ရပ်၊ ဒီမှာတင်ရပ်
hellosayarwon.com
|
2019-06-20


  လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာအများစုရဲ့ သဘာဝပါ။မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာအထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကိုအတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် 'ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး' ဆိုသလို ဖြစ်လာတတ်ပါတယ်။ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိအချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။   ၁။ သင့်ကို ထိန်းချုပ်လွန်းတယ်   ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်းအပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ မဟုတ်သေးပါဘူး။သဝန်တိုတာဟာ ချစ်ခြင်းရဲ့ သင်္ကေတ တခုဖြစ်ပေမယ့် လိုတာထက် ပိုလာရင်အန္တရာယ်ရှိပါတယ်။ဒါဟာ သင့်ကို ထိန်းချုပ်လွန်းခြင်း၊လွတ်လပ်ခွင့်ကို ထိပါးခြင်းပါပဲ။ဒါဟာ ရေရှည်မှာ မကောင်းပါဘူး။ရည်းစားဟောင်းနဲ့ နှစ်ယောက်တည်း ချိန်းတွေ့လို့ ဒေါသထွက်တယ်ဆိုရင်တော့ သဘာဝကျပါတယ်။ဒါဟာ ထိန်းချုပ်လွန်းတာ မဟုတ်ပါဘူး။ဒါပေမယ့် သာမန်ကိစ္စလေးတွေကိုပါ ဟိုဟာလုပ်၊ဒီဟာမလုပ်နဲ့ စသဖြင့် ထိန်းချုပ်လွန်းရင် ဒီဆက်ဆံရေးဟာ ကောင်းကျိုးထက် ဆိုးပြစ်တွေပဲ များလာပါလိမ့်မယ်။ချစ်သူရည်းစား၊အိမ်ထောင်ဖက်တွေဆိုတာဟာ တဦးနဲ့တဦး နားလည်မှုရှိရမှာပါ။ချုပ်ကိုင်ရမှာ မဟုတ်ပါဘူး။   ၂။ သင့်ရဲ့ လေ့လာသင်ယူ တိုးတက်မှုတွေကိုအသိအမှတ်ပြုအားမပေးဘူး  အသက်၂၀ပဲဖြစ်ဖြစ်အသက်၉၀ပဲဖြစ်ဖြစ် လူဆိုတာဟာအမြဲတမ်း တိုးတက်အောင် လေ့လာသင်ယူနေရမှာပါ (သွားတွေမရှိတော့တဲ့အခါ သွားဖုံးနဲ့ ဘယ်လိုကြိတ်ဝါးမလဲ သင်ယူရတာအပါအဝင်ပေါ့)။ယေဘုယျအားဖြင့် ကောင်းမွန်ပျော်ရွှင်တဲ့ ပေါင်းသင်းဆက်ဆံရေးတခုဟာဆိုရင် ကိုယ့်ချစ်သူ၊အိမ်ထောင်ဖက် တစုံတရာ တိုးတက်ကောင်းမွန်လာပြီ၊အသစ်အဆန်းတခုခု တတ်မြောက်လာပြီဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့အားပေးကြိုဆိုရပါမယ်။ဒီလိုမဟုတ်ဘဲ သင်တဆင့်မြင့်သွားမှာ၊တိုးတက်သွားမှာ တနည်းပြောရရင် သူ့ထက်ပိုသာသွားမှာကို တွေးကြောက်ပြီးအပျက်စကားတွေပဲ ပြောနေတယ်ဆိုရင်တော့ ဒီလူနဲ့ သင်ရှိမနေသင့်တော့ပါဘူး။စဉ်းစားချိန် တန်ပါပြီ။   ၃။ သင့်ကို မလေးစားဘူး   ဒါဟာအထူးတလည် ရှင်းပြနေစရာတောင် မလိုပါဘူး။ရှင်းနေပါပြီ။လူတဦးနဲ့ တဦးဆက်ဆံရေးမှာ လေးစားသမှုရှိခြင်းဟာအခြေခံအကျဆုံးအချက်ဖြစ်ပါတယ်။သင့်ရဲ့အသည်းတခြမ်းကိုယ်တိုင်က သင့်ကို လေးစားတန်ဖိုးထားခြင်း မရှိတဲ့အခါ သင့်အနေနဲ့ စိတ်ဆိုးဒေါသထွက်ခြင်း၊ဝမ်းနည်းသိမ်ငယ်ခြင်း၊စိတ်ဖိစီးခြင်း၊မိမိကိုယ်ကို တန်ဖိုးထားမှုကျဆင်းခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ဒါ့အပြင် သင့်ကို