![]()
ကိုယ့်က ချစ်တတ်ပါရက်နဲ့ ဘာကြောင့်အမျိုးသမီးတွေက လျှော်သွားရတာလဲ၊ ဘာလို့ မဒိတ်ချင်ကြရတာလဲ၊ တစ်ခါ နှစ်ခါလောက်ပဲ တွေ့ပြီး ပစ်ချသွားတာ ဘာလို့လဲ…။အဲ့ဒီ့လိုမျိုး မေးခွန်းတွေရဲ့နောက်မှာ ငါက မချောလို့လား၊ ဆွဲဆောင်မှုမရှိလို့လား၊ ဘာမှားနေလို့လဲ စတဲ့အတွေးတွေအငြင်းခံ၊အချေခံ ညီအစ်ကိုတို့ ဝင်ဖူးမှာပေါ့..။ မညစ်ပါနဲ့… တကယ်လည်းအမျိုးသမီးတွေ သဘောမကျတဲ့အချက်တွေ ညီအစ်ကိုတို့မှာ ရှိနေတာကြောင့်အခုလိုမျိုး ချိန်ပါ၊ တေ့လွဲ၊ ပိုးဟပ်ဖြစ်နေရတာပါ။
24/7အလုပ်များသူ…
အလုပ်မှာဆိုအံအားသင့်စရာကောင်းတယ်၊ ဒါကို သက်သေပြနိုင်တဲ့ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ သူဆိုပါစို့။ ဘော်ဒါတွေအချင်းချင်းကြားမှာဆိုလည်း ကြွယ်တယ်၊အသက်မွေးအလုပ်အောင်မြင်မှုတွေနဲ့ ကိုယ်ရည် သွေးပြမယ်၊ ဒါတွေက တစ်ချို့အမျိုးသားတွေအတွက်တော့အမှတ်ယူစရာကြီးလို ဖြစ်နေတတ်ပါတယ်။
ဒိတ် လုပ်နေတုန်းမှာအလုပ်ကိစ္စတွေ လွှတ်ပြောနေမယ်ဆို တစ်ဖက်အမျိုးသမီးမှာလည်း လွတ်လမ်းကို ရှာနေမှာပဲလေ။ သူမအနေနဲ့ တစ်ချိန်လုံး ငြီးငွေ့စရာအသံနဲ့ ပြောနေဆိုနေတာကို ခံစားနိုင်မှာ မဟုတ်သလို ရုံးက တစ်နေတာအကြောင်းအရာတွေကိုလည်း စိတ်ဝင်စားမှာပဲ မထင်သင့်ပါ..။
ပြောသင့်တာက နှစ်ယောက်စလုံး စိတ်ဝင်စားတာမျိုး၊ ရုပ်ရှင်ကစလို့အားကစားအကြောင်းတွေ၊ ကိုယ့် ကားထဲ ဘယ်လောက်အေးတယ်၊အိမ်က ဘယ်လောက်ဝေးတယ် စသဖြင့် ပြောဆိုနိုင်ပါတယ်။ သင့်အလုပ်အကြောင်းက လွဲပြီး တခြား ကိစ္စတွေကို ပြောပါ။အဓိကကတော့ ပြောစရာအရင်ရှာထားပါ…။
![]()
4 PM production/Shutterstock
တောက်တဲ့ကပ်သလို ကပ်ပြီး တော်တော်ဖြစ်နေသူ….
