![]()
ကျွန်တော် တို့ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေရတဲ့လူ့လောက ကြီးမှာ တစ်ယောက် နဲ့တစ်ယောက် ဝေဖန်တယ် ကဲ့ရဲ့တယ်ဆိုတာကတော့ မထူးဆန်းတော့တဲ့ သဘာဝ တရားကြီးလိုဖြစ်နေပါပြီ။
ဒါပေမဲ့အဲ့ဒီ သဘာဝတရားကြီးကိုပဲ မခံမရပ်နိုင်ဖြစ်နေတာ ကျွန်တော် တို့ပုထုဇဉ် လူသားတွေပဲ မဟုတ်ပါလား။
ဝေဖန်တယ်ဆိုတာကလဲ သင်တစ်ခုခုလုပ်နေလို့ ဝေဖန်ခံနေရတာပါ။ ဘာမှ မလုပ်တဲ့ လူတစ်ယောက်ဟာအမှားလဲမရှိတဲ့အတွက် ဝေဖန်ခံရစရာအကြောင်းမရှိနိုင်ပါဘူး။
သေချာစဉ်းစားကြည့်ပါ သင်တစ်ခုခုလုပ်နေလို့ ဝေဖန်ခံရတယ်။ ဒါဆို ဝေဖန် တယ်ဆိုတဲ့ လူတွေဟာသင့်အပေါ်မှာ attention (အာရုံထားမှု) ရှိလို့ပဲ မဟုတ်ပါလား။ ကျေးဇူးတောင် တင်ရပါဦးမယ်။ လူဆိုတာမျိုးက ကိုယ့်အမှားကိုယ်ပြန်မမြင်နိုင်တဲ့အမျိုးလေ။အဲ့လို တစ်ယောက်ယောက်က ဝေဖန်ထောက်ပြလိုက်တဲ့အခါမှ ကိုယ်ဘယ်ဟာကို လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာ ပြန်တွေးတော ဆင်ခြင်မိတာပေါ့။
ဒါကတော့ Backward Law ပါ။ Negative to Positive (အဆိုး ကနေအကောင်း ကို ရအောင်ပြောင်းခြင်း ) လို့ခေါ်ပါတယ်။ ကျွန်တော်တို့ လူတွေတော်တော်များများဟာ ကိုယ်နဲ့အတွေးအခေါ်၊အယူအဆ မတူတဲ့ လူတွေရဲ့အကြံဉာဏ် တွေကို လျစ်လျူရှုလေ့ရှိကြတယ်။ ကိုယ်နဲ့အယူအဆ မတူတဲ့လူနဲ့ဆို စကားကိုမပြောချင်ဘူး။ ဒါကလဲ သဘာဝပါပဲ။ တကယ်ကအကြံဉာဏ်ကောင်းတို့အိုင်ဒီယာအသစ်တို့ဆိုတာ ကိုယ့်ရဲ့ ရန်သူ(သို့) ပြိုင်ဖက်တွေဆီက ရရှိတာများပါတယ်။
လူဆိုတာအကြံဉာဏ်ကောင်းတွေကို ရရှိဖို့အတွက်အမြဲတမ်း ပြောင်းပြန်တွေးနေဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ Backward Law လို့ ခေါ်တာပေါ့နော်။ တခြားတစ်ယောက်က သင့်အပေါ်ပေးအပ်လာတဲ့အဆိုး( ဝေဖန်မှု၊ ကဲ့ရဲ့ မှု) တို့ကို သင့်အနေနဲ့ Take riskအကောင်းဘက်က ယူပြီးအသုံးချရမှာ သင့်တာဝန်သာဖြစ်ပါ တယ်။ ဘဝမှာ ယူတတ်ရင်အကုန်လုံးကတော့အကျိုးအမြတ်ရတာချည်းပါပဲ။ သင့်အနေနဲ့ ယူတတ်ဖို့သာအရေးကြီးတာပါ။
ကိုယ့်အပေါ်ဝေဖန်လာသူကို သနားပါ
အပေါ်မှာ တခြားသူတစ်ယောက်က ကိုယ့်ကို ဝေဖန်လာတဲ့အပေါ်အဆိုးကနေအကောင်း (Negative to Positive ) ပြောင်းနိုင်အောင် ကျွန်တော်တို့ ပြောခဲ့ပြီးပြီ။ ဒါဆို ကိုယ့်အပေါ် ဝေဖန်လာသူတွေအကြောင်း စဉ်းစားကြည့်ရအောင်။
