ကိုယ့်ကိုတကယ်မချစ်မှန်းသိရက်နဲ့ ဘာလို့တွယ်ကပ်နေမိတာလဲ
shweinnlay.com
|
2018-10-17



သင့်ကိုတကယ်မချစ်ဘူးဆိုတာကို သိနေရက်နဲ့ ခပ်ဆိုးဆိုးကောင်လေး၊ ကောင်မလေးကိုမှ စွဲစွဲလန်းလန်းချစ်နေမိတာ ဘာကြောင့်များလဲလို့ တွေးဖူးမယ်ထင်ပါတယ်။ တခါတလေကျ သူဆိုးနေတာကို သိရက်နဲ့ ကိုယ့်ဘက်ကနေအချစ်တွေကို ပေးနိုင်သလောက်ပေးနေမိတာကြောင့် ကိုယ့်ကိုယ်တိုင်လည်း နားမလည်နိုင်တော့တဲ့အခါတွေလည်း ရှိမှာပါ။ ဘာလို့ ကိုယ့်ကိုတကယ်မချစ်တဲ့သူကိုမှ ချစ်နေမိရတာလဲဆိုတာကတော့…

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့

မှန်ထဲမှာ ကိုယ့်ရုပ်ရည်ကိုသေချာကြည့်လိုက်ပါ။ ငါကသူများတွေလောက်မလှဘူး၊ ဘာမှမက်လောက်စရာမရှိဘူး၊အောင်မြင်မှုတွေပိုင်ဆိုင်မှုတွေလည်း မရှိဘူး စတာတွေကို တွေးတောပြီး ကိုယ့်ကိုယ်ကိုသံသယများနေတာလား။ ယုံကြည်မှုမရှိသူတွေက ကိုယ့်ချစ်သူကိုယ့်အပေါ်မချစ်တာကို မိမိကိုယ်ကိုသာအပြစ်အားငယ်နေတတ်ကြပါတယ်။ သူမချစ်တာကို မမြင်ဘဲ ကိုယ့်ကိုယ်ကိုသာအပြစ်တွေရှာတတ်တာကအချစ်ရောဂါလို့လည်းပြောလို့ရသလို ယုံကြည်မှုလျော့နည်းသူတွေရဲ့ စိတ်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကိုယုံကြည်မှုအပြည့်ထားပြီး ကိုယ့်ကိုတကယ်ချစ်နိုင်တဲ့သူကိုသာ ရွေးချယ်လိုက်ပါ။

(၂)အထီးကျန်မှာကြောက်လို့

တချို့ကအထီးကျန်မှာကို သေမလောက်အောင်ကြောက်ကြသူတွေ ရှိပါသေးတယ်။အချစ်စစ်မဟုတ်ရင်တောင် ကိုယ်ကချစ်နေရရင်ပဲအဖော်ရတယ်၊အထီးမကျန်ဘူးလို့ တွေးပြီး မချစ်မှန်းသိရက်နဲ့ ဆက်တွဲနေမိတတ်ကြပါတယ်။ ရည်းစားမရှိရင်အထီးကျန်တယ်ဆိုတဲ့အတွေးတွေကို မေ့ပစ်လိုက်ပါတော့။ ကိုယ့်ကိုတကယ်မချစ်တဲ့သူဆီမှာ တွယ်ကပ်ပြီနေမယ်အစား သူငယ်ချင်း၊ မိသားစုတွေနဲ့ ပျော်ရွှင်မှုတွေကိုသာဖန်တီးလိုက်ပါ။ ကိုယ့်ကိုတကယ်မချစ်တဲ့သူနဲ့အတူရှိနေတာက တစ်ယောက်ထဲရှိနေတာထက်ကို ပိုလို့အထီးကျန်ဆန်လွန်းလှပါတယ်။

(၃) သူ့ကိုပြောင်းလဲပစ်နိုင်တယ်လို့ယုံကြည်နေမိလို့

ဘယ်လောက်ပဲဆိုးသွမ်းတဲ့သူဖြစ်နေပါစေ၊ ငါ့ချစ်သူဖြစ်ရင် ငါပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့အတ္တကြောင့် တွယ်ကပ်နေမိတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ကိုတကယ်ချစ်ရင် သူလည်းပြောင်းလဲလာမှာပါလေ ဆိုတဲ့စိတ်နဲ့ ချစ်နေမိတဲ့သူတွေကလည်း ကိုယ့်ကိုတကယ်မချစ်တဲ့သူရဲ့အချစ်ကိုရရှိဖို့ ခေါင်းမာမာနဲ့ စောင့်ဆိုင်းကြပါတယ်။ ကိုယ့်ကိုတကယ်ချစ်ရင် ခဏလေးအတွင်းမှာတောင် သူ့ကိုယ်သူပြောင်းလဲမှာပါ။ ဒါ့ကြောင့် ကိုယ့်ကိုတကယ်မချစ်ဘူးလို့ သင်သံသယဝင်လိုက်တာနဲ့ ငါသူ့ကိုပြောင်းလဲပစ်နိုင်မှာပါ ဆိုတဲ့စိတ်ကို ဖျောက်ပစ်လိုက်ပါတော့။

(၄)အသဲကွဲဇာတ်လိုက်ဖြစ်ချင်လို့

ခေတ်စကားနဲ့ပြောရမယ်ဆိုရင် ပေါ်ပင်လုပ်တယ်လို့ပဲပြောရမယ်ထင်ပါတယ်။ သူငယ်ချင်းတွေ၊အပေါင်းအသင်းနဲ့ လူအများရှေ့မှာအချစ်ကြီးသူ၊အသဲကွဲသူအဖြစ် ဖီးလ်ပြရတာကို ဝါသနာပါတဲ့သူတွေကလည်း ကိုယ့်ကိုမချစ်မှန်းသိရက်အနိုင်ကျင့်ခံ၊အသဲကွဲခံနေတာက ရှိပါသေးတယ်။ ဒီလိုတွေလုပ်မနေဘဲ ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုသာ နေရာပေးလိုက်ပါ။အချိန်ကုန်ခံမနေပါနဲ့။

စံပယ်(ရွှေအင်းလေး)




Some text some message..