မကောင်းတဲ့အလေ့အကျင့်တစ်ခုခုလုပ်မိတာနဲ့ ဓာတ်လိုက်သတိပေးမယ့် Pavlok Bracelet ဆိုတဲ့နာရီကို (၂၄၂) ဒေါ်လာ၊ မြန်မာငွေ (၄၀၀,၀၀၀) ဝန်းကျင်နဲ့ Amazon ကနေ စတင်ရောင်းချပေးနေပါပြီ။
ကိုယ်သတ်မှတ်ထားတဲ့ ပမာဏကိုကျော်လွန်သွားတာနဲ့ ၎င်းလက်ပတ်လေးကနေပြီး ဗို့အား (၃၅၀) ရှိတဲ့ လျှပ်စစ်လှိုင်းတစ်ခုကို လွှတ်ပေးလိုက်မှာပါ။ ဒါ့အပြင် ဒီလက်ပတ်နာရီလေးက လက်သည်းကိုက်တတ်သူတွေ၊ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေ၊အအိပ်မက်တဲ့သူတွေနဲ့အင်တာနက်အလွန်အကျွံသုံးတတ်တဲ့သူတွေအတွက်လည်းအလုပ်ဖြစ်ပါတယ်။
လျှပ်စစ်လှိုင်းကို ကိုယ်တိုင်သတ်မှတ်နိုင်သလို သူငယ်ချင်းတွေ မိသားစုတွေကနေပြီးတော့လည်း ၎င်းပစ္စည်းရဲ့ App ကို ဒေါင်းလုပ်ဆွဲ ချိတ်ဆက်ပြီး ကိုယ်မဟုတ်တာတစ်ခုခုလုပ်နေတဲ့အချိန် ရှော့လှမ်းရိုက်လိုက်လို့ရပါတယ်။အိပ်ချိန်မမှန်တာနဲ့ နောက်ကျမှထတဲ့သူတွေကိုအာခေါင်ကွဲအောင်အော်နှိုးနေမယ့်အစား ဒီ App လေးနဲ့ ရှော့လှမ်းရိုက်လိုက်မယ်ဆို ပိုအဆင်ပြေပါတယ်။
ထုတ်လုပ်သူတွေကေ “ဒီလက်ပတ်လေးက သင်ရပ်ပစ်ချင်နေတဲ့ မကောင်းတဲ့အကျင့်တွေကို (၄-၅) ရက်အတွင်း သိသိသာသာ လျော့ကျသွားစေနိုင်ပါတယ်” လို့ဆိုပါတယ်။အားသွင်းပြီးသုံးရတဲ့ လတ်ပတ်အမျိုးအစားဖြစ်ပြီး တစ်ခါအားအပြည့်သွင်းထားပြီးရင်အကြိမ် (၁၅၀) ရှော့ရိုက်လို့ရပါတယ်။အားဘယ်လောက်ခံတယ် မခံဘူးဆိုတာက ကိုယ်ဘယ်လောက် လိမ္မာတယ်၊ မလိမ္မာဘူးဆိုတာပေါ်မူတည်ပြီး ကွဲသွားပါလိမ့်မယ်။
ဗို့အား (၃၅၀) ဆိုတာအရမ်းကြီးပြင်းတဲ့ ဗို့အားပမာဏတော့မဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်ရှိနေတဲ့အရာဝတ္ထုတစ်ခုကိုကိုင်မိလို့အနည်းငယ်လောက် ကျင်တက်သွားသလောက်ပဲရှိပါတယ်။ ဒီလက်ပတ်လေးကို သုံးဖူးတဲ့သူတွေရဲ့ မှတ်ချက်တွေအရတော့အကောင်းနဲ့အဆိုး ရောထွေးနေပါတယ်။ ရိုးရာလေးပရိတ်သတ်ကြီးရော မကောင်းတဲ့အကျင့်တွေကို မြန်မြန်ဆန်ဆန်ရပ်တန့်နိုင်အောင် ဒီလိုပစ္စည်းမျိုးကို သုံးကြည့်ဖို့အသင့်ဖြစ်နေပြီလား။
Ref : Dailymail “Amazon is selling a bracelet that gives you an electric SHOCK when you eat too much fast food, bite your nails or spend too much time on the internet”
Po Mo Htoo Aung (ရိုးရာလေး)