မှဲ့ကပြောတဲ့ သင့်ကံကြမ္မာ
လူတိုင်းလိုလိုမှာ မှဲ့ဆိုတာလေးတွေ ပါရှိတတ်ကြပါတယ်။အညိုရောင်မှဲ့၊အမည်းရောင်မှဲ့၊အနီရောင်မှဲ့၊အညိုဖျော့ရောင်ရှိတဲ့မှဲ့ ၊အစိမ်းရောင်ဆန်ဆန်မှဲ့ စသဖြင့် မှဲ့အရောင်ကလည်း မျိုးစုံရှိနေတာဖြစ်ပါတယ်။ မှဲ့တည်ရှိနေတဲ့ နေရာပေါ်မှာမူတည်ပြီး ဒီလူရဲ့အကျိုးအကြောင်းအကောင်းအဆိုးလေးတွေကလည်း ဒွန်တွဲနေတတ်တာဖြစ်လို့ တစ်ချို့တွေဆိုရင် မကောင်းတဲ့နေရာမှာရှိနေတဲ့ မှဲ့ (ဥပမာ-မျက်ရည်ခံမှဲ့လိုမျိုးကို) ဖျက်ပစ်တတ်ကြပါသေးတယ်။ ကဲဒီတော့ လိုတရ ပရိသတ်ကြီးမှာ ရှိနေတဲ့ မှဲ့တွေကရော ကောင်းကျိုးဖြစ်စေလား၊ ချမ်းသာမှာလား၊အချစ်ရေးမှာ ကံကောင်းနိုင်သလား ဒါမှမဟုတ် ဆိုးကျိုးဘက်ကိုအားသန်နေလားဆိုတာ လေ့လာကြည့်ရအောင်ပါနော်။
၁ - နဖူးပေါ်ကမှဲ့
နဖူးအလယ်မှာမှဲ့ပါနေတယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့အထက်လူကြီးတွေနဲ့ လူမှုဆက်ဆံရေးပိုင်း ပြဿနာရှိတတ်ပါတယ်။အထူးသဖြင့် သင့်ရဲ့ သူဌေး ဒါမှမဟုတ် ကြီးကြပ်သူတွေနဲ့ပေ့ါ။ သူတို့နဲ့ ဆက်ဆံရေးပြေလည်ပြီး ရှိရင်းစွဲ လေးစားခင်မင်မှု မပျက်ချင်ဘူးဆိုရင်တော့ သူတို့တွေနဲ့ နီးနီးကပ်ကပ်မနေတာကအကောင်းဆုံးပါပဲ။ ဒါပေမယ့် နဖူးအလယ်တည့်တည့်မှာမဟုတ်ဘဲ နဖူးပြင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတဲ့မှဲ့ဆိုရင်တော့ ဒီမှဲ့က သင့်အတွက်ကောင်းကျိုးဖြစ်ထွန်းစေမှာပါ။ ဒီမှဲ့ရဲ့အစွမ်းကြောင့် သင်ဟာလုပ်သမျှအဆင်ပြေချောမွေ့မှာဖြစ်ပြီး ဘယ်လိုပြဿနာမျိုးမဆို ဖြေရှင်းနိုင်တဲ့အစွမ်းတွေလည်း သင့်မှာအပြည့်ရှိမှာဖြစ်ပါတယ်။
၂ - မျက်ခုံးပေါ်ကမှဲ့
သင်ဟာ မျက်ခုံးမွှေးပေါ်မှာ မှဲ့ရှိသူဆိုရင် သင့်ရဲ့ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ကံဆိုးမှုတွေ သယ်ဆောင်လာသူပဲဖြစ်ပါတယ်။ ဒီမှဲ့ရှိနေခြင်းက ငွေကြေးကံအတွက်လည်း ကံဆိုးမှုတစ်ခု ဖြစ်စေနိုင်ပါသေးတယ်။ ဒါပေမယ့် မျက်ခုံးမွှေးအောက်ဖက် ကပ်လျက်မှာ မှဲ့ရှိတာဆိုရင်တော့ သင်ဟာ စမတ်ကျပြီး တီထွင်ဆန်းသစ်နိုင်စွမ်းအပြည့်ရှိသူပါပဲ။ သင့်ရဲ့ ဘဝမှာအောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုဆိုတာ ဒွန်တွဲရရှိနေမှာဖြစ်ပါတယ်။ မျက်ခုံးနှစ်ခုကြားမှာ မှဲ့ပါတယ်ဆိုရင်တော့ ဒါဟာ ဉာဏ်ပညာကြီးမားခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီမှဲ့က သင့်အတွက် ကံကောင်းခြင်းတွေကိုလည်း ယူဆောင်လာစေပါလိမ့်မယ်။
၃ - မျက်ခွံပေါ်ကမှဲ့
