![]()
စင်ကာပူနိုင်ငံမှာအိမ်ရှင်ဖြစ်သူကို ခြိမ်းခြောက်လီဆယ်ပြီး ရဲတိုင်ဖို့ကြိုးစားခဲ့တယ်လို့ လူမှုကွန်ယက်မှာ ဖော်ပြခံခဲ့ရတဲ့ မြန်မာအိမ်အကူ (ချင်းလူမျိုး)အသက် ၂၅ နှစ်အရွယ် “Halar Nay Tial” ကအောက်တိုဘာလ ၂၄ ရက်နေ့ မကြာသေးခင်အချိန်ကပဲ CCTV နောက်ကွယ်က ဖြစ်ရပ်မှန်ဆိုပြီးအဖြစ်ပျက်ကို သူမဘက်ကနေ ပြန်လည် ရှင်းပြလိုက်ပါတယ်။
“Halar Nay Tial” ဟာအသက် ၂၅ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး မိသားစုစီးပွားရေးအတွက် ၂၀၁၆ ခုနှစ်မှာ စင်ကာပူနိုင်ငံကိုအိမ်အကူအဖြစ် ပထမဦးဆုံးအကြိမ် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမဦးဆုံး သူလုပ်ကိုင်ရတာကတော့အသက်အရွယ်ကြီးတဲ့အမျိုးသမီးကြီးကို ဂရုစိုက်ပေးရတာပါ၊ နားရက် တစ်ရက်မှ မရသလို ဖုန်းအသုံးပြုခွင့်လည်း မရှိပါဘူး။ သူမစောင့်ရှောက်ရတဲ့အမျိုးသမီးကြီးဟာ စိတ်ပိုင်းဆိုင်ရာပါ ပြဿနာရှိသူမို့ မကြာမကြာလည်းအရိုက်ခံရတတ်ပါတယ်။ စင်ကာပူရောက်တာ ပထမဆုံးအကြိမ်ဖြစ်လို့ ဘာလုပ်ရမှန်းမသိပဲအဲဒီအိမ်မှာ ၄ လ ကြာခဲ့ပြီးနောက် သူမရဲ့အေးဂျင့်ကိုအကျိုးကြောင်းပြောပြပြီး နောက်ထပ်တစ်အိမ်ရှာပေးဖို့ ပြောခဲ့ပါတယ်။
သူမ ဒုတိယအလုပ်လုပ်ရတဲ့အိမ်ကတော့အိန္ဒိယမိသားစုရဲ့အိမ်ပါ၊အဆင်ပြေပျော်ရွှင်စွာနဲ့အလုပ်လုပ်နေတုန်း ၅ လအကြာမှာ မြန်မာပြည်က သူမရဲ့မောင်လေး မတော်တဆမှုကြောင့် ခြေထောက်မှာ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် မမျှော်လင့်ပဲ မြန်မာပြည်ကို ပြန်လာခဲ့ရပါတယ်။ (အခုချိန်ထိ ခြေထောက်ကအကောင်းအတိုင်းပြန်မဖြစ်တော့ပါ) နောက်ထပ်ဘယ်တော့မှ နိုင်ငံခြားမှာအလုပ်သွားမလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး မိသားစုနဲ့အတူတူ ပျော်ရွှင်စွာ နေခဲ့ပေမယ့် ဆင်းရဲတဲ့ဘဝမှာ မိသားစုကို ထောက်ပံ့ဖို့ ၁ နှစ်လောက်အကြာမှာ စင်ကာပူကို ပြန်ထွက်ခဲ့ရပြန်ပါတယ်။
ဒီတစ်ကြိမ်သူရောက်ခဲ့တဲ့အိမ်ကအိမ်ရှင်အမျိုးသမီးဟာအင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်ပဲ၊ တရုပ်လိုသာ ပြောတာကြောင့် သူမအခက်တွေ့ခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ ၁ လအကြာမှာ နောက်ထပ်အိမ်တစ်အိမ်ပြောင်းပေးဖို့အေဂျင်စီကို ပြောခဲ့ပါတယ်။ သူမ နောက်ထပ် ရောက်ခဲ့တဲ့အိမ်ကတော့အခုပြဿနာဖြစ်တဲ့အိမ်ရှင် “Amy Tree” (အမည်ရင်း Cui Juan) ရဲ့အိမ်ပဲဖြစ်ပါတယ်။
