UNO ကို ဘယ်လို ကစားကြမလဲ ……
shwemom.com
|
2019-06-13

UNO ဂိမ်းဆိုတာကတော့အွန်လိုင်းမှာလည်း လွယ်လွယ်ကူကူ ကစားလို့ရပြီး နာမည်ကြီးတဲ့ ဂိမ်းတစ်ခု ဖြစ်သလိုအပြင်မှာ မိသားစုလိုက်၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ ဆော့ချင်ရင်လည်း ဆော့လို့ရတဲ့ Card ဂိမ်းတစ်ခုပါ။ တချို့ကတော့ UNO ဆိုတာကို သူများပြောတာပဲ ကြားဖူးထားပြီး ဘယ်လိုကစားရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။အဲဒီအတွက် UNO ကို ဘယ်လိုကစားရမယ်ဆိုတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁)။ UNO ကိုအနည်းဆုံး လူ (၂)ယောက်ကနေ (၁၀)ယောက်အထိ ကစားလို့ရပါတယ်။ UNO မှာ ကတ်ပေါင်း (၁၀၈) ကတ်ရှိပြီး စတင်ကစားပြီဆိုတာနဲ့ တစ်ယောက်ကို (၇)ကတ်စီ ဝေရမှာပါ။


phaustov / Shutterstock.com

(၂) ။ ကတ်တွေကို မွှေနှောက်ပြီး ကိုယ်နဲ့စတင်ကစားမယ့်သူတွေဆီ တစ်ယောက် (၇)ကတ်စီအလှည့်ကျဝေပေးလိုက်ပါ။ ဆော့မယ့်သူက ကိုယ်နဲ့သူငယ်ချင်းတစ်ယောက် ဆိုရင် တစ်ယောက်ကို တစ်ကတ်စီအလှည့်ကျ ဝေပေးရမှာဖြစ်ပြီး တစ်ယောက်ကို (၇)ကတ်ပြည့်တဲ့အထိဝေပါနော်။

(၃)။ (၇)ကတ်စီ ဝေပြီးသွားပြီဆိုရင်တော့ လက်ကျန် UNO ကတ်တွေထဲကအပေါ်ဆုံးကတ်ကို လှန်လိုက်ပါ။အဲဒီကတ်မှာ ပါတဲ့အရောင်အတိုင်း ကိုယ့်လက်ထဲက ကိုင်ထားတဲ့ကတ်တွေမှာအရောင်တူ ရှိ၊မရှိ ရှာရပါမယ်။အရောင်တူရှိတယ်ဆိုရင်အဲဒီအရောင်အတိုင်း ကတ်ကို ချ လို့ရပါတယ်။ တကယ်လို့အရောင်တူမရှိပေမယ့် ကတ်မှာပါတဲ့နံပတ်အတိုင်း ကိုယ့်မှာရှိတယ်ဆိုရင်လည်းအဲဒီကတ်ကိုချလို့ရပါတယ်။ (ဥပမာ-အလယ်မှာ ချထားတဲ့ကတ်ကအနီနံပတ်(၅)ဖြစ်နေပြီး ကိုယ့်ဆီမှာရှိနေတဲ့ကတ်ကအစိမ်းနံပတ်(၅)ဆိုရင်အရောင်မတူပေမယ့်အဲဒီကတ်ကို ချလို့ရပါတယ်။)


B. Iva’s photography / Shutterstock.com

(၄)။အလယ်မှာချထားတဲ့ကတ်နဲ့ နံပတ်လည်းမတူ၊အရောင်လည်းမတူ တဲ့တခြားကတ်တွေသာ ကိုယ့်ဆီမှာ ရှိနေတယ်ဆိုရင်တော့ ကတ်အပုံထဲကနေ နောက်ထပ် တစ်ကတ်ကို ထပ်ဆွဲရမှာပါ။အဲဒီ ဆွဲတဲ့ကတ်ကအရောင်တူ၊ဂဏန်းတူရင် ချလို့ရပြီး မတူဘူးဆိုရင်လည်း လက်ထဲမှာ ကိုင်ထားရမှာပါ။

(၅)။ UNO မှာအထူးကတ်တွေရှိပါတယ်။ +2 ဆိုတဲ့ ကတ်လေးတွေက ကိုယ့်ရဲ့ပြိုင်ဖက်ကို နောက်ထပ် (၂) ကတ် ထပ်တိုးအောင် လုပ်တဲ့ကတ်ပဲဖြစ်ပြီးအဲဒီကတ်ကို ချလိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့လက်အောက်မှာရှိတဲ့ ကစားဖော်က နောက်ထပ် နှစ်ကတ် ထပ်ဆွဲရမှာပါ။

ဒီအပေါ်ဆုံးမှာမြင်နေရတဲ့ ကတ်လေးကတော့ ကိုယ့်အောက်က ကစားသမားကို ကတ်ချခွင့် တစ်လှည့် ပိတ်ခွင့်ရှိတဲ့ ကတ်လေးပါ။အဲဒီကတ်ကို ချလိုက်တာနဲ့ သူ့ရဲ့အလှည့်ဆုံးရှုံးသွားမှာဖြစ်ပြီး ကတ်ချခွင့်လည်းမရှိတော့ပါဘူး။


sosn-a / Shutterstock.com

အသွားအပြန် မြှားပုံလေးတွေပါတဲ့ ကတ်ကတော့ ကတ်ဝေတဲ့အစဉ်လိုက်ဖြစ်မှုကို ပြောင်းလိုက်တာပါ။ ဥပမာ ဘယ်ကနေ ညာကို ဝေနေတယ်ဆိုရင်အဲဒီကတ်ကို ချလိုက်တာနဲ့ ညာကနေ ဘယ်ဖက်ကို ဝေပေးတာဖြစ်သွားမှာဖြစ်ပြီး သင့်ကိုတစ်ချိန်လုံးအခက်တွေ့အောင်လုပ်နေတဲ့ ကစားသမားက သင့်ရဲ့လက်အောက်ကို ပြန်ရောက်သွားနိုင်တဲ့အခွင့်အရေးရှိပါတယ်။အဲဒီကတ်မျိုးကအများကြီးရှိနေတာမို့ ဘယ်သူပဲချချ ချလိုက်တိုင်း ပြောင်းလဲသွားနိုင်တာပါ။