မျက်လုံးအပေါ်ဘက်ကပ်လျက် မျက်ခွံပေါ်မှာ မှဲ့ရှိတယ်ဆိုရင်တော့ သင်ဟာ ငွေကြေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မိသားစုနဲ့ မကြာခဏအငြင်းပွားမှုတွေ ဖြစ်ပွားရပါလိမ့်မယ်။အကယ်၍ မှဲ့က မျက်လုံးပေါ်မျက်ခွံမှာမဟုတ်ပဲ မျက်လုံးအောက်ဖက်ကပ်လျက် မျက်ခမ်းအစပ်မှာ ရှိနေတာဆိုရင်တော့ သင်ဟာအလုပ်နဲ့ သင့်ရဲ့ ရင်သွေးတွေအတွက်အမြဲလိုစိုးရိမ်ပူပန်မှုတွေနဲ့ ကြုံရတတ်ပါတယ်။အလုပ်ကလူတွေ ဒါမှမဟုတ်သင့်ရဲ့ မိသားစုဝင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးလည်း ရရှိမှာမဟုတ်ပါဘူး။
၄ - ပါးမို့မို့ပေါ်ကမှဲ့
ပါးမို့မို့ပေါ်မှာ မှဲ့ရှိနေတယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့အပြုအမူကို တော်တော်လေး သတိထားရမှာဖြစ်ပါတယ်။ သင်မထင်မှတ်ပဲ ပြုမူလိုက်တဲ့အပြုအမူတွေက သင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အထိဖြစ်လာနိုင်လို့ပါပဲ။ သင့်ဘဝမှာ မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းအခြေတကျ နေထိုင်ခွင့်အားနည်းမှာဖြစ်ပြီး ဘဝမှာအထီးကျန်မှုခံစားရချိန်က များနေပါလိမ့်မယ်။
၅ - နားရွက်မှာမှဲ့ပါရင်
နားရွက်ပေါ်မှာ မှဲ့ပါတယ်ဆိုရင်တော့ သင်ဟာ ပျော်ပျော်နေတတ်သူပါပဲ။ လူမှုပတ်ဝန်းကျင်မှာ ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခု ရရှိထားသူဖြစ်ပြီး ငွေကြေးချမ်းသာသူလည်း ဖြစ်တတ်ပါတယ်။အကယ်၍ နားရွက်နှစ်ဖက်စလုံးမှာ မှဲ့ပါတယ်ဆိုရင်တော့ သင်ဟာ နားရွက်တစ်ဖက်တည်းမှာ မှဲ့ပါသူထက် ပိုထင်ရှားပြီး ပိုချမ်းသာတဲ့သူတစ်ဦးဖြစ်ပါလိမ့်မယ်။
၆ - နှာခေါင်းမှာ မှ့ဲပါတယ်ဆိုရင်
သင့်ရဲ့ နှာခေါင်းရိုးပေါ်မှာ မှဲ့ပါတယ်ဆိုရင်တော့ သင့်ဘဝမှာ သူများက ထောင်ချောက်ဆင်ခံရလို့ ပြဿနာတွေအမြဲလိုကြုံရမှာဖြစ်ပါတယ်။ ဒီမှဲ့က သင့်ကို ကြိုးစားမှအောင်မြင်မယ့်သူအဖြစ်လည်း ညွှန်းဆိုနေပါတယ်။ နှာခေါင်းထိပ်တည့်တည့်မှာ မှဲ့ရှိနေတယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့အချစ်ရေးမှာ တည်ငြိမ်မှုမရှိပဲအချစ်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေအမြဲလိုကြုံရမယ့် လက္ခဏာပါပဲ။ နှာခေါင်းရိုးရဲ့ တစ်ဖက်တစ်ချက် နှာခေါင်းဘေးမှာ မှဲ့ရှိတယ်ဆိုရင်တော့ သင်ဟာ တစ်ဘဝလုံးချမ်းသာမယ့်သူပါပဲ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိတ်ဆင်းရဲရမှာမဟုတ်ပါဘူး။
၇ - မေးစေ့မှာမှဲ့ရှိတယ်ဆိုရင်
သင့်ရဲ့မေးစေ့မှာ မှဲ့ရှိနေတယ်ဆိုရင် သင်ဟာ တစ်ခါတစ်ရံမှာ ဆုံးဖြတ်ချက်ချရတဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး ခေါင်းမာတတ်သူတစ်ဦးပါပဲ။ သင့်အနေနဲ့ ခေါင်းမာတယ်ဆိုတာကို တစ်ခြားသူတွေမသိအောင် ဉာဏ်ပညာရှိရှိ လုပ်ဆောင်တတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင်သင်ဟာအလုပ်နေရာ တစ်နေရာတည်းမှာအချိန်ကြာကြာလုပ်လေ့ရှိသူလည်း မဟုတ်ပါဘူး။