ပြစ်တင်စွပ်စွဲမယ့်စကားတွေ၊နှိမ့်ချမယ့် စကားတွေကို ပြန်လည်ချေပဖို့အမြဲမောင်းတင်ထားရတဲ့အတွက် စိတ်နဲ့ခန္ဓာကို ပင်ပန်းစေပါတယ်။ဒါကြောင့် ဒီအချက်ကလည်း မဟန်ပါဘူး။   ၄။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင်ဖွင့်ဖို့အဆင်မပြေဘူး   သင်ဟာ စကားသွက်တဲ့သူပဲဖြစ်ဖြစ်၊ခပ်အေးအေး စကားနည်းနည်း နေတတ်သူပဲဖြစ်ဖြစ်အရေးကြီးတဲ့အကြောင်းအရာတခု ရှိလာရင် ချစ်ရသူနဲ့ ရင်ဖွင့်ဆွေးနွေးချင်မှာပါ။ဒီလို တိုင်ပင်ရင်ဖွင့်တဲ့အခါ လှောင်ပြောင်ပျက်ရယ်ပြုခြင်း၊ဝေဖန်ပြစ်တင်ခြင်းအလျဉ်းမရှိဘဲ နှစ်သိမ့်အားပေးမယ်၊လိုအပ်တဲ့အကြံဉာဏ်ကောင်းတွေ ပေးမယ်ဆိုရင် ဒါဟာအင်မတန်မှကို နှစ်ဦးနှစ်ဖက်အကျိုးရှိပျော်ရွှင်ရတဲ့အချစ်ရေးတခု ဖြစ်လာမှာပါ။ဒီလိုမှ မဟုတ်ဘဲ သင်ရင်ဖွင့်လိုက်လို့ သင့်ချစ်သူ/အိမ်ထောင်ဖက်ကအဆိုးမြင်ဖက်က တုံ့ပြန်မှုတွေ လုပ်လာမယ်၊သင့်ကို ဝေဖန်ပြစ်တင်မယ်ဆိုရင် သင့်အတွက် မြိုသိပ်ရတာတွေ ပိုမိုများပြားလာမှာပါ။ဒါဟာ တော်တော်လေး ဆိုးကျိုးများတဲ့အနေအထားတခု ဖြစ်ပါတယ်။   ၅။ သင့်ချစ်သူ/အိမ်ထောင်ဖက်က သင့်ကိုအနိုင်ကျင့်တယ်   ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း နှစ်မျိုးလုံး ပါဝင်ပါတယ်။ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်တာမျိုးကတော့အဆိုးဆုံးပေါ့။ငယ်ငယ်က ကျောင်းမှာအနိုင်ကျင့်ခံရတာမျိုးကိုအရွယ်ရောက်မှ တခါထပ်ခံစားရပြန်ပြီဆိုရင်တော့ ဒီအချစ်ရေး/အိမ်ထောင်ရေးဟာ သင့်အတွက် ဘယ်နည်းနဲ့မှအဆင်မပြေနိုင်တော့ပါဘူး။   ၆။ သင့်မိဘနဲ့အဆင်မပြေတဲ့ ချစ်သူ   ဒါဟာ ကြုံရတတ်တဲ့အခြေအနေလေးတခုပါ။အိမ်ထောင်ပြုကြတဲ့အခါ နှစ်ဦးတည်းအဆင်ပြေရုံနဲ့ မရတော့ဘဲ နှစ်ဖက်အသိုင်းအဝိုင်းနဲ့ပါအဆင်ပြေဖို့ လိုအပ်လာပါပြီ။မိဘနဲ့အဆင်မပြေတဲ့ ချစ်သူကို လက်ထပ်တဲ့အခါ နောက်ပိုင်းရင်ဆိုင်လာရမယ့် စိတ်ညစ်ညူးထိခိုက်စရာတွေအများကြီးရှိလာတတ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ သံခင်းတမန်ခင်းတွေ သုံးပြီး နှစ်ဖက်ပြေလည်အောင် တတ်နိုင်သမျှ ပညာကုန်သုံးပြီး ညှိနှိုင်းဖို့ လိုအပ်သလို ဘယ်လိုမှ ညှိနှိုင်းလို့အဆင်မပြေတော့ဘူးဆိုရင်တော့ တဖက်ဖက်ကို လွှတ်ချဖို့ လိုအပ်လာပါပြီ။   ဒါတွေကတော့ Relationship တခု တည်ဆောက်ပြီဟေ့ဆိုရင် ကြုံလာရတတ်တဲ့ ပြဿနာလေးတွေ ဖြစ်ပါတယ်။ရုတ်တရက် ကြည့်ရင်အရေးမကြီးဘူးထင်ရပေမယ့်အချိန်ကြာလာလို့အားလုံးပေါင်းစုသွားရင် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် သင့်ရဲ့ လက်ရှိအချစ်ရေးမှာအထက်ပါအချက်လေးတွေ ရှိနေပြီလား၊ရှိနေပြီဆိုရင်လည်း ဘယ်လိုပြင်ဆင်သုံးသပ်မလဲဆိုတာကို စဉ်းစားနိုင်စေဖို့အတွက် မျှဝေလိုက်ခြင်းပဲ ဖြစ်ပါတယ်။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..