ပြန်စဉ်စားကြည့်ရင် ကိုယ့်အပေါ် ဝေဖန်လာသူတွေဆိုတာ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်သူငယ်ချင်းတွေ၊ ကျောင်းသားဆိုရင်အတန်းဖော်၊အလုပ်သမားဆိုရင် လုပ်ငန်းခွင်ကမိတ်ဆွေအစရှိတဲ့အနီးအနားမှာရှိတဲ့ လူတွေပဲဖြစ်နေတာများပါတယ်။
လူတိုင်းမှာ လွတ်လပ်စွာ သဘောထားမတူညီ ကွဲလွဲပိုင်ခွင့်ကိုယ်စီရှိကြပါတယ်။ သင်လုပ်နေတာ တစ်ခုခုမှားယွင်းတာ နဲ့ ပတ်သတ်ပြီး ဝေဖန်ပိုင်ခွင့်ရှိပါတယ်။အထက်မှာပြောခဲ့သလို ပေါ့အမှားဆိုတာ တခြားသူတစ်ယောက်က ဝေဖန်ထောက်ပြမှမြင်နိုင်တယ်ဆိုတာမျိုး။
အဲ့လိုဝေဖန်မှုမျိုးတွေဆိုရင်တော့လက်ခံသင့်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ရုပ်ရည်၊ ခန္ဓာကိုယ်အစိတ်အပိုင်းအစရှိတဲ့ သင့်ရဲ့ ဖြစ်တည်နေမှု တစ်စုံတရာကိုအဆိုးဖက်က မြင်ပြီး ဝေဖန်လာတာမျိုးကိုတော့လက်မခံ သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သင့်ရဲ့ ဖြစ်တည်နေမှုဖြစ်နေလို့ပါ။
လူဆိုတာကိုယ်ကိုတိုင် ကိုယ့်ဖြစ်တည်မှုကို လက်ခံရမှာဖြစ်ပါတယ်။ ဒီကိစ္စကတော့ ဆယ်ကျော်သက် လူငယ်အများဆုံးကြုံတွေ့ နေရတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာပါ။ ထားပါတော့ တစ်စုံတစ်ယောက်က သင့်မျက်နှာ နဲ့ပတ်သတ်ပြီး “နင့်မျက်နှာကြီးကလဲ မဲလိုက်တာ မျက်လုံးကလဲမလှဘူး မှေးလို့ ၊ ပါးစပ်ကလဲ ပြဲလိုက်တာ”အဲ့လို ရုတ်တရက်ကြီးပြောခံရရင် ဘယ်သူမှ ခံနိုင်ရည် မရှိကြပါဘူး။
အဲ့လိုဝေဖန်ခံရတဲ့အခါမှာ
“ဟုတ်တယ် ငါရုပ်ဆိုးတယ်အဲ့တော့ဘာဖြစ်လဲအဲ့တာငါပဲ လေ ငါရုပ်ဆိုးလဲ ငါဟာငါပဲဖြစ်တာမို့ ငါ့ကိုယ်ငါ လက်ခံထားတယ်အဲ့တာနဲ့ပတ်သတ်ပြီးငါ ဘာမှားနေလို့လဲ ဘုရားကပေးထားတဲ့ရုပ်ရည်ပဲလေ ငါဘယ်တတ်နိုင်ပါ့မလဲ” လို့ ရန်ပြုတဲ့သဘောမပါပဲနဲ့ လေသံအေးအေးနဲ့ ပြန်ပြောလိုက်ပါ။ သင်ဒီလိုပြောလိုက်တာကြောင့် တစ်ဖက်က ဝေဖန်သူကတော့အောင့်သက်သက်ဖြစ်သွားမှာပါပဲ။ ဘာလို့လဲဆိုတော့ သင်ဒီလိုပြန်ပြောလိုက်ခြင်းဟာ သူ့ရဲ့ ဝေဖန်စကားတွေက သင့်အပေါ်အကျိုးသက်ရောက်မှုမရှိဘူးလို့ သက်သေပြ လိုက်တာနဲ့ တူတူပါပဲ။ ဒီလိုပြန်ပြောလိုက်ခြင်းကြောင့် ဝေဖန်သူအပေါ်မှာလဲ သင့်စိတ် ထဲကရှင်းသွားပြီးအဖုအထစ်တွေမရှိနိုင်တော့ပါဘူး။ သူ့အနေနဲ့လဲ ဒီလိုစကားမျိုးတွေက သင့်ကို ဘယ်လိုမှမသက်ရောက်ဘူးဆိုတာ သိသွားပြီဖြစ်တဲ့အတွက် နောက်တစ်ခါ ပြောဖြစ်တော့မှာမဟုတ်ပါဘူး။ သင်အဲ့လိုပြောလိုက်တဲ့အတွက် ဒါဟာ မပြောသင့်မပြောအပ်တဲ့ လူ့စည်းတစ်ခုဆိုတာ သူတို့ ဦးနှောက်ထဲ ထည်သွင်းပေးလိုက်သလိုပါပဲ။
ဆယ်ကျော်သက် ၁၀၀ ရာခိုင်နှုန်းမှာ ၉၈ ရာခိုင်နှုန်းလောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ဝေဖန်ခံရရင် ခံနိုင်ရည်စွမ်းမရှိကြပါဘူး။ ခံနိုင်ရည်မရှိတော့ တစ်စုံတစ်ယောက်ကဝေဖန်လာတဲ့အခါမှာ ကိုယ့်ဖြစ်တည်မှုကို မကျေမနပ်ဖြစ်လာကြ ပါတယ်။ ဒါကြောင့်မို့ suicide လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ်သတ်သေတဲ့အမှုတွေ များလာကြတာပါ။
အဲ့လိုဝေဖန်တဲ့လူတွေဟာ ဘာလို့ ဝေဖန်ကြတာလဲ?
ဘာလို့လဲဆိုတော့ သူတို့ရဲ့အတွင်းစိတ်မှာရှိတဲ့ မလုံခြုံမှု (insecurities) တစ်မျိုး ကြောင့်ဖြစ်ပေါ်လာတာပါ။ insecurities ဆိုတာမျိုးကတော့ လူတိုင်းမှာရှိကြပါတယ်။ တချို့ကျတော့ ကိုယ့်အားနည်းချက်ကို ပေါ်မှာစိုးလို့ သူများအားနည်းချက်ကို လိုက်ဖော် ထုတ်နေကြတာမျိုး။ ဒါကတော့ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်နည်းတစ်မျိုးပေါ့။ လူဆိုတာအားနည်းချက်ကိုယ်စီနဲ့မို့လို့ ကိုယ့်အားနည်းချက်ကို ထိခိုက်မိရင် လူတိုင်းက ခံနိုင်ရည်မရှိကြပါဘူး။အဲ့လိုဝေဖန် ကဲ့ရဲ့ သူတွေဟာလဲအဲ့လိုပါပဲ။ သူတို့ မှာရှိတဲ့ insecurities တွေအားနည်းချက်တွေ သိမ်ငယ်စိတ်တွေက သူများထက် ပိုကြီးမား နေလို့ပါ။ ဒါကြောင့်မို့ သင့်ကိုဝေဖန်ကဲ့ရဲ့ လာသူတွေကိုသနားပါ။
လူတိုင်းစိတ်ကျေနပ်ပျော်ရွှင်အောင် မကြိုးစားပါနဲ့
လူတိုင်း Perfect စင်းလုံးချောအဆင်ပြေနေတဲ့လူဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူတော်တော်များများဖြစ်လေ့ရှိတာက ကိုယ့်ကို တစ်ယောက်ယောက်က ဝေဖန်လာပြီ ဆိုရင် ထိုသူပြောတဲ့အတိုင်းကိုယ်ဟာတစ်ခုခုမှားယွင်းနေပြီလို့ ထင်ကြတာပါပဲ။ ဒါကတော့ သူများကို ကျေနပ်စေချင်တဲ့ကိုယ့်အပေါ်အကောင်းမြင်စေချင်တဲ့အခံစိတ်လေးကြောင့်ဖြစ်လာရတာပါ။