ဘယ်သူ့ကမှ တောက်တဲ့ကပ် ကပ်နေတာကို မကြိုက်ကြပါဘူး…။အမျိုးသမီးမပြောနဲ့အမျိုးသားဖြစ်တဲ့ ကိုယ်တောင်မှအိမ်ကအပျောက်မခံနိုင်လို့ လိုက်ဆက်နေတာတွေကိုအာရုံနောက်တယ်ထင်တတ်ကြတာပဲ။
ဒါပေမယ့် ကိုယ်ကြိုက်တဲ့အမျိုးသမီးကိုအကြိမ်ပေါင်းများစွာ စာပို့ဖို့အကြောင်းပြချက်တွေ မလိုအပ်ပေမယ့် ညတိုင်း စကားမပြောဖြစ်ဘူးဆိုရင်တော့အစစအရာရာအဆင်ပြေရဲ့လား ဆိုတာမျိုးတော့ မေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ်နဲ့ ကံတရားကို ယုံကြည်မှုရှိဖို့လိုတယ်၊ သူလည်း ကြိုက်တယ်ဆိုအရာရာတိုင်းဟာ လိုလိုအဆင်ပြေလာမှာပဲ၊ မကြိုက်ဘူးဆိုလည်း ဘာလိုပဲလုပ်လုပ်အဆင်ပြေမှာ မဟုတ်ဘူး။
ဒါပေမယ့်အမြဲတမ်း သူများ ကိုယ့်ကိုယ် ချီးကျူးအောင် ပြုမူ လုပ်ကိုင်ပြနေတာမျိုး၊ ကိုယ်ရည်သွေးပြနေတာမျိုး၊ သူတစ်ပါးအပေါ် ယုံမှား သံသယတွေ လွန်ကဲနေတာမျိုးတွေကတော့ ပေါ်တင်ကြီး စိတ်ကုန်သွားစေနိုင်တဲ့အချက်တွေဆိုတာ သတိရပါ…
![]()
Kues/Shutterstock
မေမေချစ်တဲ့ သား….
တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတဲ့အခါ ကိုယ့်အမေအကြောင်းအရမ်းပြော၊အကြောင်းအရင်းမရှိဘဲ စကားတွေထဲမှာ ပါလာတတ်၊အဲ့ဒီ့အချိန်အမေက ဖုန်းဆက်….
မိဘတွေအကြောင့် တစ်ချို့တစ်လေပြောပြတာကတော့ ကောင်းပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ်လည်း သားကောင်းတစ်ယောက်ဆိုတာ ဖော်ပြနေတာမျိုးပဲလေ။ တစ်ခါတစ်လေအမှတ်တမဲ့အိမ်က လှမ်းချက်ခ်တာမျိုးကတော့ ကိစ္စမရှိပေမယ့်အမြဲတမ်းဆို မိသားစုက ကိုယ့်အတွက် သိပ်အရေးပါသလာဆိုပြီး စကားများရတာတွေလည်း ရှိကောင်းရှိနိုင်တယ်။
ဒါပေမယ့် ဘရိုနဲ့ ဒိတ်နေတဲ့ မိန်းကလေးကတော့ ဘရိုကအမေရဲ့ ရုပ်သေးလေးလို့ ဖြစ်နေ၊ မနေဆိုတာကို ကောင်းကောင်း သိကြတယ်။အမျိုးသမီးတွေက လက်လွတ်ပြီးအမှီခိုကင်းတဲ့ ယောကျာ်းလေးတွေကို သဘောကျကြတယ်။ ဒီလိုပြောလို့လည်း တောကတက်လာသလို၊ တောသားတွေလို ဟန်ဆောင်နေရမယ်လို့လည်း မဆိုလိုပါ။ ကိုယ့်ခြေ ကိုယ့်လက်နဲ့ လုပ်နိုင်ကိုင်နိုင်တာကို ပြသရမယ်၊အမေ့ရဲ့ ခွင့်ပြုချက်ယူစရာမလိုဘဲ ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ချက်ချနိုင်ရမယ်။
![]()
LightField Studios/Shutterstock
အမြဲ ရဲဆေးတင်ရအောင် စစ်တိုက်နေတာမဟုတ်…