အလုပ်စဝင်ထဲက ၄ လအကြာ သူမရဲ့အေဂျင်စီအကြွေးကျေရင် တစ်ပတ် နားရက်တစ်ရက်ပေးဖို့ ဖုန်းအသုံးပြုခွင့်ပေးဖို့ ဒါ့အပြင် သူတို့အိမ်ရဲ့အခြားအခန်းတစ်ခုမှာအငှားတင်ထားတဲ့အိမ်ငှားကိုလည်း ကူညီဖို့တို့ကို သဘောတူညီထားခဲ့ပါတယ်။အိမ်ရှင်ဖြစ်သူ “Amy Tree” ကလေးမီးမဖွားမီ တစ်လအလိုမှာ သူမအလုပ်စဝင်ခဲ့ပါတယ်။ ပထမတစ်ပတ်မှာတော့အားလုံးအဆင်ဆင်ပြေပြေပါပဲ၊ ဒုတိယတစ်ပတ်ရောက်တဲ့အခါမှာတော့အိမ်ရှင်ဟာအစစအရာရာတွက်ချက်ပြီး လိုက်ချွေတာလာပါတယ်။ ကိုယ်ဝန်ကြီးနဲ့မို့ သူပင်ပန်းမှာပဲ ဆိုပြီး ကလေးမမွေးခင်ထိအလုပ်ပြီးတဲ့အချိန်တွေမှာ ည ၁၁ နာရီ ၁၂ နာရီလောက်ထိ နှိပ်ပေးခဲ့ပါတယ်။
၅ ပတ်မြောက်လောက်မှာတော့ ပျင်းရင် သီချင်းလေးဘာလေး နာထောင်ရအောင်ဆိုပြီး သိမ်းထားတဲ့အိမ်အကူရဲ့ဟန်းဖုန်းကို ထုတ်ပေးခဲ့ပါတယ်။ တစ်ရက်မှာ နှိပ်ပေးရင်းနဲ့အိပ်ပျော်သွားလို့ နောက်ရက်တွေမှာအိမ်ရှင်မက နှိပ်ပေးတဲ့အခါတိုင်း ရုပ်ရှင်ကားဖွင့်ပြပေးထားပါတယ်။ ဒီလိုနည်းနဲ့ သူမကို နှိပ်ပေးအောင် ဆွဲဆောင်ခဲ့ပါတယ်။ ကလေးမွေးဖွားရ လွယ်ကူအောင် ကူညီပြီးနှိပ်ပေးခဲ့တာဖြစ်ပေမယ့် ကလေးမွေးပြီးသွားတဲ့အခါမှာလည်း နှိပ်ခိုင်းပြန်ပါတယ်။အဲဒီနောက်မှာအိမ်ရှင်လုပ်နေကြဖြစ်တဲ့ တစ်ပတ်တစ်ခါ ခြေသည်းလက်သည်း ပြုပြင်ရေးဆိုင်ကို မသွားတော့ပဲအိမ်မှာပဲ သူမကို လုပ်ခိုင်းပြန်ပါတယ်။ နှိပ်နယ်ပေးတဲ့အခါတိုင်း စက်ကာပူက သူဌေးတစ်ယောက်နဲ့ လက်ထပ်ဖို့ ပြောပြီး သူကူညီပေးမယ်လို့လည်း ပြောပါတယ် ဒါပေမယ့် သူမကတော့ လူမျိုးခြားနဲ့ယူတာကိုအိမ်က သဘောတူမှာ မဟုတ်ဘူးလို့အသာလေးပဲ ရှောင်ထွက်ခဲ့ပါတယ်။
အိမ်ရှင် “Amy Tree” သဝန်တိုပြီး စွပ်စွဲသလို သူယောက်ျားကိုလည်း မမြူဆွယ်ခဲ့ပါဘူး၊ သူမပေးထားတဲ့ မိတကပ်အလှပြင်ပစ္စည်းတွေလည်း တစ်ခုမှမသုံးပဲအဲဒီအိမ်က ထွက်မလာခင်မှာ သူ့ကိုအကုန်ပြန်ပေးခဲ့ပါတယ် ဒါပေမယ့်အချို့အလှပြင်ပစ္စည်းတွေက ရက်လွန်နေလို့ လွှင်ပစ်လိုက်တဲ့အတွက် ကျန်တောတွေပဲ ပြန်ပေးခဲ့ရပါတယ်။
အစားအသောက်နဲ့ ပက်သက်ရင်တော့အသီးရွက်တစ်ခွက်အသားဟင်းတစ်ခွက်ပဲ ချက်ပါတယ်။ ပထမဦးဆုံးလမှာအတူတူစားကြပေမယ့်အိမရှင်ရဲ့ရှေ့မှာမို့ ဝဝလင်လင် မစားရဲခဲ့ပါဘူး။ ကလေးမွေးပြီးတဲ့နောက်မှာတော့ နံနက်စာကလွဲရင် သူတို့စားပြီးတဲ့အချိန်ကျမှပဲ စားပါတယ်။ မနက်ပိုင်းဆိုရင်လည်း တစ်ရက်နဲ့တစ်ရက် သူတို့ နိုးလာတဲ့အချိန်က မတူတဲ့အတွက် သူမကအလုပ်လုပ်ရဦးမှာ ဖြစ်လို့အရင်ပဲစားလိုက်ပါတယ်။ ဒါကိုအိမ်ရှင်ဖြစ်သူက မင်းကအိမ်အကူဖြစ်ပြီး ဘာလို့ ငါတို့အရင်အမြဲတမ်းဦးအောင် စားရတာလဲလို့ မေးလို့ သူမက ပြန်ရှင်းပြတဲ့အခါ ပြန်ပြောတယ် ဖြစ်ပြန်ပါရော။အဲဒီအချိန်က စပြီး သူတို့အရင် မစားဖြစ်အောင် နေပါတယ်။ တစ်ခါတစ်ရံအိမ်ရှင်မက နေ့လည်စာချက်ပြီးအရင်စားနှင့်လို့ ပြောတဲ့အခါအိမ်ရှင်တွေ မစားရသေးပဲနဲ့ မစားဘူးလို့ ငြင်းလိုက်ပါတယ်။ ဒီအခါမှာ မျက်နှာပုတ်နဲ့ကြည့်တဲ့အတွက် ကြောက်ပြီး စားလိုက်ရပါတယ်။အဲဒီလိုကြောင့်အရင်စားနေရတာကို CCTV မှာ ရဲတွေကို ပြတာဖြစ်ပါတယ်။
ပြဿနာတစ်ခုဖြစ်တိုင်းအခန်းထဲမှာ စကားပြောရအောင်ဆိုပြီး ခေါ်ပါတယ်အဲဒီနောက် ပါးရိုက်ပါတယ်၊ သူတို့အခန်းထဲမှာ CCTV မတပ်ထားပါဘူး။ တစ်ရက်မှာတော့အိမ်ရှင်မက သတိလက်လွတ်ဖြစ်ပြီး CCTV တပ်ထားတဲ့ မီးဖိုခန်းထဲမှာ ရိုက်ပါတယ်။ ဒါကို စာအုပ်ထဲမှာ ရေးမှတ်ထားပြီး ရဲတွေကို ပြတဲ့အခါ သူမက စိတ်ဆိုးပြီး နောက်နေ့မှာအဲဒီစာအုပ်ကို ဆွဲဖြဲပစ်ပါတယ်။
အခုလိုအမြဲသဝန်တိုနေရင် ဒီမှာအလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်ကြောင်း ပြောတဲ့အခါအိမ်ရှင်မက ဒေါသထွက်ပြီး နင့်အကောင်က နင်ကို ပစ်သွားတာ ငါ့ယောကျ်ားကို နင်ကြံနေတာရိပ်မိသွားလို့ မဟုတ်လားလို့ စွပ်စွဲခြိမ်းခြောက်ခဲ့ပါတယ်။ နင့်ထောင်ထဲထည့်လို့ မရဘူးမထင်နဲ့ ဒီအပြင် စင်ကာပူမှာ ဘာအလုပ်မှ လုပ်လို့မရအောင် လုပ်လို့ရတယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့်အိမ်အကူဖြစ်တဲ့ သူမကတော့ ဘာမှ ပြန်မပြောပဲ လုပ်ချင်ရာလုပ်လို့ပဲ ပြောခဲ့ပါတယ်။ သူမစွပ်စွဲသလို မြူဆွယ်တာတွေ မဟုတ်ကဟုတ်ကတွေလည်း မလုပ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ သူမဟာ နောက်ထပ်အလုပ်ရှင်အသစ်တစ်ယောက်ရဲ့အိမ်ကို ပြောင်းပြီးအလုပ်ဝင်နေပါပြီ၊ ၇ နှစ်အရွယ် ကလေးကို ထိန်းပေးရတာဖြစ်ပြီး တစ်လမှာ ပိတ်ရက် ၄ ရက်နဲ့ ဖုန်းလည်း သုံးလို့ရပါတယ်။အိမ်ရှင်တွေအလုပ်သွားတဲ့အခါ ကလေးနဲ့ နှစ်ယောက်ထဲအိမ်ခန်းကျယ်ကြီးထဲမှာ WiFi သုံးရင်း သူမဘဝက သာယာနေပြီဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ယက် “Caroline Lalmuanpuii Vuite” ကနေ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။
Source & Photos:
>> အိမ်ရှင်ဖြစ်သူ “Amy Tree” ရဲ့ လူမှုကွန်ယက်ပေါ်ကနေ စွပ်စွဲရေးသားချက် <<