ရုံးပိတ်ရက်မှာ ပင်ပန်းတာတွေပျောက်သွားအောင် ဘယ်လိုအနားယူသင့်လဲ
shwemom.com
|
2019-07-05

ရုံးပိတ်ရက်မှာ သင် တကယ်ရော နားရရဲ့လား။ တချို့တွေအတွက်တော့ ရုံးတက်ရက်တွေကတောင် ပိုလို့ သက်သာနေပြီး ရုံးပိတ်ရက်ရောက်ပြီဆိုတာနဲ့အိမ်လုပ်တွေ စုပြုံလုပ်ရတာမို့ ရုံးပိတ်ရက်တွေဆို ပိုပြီး ပင်ပန်းတတ်ကြပါတယ်။ ဒီတော့ သင့်အနေနဲ့ ရုံးပိတ်ရက်မှာ နားဖို့ တကယ်ဆုံးဖြတ်ထားပြီးပြီဆိုရင် ဒီအချက်တွေကိုအသုံးချပြီးအပြည့်အဝနားပါ။ လုံးဝကို နားတဲ့နေ့ပေါ့။

(၁)။ ဘာမှချက်စားဖိုု့ မစဉ်းစားပါနဲ့
အလုပ်နားတဲ့ရက်မှာ ကောင်းကောင်းလေးချက်စားဦးမယ်ဆိုပြီး စဉ်းစားမနေပါနဲ့။ ဟင်းချက်ဖို့အတွက် ဈေးဝယ်ရ၊ ခုတ်ရ၊ထစ်ရနဲ့အနည်းဆုံး(၂)နာရီလောက်တော့အချိန်ပေးရမှာ။ ဒီတော့ ကောင်းကောင်းလေး ချက်စားမယ်လို့ စဉ်းစားနေမယ့်အစား ကောင်းကောင်းလေးသာ ဝယ်စားလိုက်ပါ။


Dima Sidelnikov/Shutterstock

(၂)။အိမ်အလုပ်တွေကို တတ်နိုင်သလောက်မလုပ်နဲ့
ကိုယ်က နားမယ်လို့ ဆုံးဖြတ်ထားတဲ့နေ့မှာအိမ်အလုပ်တွေကို တတ်နိုင်သလောက်မလုပ်ပဲနေဖို့ ကြိုးစားပါ။အဝတ်လျှော်စရာရှိတယ်မို့လား၊ ဒိုဘီအပ်လိုက်။အမှိုက်တွေပစ်ဖို့ရှိတယ်ဆိုရင်အမှိုက်သိမ်းတဲ့သူကိုခေါ်လိုက်၊အခန်းသန့်ရှင်းရေးအတွက် တံမြက်စည်းလေးနည်းနည်းလှည်းတာကလွဲရင် တတ်နိုင်သလောက် ဘာဆိုဘာမှမဟုတ်ပဲနေပါ။


sebra/Shutterstock

(၃)။ ကိုယ့်စိတ်ထဲကလုပ်ချင်နေတာတွေကိုအကောင်အထည်ဖော်ပါ
ပိတ်ရက်ကျရင် ဘာလုပ်မယ်လို့တွေးထားလဲ။ ကြည့်ချင်တဲ့ရုပ်ရှင်ကားတွေစုထားတာ၊ စာအုပ်ဖတ်ချင်တာလေးတွေရှိနေတာ၊ ခြေသည်းလက်သည်းအလှပြင်ချင်နေတာ၊ ဆံပင်ညှပ်ချင်တာ စတာတွေကိုအကောင်အထည်ဖော်ပါ။ သက်သောင့်သက်သာရှိမယ့် နေရာလေးတစ်ခုကိုရွေးပြီး ကိုယ်လုပ်ချင်တာလေးကိုသာ စိတ်အေးချမ်းသာစွာလုပ်နေစမ်းပါ။အဲဒါကအနားယူနည်းတစ်မျိုးပဲဆိုတာ လုံးဝကိုသေချာပါတယ်။

(၄)။ တတ်နိုင်သမျှအင်တာနက်၊ ဖုန်းတွေမသုံးပါနဲ့
အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့ မက်ဆင်ဂျာကနေ သူငယ်ချင်းတွေလှမ်းခေါ်တာ၊အလုပ်ရှင် ဒါမှမဟုတ် မန်နေဂျာက တစ်ခုခုလှမ်းခိုင်းတာ စသဖြင့် ကိုယ့်ရဲ့အနားယူချိန်ကို ပျက်စီးသွားအောင်လုပ်မယ့် ကိစ္စတွေ ပေါ်လာမှာပါ။အီးမေးလ်ထဲမှာ ရုံးတက်ရက်ကျရင်လုပ်ဖို့ ခိုင်းထားတဲ့ ကိစ္စတွေကို မြင်လိုက်ရင်လည်း သင် စိတ်မချမ်းမသာ ဖြစ်ရဦးမှာပါ။ ဒီတော့ တတ်နိုင်သမျှအင်တာနက်၊ ဖုန်းတွေ မသုံးပါနဲ့။


Eviart/Shutterstock

(၅)။အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးဝအောင်အိပ်တယ်ဆိိုတာက ရုံးပိတ်ရက်တွေရဲ့အသက်ပါပဲ။ တစ်ပတ်လုံး မနက်စောစောထပြီး ရုံးသွားထားရတာ။ ဒီတော့ ပိတ်ရက်လေးမှာတော့အိပ်ရေးဝအောင်အိပ်သင့်တာပေါ့။ သင့်ရဲ့အိပ်ချိန်ကို (၈)နာရီအနည်းဆုံး ရှိနေအောင်အိပ်ပါ။ ညဆို ဟိုလုပ် ဒီလုပ်နဲ့ သန်းခေါင်ကျော်သွားတာမျိုး၊ မနက်ဆိုရင်အကြောင်းတစ်ခုခုကြောင့် စောစောထရတာမျိုး မဖြစ်ပါစေနဲ့။

ဒီတော့ သင့်အနေနဲ့ ပိတ်ရက်မှာအကောင်းဆုံးအနားယူမှု ဖြစ်စေဖို့အိမ်မှာနေမယ်၊ ကောင်းကောင်းစားမယ်၊ ကိုယ်လုပ်ချင်တာလေးတွေလုပ်မယ်၊ ကောင်းကောင်းအိပ်မယ်၊ ဒါပဲပေါ့။ ပြည့်ပြည့်၀၀အနားယူရတဲ့ ရုံးပိတ်ရက်လေး ဖြစ်ပါစေ။

Linn




Some text some message..