၈ - နှုတ်ခမ်းပေါ်ကမှဲ့
အထက် နှုတ်ခမ်းပေါ်မှာ မှဲ့ပါတယ်ဆိုရင် သင်ဟာအစားကောင်းကို နှစ်သက်တတ်သူပါပဲ။ သင်ဟာ သဘောထားကြီးသူတစ်ဦးဖြစ်ပြီး ဘဝမှာအကောင်းတကာ့အကောင်းဆုံးဆိုတာတွေကိုပဲ ရယူလိုသူလည်း ဖြစ်ပါတယ်။အောက်နှုတ်ခမ်းမှာ မှဲ့ပါနေတဲ့သူဆိုရင်တော့ သင်ဟာ သင့်ရဲ့ ရင်သွေးလေးတွေအတွက်အောင်မြင်တဲ့သူတစ်ဦးအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။
၉ - လည်ပင်းပေါ်ကမှဲ့
သင့်ရဲ့ လည်ပင်းမှာ မှဲ့ရှိနေတယ်ဆိုရင် သင်ဟာ ကံကောင်းသူတစ်ဦးဖြစ်ပြီး ပင်ကိုယ်အရလည်း စိတ်ရှည်သည်းခံတတ်သူတစ်ဦးဖြစ်ပါတယ်။
၁၀ - ပခုံးပေါ်ကမှဲ့
သင့်ရဲ့ ပခုံးပေါ်မှာ ရှိနေတဲ့မှဲ့က သင့်ဘဝမှာအကောင်းတကာ့အကောင်းဆုံး ဆိုတဲ့ တော်ဝင်ဘဝမျိုးကို ရရှိစေမယ့် လက္ခဏာပဲဖြစ်ပါတယ်။
၁၁ - ရင်ဘတ်ပေါ်ကမှဲ့
သင့်ရဲ့ ညာဘက် ရင်ဘတ်နားမှာ မှဲ့ရှိနေတယ်ဆိုရင် သင်ဟာ ငွေကြေးအတွက်အမြဲလိုပူပန်နေရတတ်ပါတယ်။ ဒါပေမယ့် ဒီမဲှဲ့ကြောင့်ပဲ သင်ဟာ လူမှုဆက်ဆံရေးပိုင်း ကောင်းမွန်တဲ့သူတစ်ဦးအဖြစ် ဖော်ညွှန်းနေတာဖြစ်ပါတယ်။ သင်ဟာအမျိုးသမီးဆိုရင်တော့ ညာဘက်ရင်ဘတ်မှာ ရှိနေတဲ့ မှဲ့က သင့်ကို သားသမီးပွားစည်းမယ့် ကံကိုပေးစွမ်းနိုင်မှာပါ။အကယ်၍ သင့်ရဲ့ ဘယ်ဘက်ရင်ဘတ်နားမှာ မှဲ့ရှိနေတာဆိုရင် သင်ဟာ စိတ်စွမ်းအင်ကောင်းကောင်း ရှိသူတစ်ဦးပါပဲ။ ထက်မြက်သူတစ်ဦးဖြစ်ပြီး သူတစ်ပါးရဲ့အကြံအစည်တွေကိုလည်းအလွယ်တကူသိရှိနေတတ်ပါတယ်။ တစ်ဦးတစ်ယောက်နဲ့ဆက်ဆံရေးကောင်းမွန်နေအောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာကိုလည်း သင်သိထားတာဖြစ်ပါတယ်။ ရင်ဘတ်ရဲ့အလယ်တည့်တည့်မှာ ရှိနေတဲ့ မှဲ့ကတော့ သင့်ဘဝမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးအကြီးအကျယ် ဒုက္ခဖြစ်စေမယ့် လက္ခဏာတစ်ရပ်ပါပဲ။
၁၂ - လက်ချောင်းတွေပေါ်ကမှဲ့
လက်ချောင်းတွေပေါ်မှာ မှဲ့ပါနေတယ်ဆိုရင် ဘယ်လက်ချောင်းမှာပဲ ပါနေတာဖြစ်ပါစေ ဒါဟာ ကောင်းတဲ့ လက္ခဏာာတော့ မဟုတ်ပါဘူး။ လက်ချောင်းတွေပေါ်မှာ ရှိနေတဲ့မှဲ့က ဘဝမှာအတားအဆီးအနှောက်အယှက်တွေနဲ့အမြဲလိုကြုံရမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။အကယ်၍ လက်ချောင်းတွေမှာ ရှိနေတဲ့မှဲ့က တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ရှိနေတဲ့အတားအဆီးတွေ လျော့နည်းသွားပြီး ကံစကောင်းလာပြီလို့ မှတ်လိုက်ပါတော့။
၁၃ - ကျောကုန်းရိုးနားမှာ မှဲ့ရှိရင်