UNO မှာအရောင်ပြောင်းလို့ရတဲ့ကတ်တွေရှိပါသေးတယ်။ ရိုးရိုးအရောင်(၄)ရောင်ပါတဲ့ကတ်နဲ့ ၊အရောင်(၄)ရောင်ပါတဲ့ +4 ကတ်ဆိုပြီး (၂) မျိုးရှိပါတယ်။

ရိုးရိုးအရောင်(၄)ရောင် ပါတဲ့ကတ်က ကိုယ်လိုချင်တဲ့အရောင်ကို ရိုးရိုးတန်းတန်းပြောင်းလိုု့ရတဲ့ကတ်မျိုးပါ။ (ဥပမာ- သင့်ရဲ့လက်ထဲမှာ ကတ်(၂)ကတ်ပဲ ကျန်တော့ပြီး တစ်ကတ်က (၄)ရောင်ကတ်၊ နောက်တစ်ကတ်ကအနီရောင်ကတ်ဆိုရင် သင်က (၄)ရောင် ကတ်ကိုချပြီးအနီရောင်ဖြစ်အောင် ပြောင်းခွင့်ရှိပါတယ်။အဲဒါဆို နောက်တစ်ကြိမ် သင့်ရဲ့အလှည့်ပြန်ရောက်လာရင်အနီရောင်ကတ်နဲ့အဆုံးသတ်လို့ရပြီပေါ့)


sosn-a / Shutterstock.com

အရောင်(၄)ရောင်ပါတဲ့ +4 ကတ်ကတော့ ကိုယ်လိုချင်တဲ့အရောင်ကိုစိတ်ကြိုက်ပြောင်းလို့ရသလိုအဲဒီကတ်ချလိုက်တာနဲ့ ကိုယ့်အောက်ကလူကို (၄)ကတ် ထပ်ပေါင်းပေးပြီးသား ဖြစ်သွားမှာပါ။ ကိုယ်ကအဲဒီကတ် ချလိုက်ရင် ကိုယ့်လက်အောက်ကသူက ကတ်ချခွင့်မရှိတော့ပဲအပို(၄)ကတ် ထပ်ဆွဲရမှာဖြစ်လို့ UNO ကတ်တွေထဲမှာအင်အားအကြီးဆုံး ကတ်ပါပဲ။

(၆)။ လက်ထဲမှာ နောက်ဆုံး(၁)ကတ်ပဲ ကျန်တော့မယ်ဆိုရင် UNO လို့အော်ရပါတယ်။အဲဒါမှ ပြိုင်ဖက်တွေက ကိုယ့်ဆီမှာ တစ်ကတ်ထဲကျန်တော့မှန်း သိသွားကြမှာဖြစ်ပြီး ကတ်တွေထပ်ပေါင်းပေးဖို့၊ ဒါမှမဟုတ်ရင်အရောင်တွေပြောင်းပေးဖို့ ကြိုးစားကြမှာပါ။ UNO မအော်ဘူးဆိုရင်တော့ သင့်ကတ်တွေကုန်သွားသည့်တိုင်အောင် သင့်ကိုအနိုင်ပေးမှာမဟုတ်ပါဘူး။

(၇)။ ဂိမ်းအရတော့ နောက်ဆုံးမှာ ကတ်တွေအရင်ဆုံးကုန်သွားတဲ့သူကအနိုင်ပါ။ လက်ထဲမှာ ကတ်တွေမကျန်အောင်အရင်ဆုံး ဆော့နိုင်တဲ့သူပေါ့။ တကယ်လို့ ကတ်အပုံထဲက ကတ်တွေအားလုံးကုန်သွားတဲ့အထိအနိုင်အရှုံးမပေါ်ဘူးဆိုရင် ကိုယ့်လက်ထဲမှာကျန်နေတဲ့ ကတ်ပေါ်က ဂဏန်းအရေအတွက်ကို ပေါင်းရမှာဖြစ်ပြီး နံပတ်အနည်းဆုံးကျန်တဲ့သူက နိုင်မှာပါ။

(၈)။ ကိုယ့်လက်ထဲမှာ ကျန်နေတဲ့ ကတ်တွေထဲမှာ +2 ကတ်၊အလှည့်ပြောင်းပြန်ကတ်၊ ကတ်ချခွင့်ကိုပိတ်တဲ့ကတ်တွေ ပွဲပြီးတဲ့အထိ ရှိနေဦးမယ်ဆိုရင်အဲဒီအတွက် တစ်ကတ်ကို point (20) ထပ်ပေါင်းခံရမှာဖြစ်ပြီး +4 ကတ်ကိုင်ထားတယ်ဆိုရင်တော့ point (50) ထပ်ပေါင်းခံရမှာဖြစ်ပါတယ်။

Linn

Source : Wikihow




Some text some message..