ကျွန်တော်တို့လူတွေဟာ ကိုယ့်ရဲ့ ဘဝ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကိုအများအမြင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်နေကြတာပါ။အဲ့တာဟာအကြီးမားဆုံးအမှားပါပဲ။ လူတွေရဲ့ ဝေဖန်မှုကိုမလိုချင်လို့ လူတွေပြောတဲ့အတိုင်း လိုက်ပြောင်းလဲ နေနေရင်းက ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားသူတွေလဲ ကျွန်တော်တွေ့ဖူးပါတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝကို လူတွေရဲ့ ပြောစကားတွေထဲမှာ နှစ်မြုပ်ရင်း ကိုယ့်နှလုံးသားရဲ့ စကားသံကိုနားထောင်ဖို့ မေ့နေကြပါတယ်။အများရဲ့အမြင်တွေထဲမှာပဲနစ်မြုပ်ရင်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ပုံစံ ပျောက်ကွယ်သွားနိုင်ပါတယ်။အဲ့ဒီကနေ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အကြံဉာဏ်တွေထွက်မလာနိုင်တော့ပါဘူး။
ဥပမာ တစ်စုံတစ်ယောက်က သင့်ကိုဝေဖန်လာတဲ့အခါမှာ သင်ဟာကိုယ့်အကြောင်းကို ပြန်တွေးကြည့်ရမှာဖြစ်ပါတယ်။ ငါကိုယ်တိုင်ကရော သူပြောတဲ့အတိုင်းဖြစ်နေတာလား။ ထားပါတော့ သူပြောတဲ့အတိုင်းဖြစ်နေလို့ သူကြိုက်မယ့်ပုံစံမျိုးငါက လိုက်ပြောင်းလဲနေသင့်လား။ တကယ်လို့အဲ့လိုနေရင်ရော ငါကစိတ်ချမ်းသာရမှာလား။ သူကြိုက်တဲ့ပုံစံအတိုင်းလိုက်မပြောင်းလဲလို့ သူရော ကိုယ်ရော ထိခိုက်နစ်နာမည်လား။ ငါကရော သူပြောတဲ့ပုံစံအတိုင်းလိုက်ပြောင်းလဲ ချင်ရဲ့လား။အစရှိတဲ့ မေးခွန်းတွေကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။
တကယ်လို့ သင်မပြောင်းလဲဖြစ်တဲ့အကြောင်းအရာတစ်ခု၊အမူအကျင့်တစ်ခု၊ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအစိတ်အပိုင်းတစ်ခုခုက မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာမှုမျိုးမရှိစေဘူးဆိုရင် သင်မပြောင်းလဲလိုက်လဲအဆင်ပြေပါတယ်။ ဘာလို့လဲ ဆိုတော့ သင်ဟာလဲ သာမန်ပုထုဇဉ်လူသားတစ်ယောက်ပေပဲမို့ လူသားတိုင်း စိတ်ကျေနပ် ပျော်ရွှင်အောင် စွမ်းဆောင်နိုင်စွမ်းမရှိလို့ပါ။
ကဲ့ရဲ့ ဝေဖန်ခံရခြင်းနဲ့ ပတ်သတ်ပြီးမိတ်ဆွေတို့ တွေးမိတာလေးတွေရှိရင်လဲ comment box မှာ မန့်ပြီးအကြံပြုသွားနိုင်ပါတယ်။အားလုံးပဲ ကဲ့ရဲ့ ဝေဖန်ခြင်းတွေကိုခံနိုင် ရည်ရှိတဲ့ စိတ်အရည်အသွေးပြည့်ဝသူများဖြစ်ကြပါစေ။