နောက်ကျောဘက် ကျောကုန်းရိုးနားမှာ မှဲ့ရှိတယ်ဆိုရင် ဒါဟာ နာမည်ကျော်ကြားခြင်း၊ ထင်ရှားခြင်းကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။အဲဒီနေရာမှာ မှဲ့ပါတဲ့သူအများစုက ခေါင်းဆောင်ပိုင်းနဲ့ ဝန်ကြီးချုပ်ရာထူးလိုမျိုးကို ရရှိတတ်ပါတယ်။
၁၄ - လက်ကောက်ဝတ်မှာ မှဲ့ရှိရင်
ညာဘက် လက်ကောက်ဝတ်မှာ ရှိနေတဲ့မှဲ့က ခြိုးခြံစိစစ်တတ်တဲ့ သဘောသဘာဝကို ဖော်ညွှန်းနေတာဖြစ်ပြီး လုပ်ငန်းခွင်အောင်မြင်မှုတွေကိုလည်း ဖော်ညွှန်းနေတာဖြစ်ပါတယ်။ ဘယ်ဘက် လက်ကောက်ဝတ်မှာ ရှိနေတဲ့ မှဲ့ကတော့ တီထွင်ဖန်တီးမှုအားကောင်းသူ၊အနုပညာအမြင်ရှိသူ၊ ဉာဏ်ပညာအဆင့်အတန်းမြင့်မားသူအဖြစ် ဖော်ညွှန်းနေတာဖြစ်ပါတယ်။
၁၅ - ခြေသလုံးနဲ့ ခြေကျင်းဝတ်မှာ မှဲ့ရှိရင်
ညာဘက်ခြေထောက်ရဲ့ ခြေသလုံးကြွက်သားမှာ မှဲ့ရှိနေတယ်ဆိုရင် ဘဝမှာ ဘယ်လိုကိစ္စမဆိုအောင်မြင်မှုတွေ ရရှိနိုင်မယ့်သူပါပဲ။အများအားဖြင့်အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးအကျိုးအမြတ်တွေအကူအညီတွေ ရရှိနိုင်ပါတယ်။ နိုင်ငံရေးမှာ စိတ်ပါဝင်စားသူတွေလည်း ဖြစ်တတ်ပါတယ်။ ဘယ်ဘက်ခြေထောက်ရဲ့ ခြေသလုံးကြွက်သားမှာ မှဲ့ရှိတယ်ဆိုရင်တော့အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စအတွက် မကြာခဏ ခရီးသွားလာနေရသူလည်း ဖြစ်နိုင်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်း ပေါများတစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ ညာဘက်ခြေကျင်းဝတ်နားမှာ မှဲ့ရှိနေတယ်ဆိုရင်တော့အမျှော်အမြင် ကြီးမားသူတစ်ဦးဖြစ်ပြီး ဘာသာရေးမှာ ယုံကြည်သက်ဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘယ်ဘက်ခြေကျင်းဝတ်မှာ ရှိနေတဲ့မှဲ့ကတော့ ဘာသာရေးနဲ့ပတ်သက်ပြီးအဆုံးစွန်ယုံကြည်သူဖြစ်ပြီး စကားနည်းတတ်ပါတယ်။ စကားနည်းတဲ့အချက်ကြောင့်ပဲအမှုအခင်းဥပဒေနဲ့ ပတ်သက်တာတွေ မကြာခဏရင်ဆိုင်ရလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။
၁၆ - ခြေဖဝါးမှာ မှဲ့ပါရင်
ညာဘက်ခြေဖဝါးမှာ မှဲ့ပါတယ်ဆိုရင် ခင်ပွန်း ဒါမှမဟုတ် ဇနီးအပေါ်မှာအိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်လို့ စိတ်အေးချမ်းသူလို့လည်း ဆိုရမှာပါ။အကယ်၍ ဘယ်ဘက်ခြေဖဝါးမှာ မှဲ့ပါနေတာဆိုရင်တော့အိမ်ထောင်ဖက်နဲ့အမြဲလိုပြဿနာဖြစ်နေတတ်ပါတယ်။ ငွေရေးကြေးရေး ပြဿနာလည်းအမြဲလိုရှိနေတတ်ပြီး ဒေါသကြီးသူလည်း ဖြစ်ပါတယ်။ ခြေဖနောင့်နားနီးတဲ့ ခြေဖဝါးမှာ မှဲ့ရှိတယ်ဆိုရင်တော့ သင်ဟာ ခရီးထွက်ရတာကို နှစ်သက်သူပါပဲ။အနုပညာလက်ရာတွေကို ခုံမင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
Source -
/ brijfalet.com / metdann.com / aastik.com