ ယောကျ်ားလေးတွေက စိတ်မွန်းကြပ်လာတဲ့အခါ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေပြီးစိတ်ထွက်ပေါက် ရှာကြပါတယ်။ ဒီတော့… သင့်အနေနဲ့ ချစ်သူကောင်လေးကို လွတ်လပ်ခွင့်အချိန်ခဏပေးလိုက်ပါ။ ဒါပေမယ့် သင့်ဘက်က ဒီလိုအချိန်ပေးလိုက်တာကိုအခွင့်ကောင်းယူပြီး သင့်အပေါ် ကြင်နာမှု မရှိတော့ရင်တော့ လက်တွဲဖော် ကောင်းအဖြစ် မသတ်မှတ်သင့်ပါဘူး။