လူတစ်ယောက်ရဲ့ ဘဝမှာအေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှုအလုံးစုံရရှိဖို့အရေးကြီးဆုံးအရာတွေထဲမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှ တခြားသူကပါ ကိုယ့်အပေါ် မေတ္တာထားနိုင်မှာပါ။
မိမိကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီးအထီးကျန်တာ၊ တက်ကြွရွှင်လန်းခြင်း မရှိတော့တာ၊ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု များစွာ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ မိမိကိုယ်ကိုအကောင်းမြင်ပါ
အရာရာကိုအကောင်းမြင်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထားတတ်လာစေဖို့အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲ ပြဿနာတွေကြောင့် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်၊ ဘဝကိုပါ မကောင်းမြင်လာတတ်တာ သဘာဝပါပဲ။အကောင်းဆုံးကတော့ မှန်ထဲကို ကြည့်ပြီး စကားပြောကြည့်ပါ။ မကောင်းတဲ့အပြုအမူတွေ၊အတွေးအခေါ်တွေကို တတ်နိုင်သလောက် ရှောင်ပါ။
၂။ ကိုယ့်ဘဝကို ကိုယ့်လက်နဲ့ တည်ဆောက်ပါ
တခြားသူတွေရဲ့ ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာနဲ့အတူတူပါပဲ။ လောကမှာအရာအားလုံး ပြီးပြည့်စုံသူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ကောင်းတဲ့အရာတွေလည်း ရှိသလို မကောင်းတဲ့ ပြစ်ချက်တွေနဲ့ လူသားတိုင်း နေ့စဉ် ရှင်သန်နေရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုအကောင်းမြင်ပါ။ ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်နေမယ့်အစား ကိုယ့်ရဲ့အားနည်းချက်တွေကို ပြုပြင်ဖို့ ကြိုးစားကြည့်ပါ။
၃။ လေ့ကျင့်ခန်းလုပ်ပါ
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးနဲ့အလှအပအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါအကျိုးဖြစ်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရောက်အောင် ထိန်းညှိပေးနိုင်တယ်။ ကိုယ်ခန္ဓာအချိုးအစား လှပပြေပြစ်စေတယ်။ ယုံကြည်မှုတွေလည်း တိုးစေနိုင်ပါတယ်။
၄။အမှားတွေကို လက်ခံပါ။ သင်ယူပါ
လူတိုင်းအမှားလုပ်တတ်တာ သဘာဝပါပဲ။ ကိုယ်တိုင် လုပ်ခဲ့မိတဲ့အမှားတွေအတွက် ဝမ်းနည်းပူဆွေး နောင်တရနေမယ့်အစား နောင်မမှားအောင် သင်ခန်းစာယူပါ။ လူတိုင်းအမှားနဲ့ မကင်းနိုင်ဘူးဆိုတာကို လက်ခံထားတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီအမှားနဲ့ ပတ်သက်ပြီး ဝမ်းနည်းရှက်ရွံ့နေတော့မှာ မဟုတ်ပဲ ဘဝကြီးကိုအရင်ကထက်ပိုပြီးအကောင်းမြင်လာနိုင်ပါတယ်။
၅။ မကောင်းတဲ့အရာတွေကို ပြောင်းလဲပစ်ပါ
ကိုယ့်မှာ မကောင်းတဲ့အမူအကျင့်တွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်စေဖို့ နှောင့်ယှက်နေတဲ့အရာတွေ ရှိရင် ပြုပြင်ပြောင်းလဲပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်ခံနားလည်ပြီး ဒီ့ထက်ပိုကောင်းအောင် ကြိုးစားကြည့်ပါ။အရာရာကိုအကောင်းမြင်ဖို့အရေးကြီးသလို ကိုယ့်ပတ်ဝန်းကျင်က မကောင်းတဲ့အရာတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။
၆။ ပျော်ရွှင်စေမယ့်အရာတွေ များများလုပ်ပါ
ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်စေဖို့ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ့်ကို ပျော်ရွှင်မှု ဖြစ်စေတဲ့အရာတွေကိုအချိန်ပေးပြီး လုပ်ပေးဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာအရာရာကို ပိုပြီးအကောင်းမြင်တတ်လာစေတယ်။ စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့အတွက် ဘဝကအေးချမ်းပျော်ရွှင်နေမှာပါ။
၇။ တစ်ပါးသူတွေကို ကူညီပေးပါ
ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာအကူအညီလိုအပ်နေသူတွေ၊အားနည်းနေသူတွေကို ကိုယ်တတ်စွမ်းသလောက် ဖေးမကူညီပေးပါ။ ဒီလိုကူညီပေးခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝကိုလည်း ပျော်ရွှင်မှုဖြစ်စေသလို ကိုယ့်ကိုယ်ကိုလည်းအကောင်းမြင်တဲ့ စိတ်တွေ တိုးလာနိုင်ပါတယ်။
၈။အကောင်းမြင်တတ်တဲ့သူတွေရဲ့အနားမှာ နေပါ
ကိုယ့်ဘဝ၊ ကိုယ့်စိတ်ကို ကျန်းမာအောင် နေထိုင်ရာမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေကိုယ်တိုင်လည်းအကောင်းမြင်ဝါဒီရှိဖို့အရေးကြီးပါတယ်။ ဒီလူတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့အတွေးတွေ၊အမြင်တွေကို ဖယ်ထုတ်ပေးနိုင်တဲ့အပြင် ပျော်ရွှင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win