မသောက်တတ်လို့လည်း ရတယ်၊ သောက်တတ်လည်း ဘာမှမဖြစ်ဘူး… ယောကျာ်းတွေလေ။ ဒါပေမယ့် စိတ်ခံစားမှုအခြေအနေတွေ ချောင်လည်အောင် ဆီးထိုးနေရသလို ပုံမှန် သွေးဆူအောင်အရက်သောက်နေရတဲ့ သူတွေကျတော့လည်း ပုံမလာပြန်ဘူး။
တစ်ခုကအမျိုးသမီးတွေဟာ ကိုယ့်ရဲ့အားနည်းချက်ကို လှစ်ဖော်ပြတတ်တဲ့အမျိုးသားတွေကို နှစ်သက်ကြတယ်။ ဒါပေမယ့် ဖွင့်ဟဖို့အမြဲ သောက်ဖို့လိုနေတဲ့ သူနဲ့ ကျတော့လည်း သူတို့တွေကအတူမရှိချင်ကြပြန်ဘူး။
အမျိုးသားတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို တော်ရုံမပြောဖို့ ရိုက်သွင်းထားတဲ့ သတ္တဝါတစ်မျိုးပဲ။ ဒါက ကျွန်တော်တို့ ညီအစ်ကိုတို့ တတွေ တိတ်တဆိတ် ဓာတ်ပျက်ရခြင်းအကြောင်းရင်းတွေထဲအဓိက တစ်ချက်ပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ထိန်းချုပ်ထားမှုတွေ၊ သတိရှိနေမှုတွေကို ဖြေလျှော့လိုက်ပြီး ခံစားချက်တွေကိုအရိုးသားဆုံး ထုတ်ဖော်ပြတာနဲ့လည်း ရည်းစားရသွားနိုင်ပါတယ်။
![]()
Syda Productions/shutterstock
Selfies တွေ တောင်းခြင်း
သူမရဲ့ ဓာတ်ပုံတွေကြည်ချင်တာကအပြစ်မဟုတ်ဘူးလေ… ကျွန်တော်တို့ ယောကျာ်းတွေကလည်းအတွေးအမြင်နဲ့တင် ခံစားကြည့်လို့က ရနေတာကိုး ။ ဒီလို ဖြစ်အောင်လည်း သဘာဝကြီးကပဲ ဖန်တီးထားပေးတာဗျ….။
ထားပါတော့ ကိုယ့်ကတော့ သဘောကျတဲ့သူကို ချစ်စရာ ကောင်းတဲ့ ပုံလေးတစ်ပုံလေး ပြပါလားဆိုပြီး တောင်းမယ်… ဒီလိုမျိုးတောင်းတာက တွဲခုတ်ဖို့ ကြံနေတာမျိုးဆိုတဲ့ ခံစားမှုကို ပေးတာမျိုးဖြစ်စေတယ်။ နောက်တစ်ခု… ရုပ်ပိုင်ဆိုင်ရာအရ ပတ်သက်ဆက်နွှယ်မှုကိုပဲ လိုချင်တာမျိုးဆိုလည်း ဒီလို တောင်းတာ မမှားသေးဘူး။ ဒါပေမယ့်အချစ်သံယောဇဉ်တစ်ခုကိုအမှန်တကယ် ရှာဖွေနေတာမျိုးဆိုရင်တော့ ဒီလို တောင်းဆိုနေတာတွေကို ရပ်လိုက်သင့်ပြီ။
ကိုယ့်ဆီရောက်လာတဲ့အရာတွေ သူငယ်ချင်းတွေနဲ့ ရှဲလုပ်တဲ့ သူတွေ တကယ်ရှိပါတယ်။ တစ်ချို့သောအနေအထားတွေမှာဆို သူမ ပို့လိုက်တဲ့ တစ်စုံတစ်ရာဟာ တစ်စုံတစ်ယောက်တိုင်းအတွက် ဖြစ်သွားနိုင်တယ်ဆိုတာ သူမကိုယ်တိုင်လည်း သဘောပေါက်တယ်။အဲ့လိုပို့လိုက်တယ်ဆိုရင်လည်း ဒါ နောက်ဆုံးလို့သာမှတ်ယူလိုက်ပါတော့။ ဒီလိုမျိုးတွေ လုပ်နေသေးတယ်ဆို ရပ်တန်းက ရပ်သင့်ပါပြီ။
![]()
Roman Samborskyi/Shutterstock
ပေါပေါပဲပဲ
လမ်းဘေးနားကအကြော်ဆိုင်တဲမှာ မထိုင်ချင်ဘူး….” ကြားဖူးမှာပါ။ ဒါအခုခေတ်လို Feel တို့ Burma Bistro တို့လို ဆိုင်တွေ မပေါ်လာခင်ကတည်းက ထွက်ခဲ့တဲ့ သီချင်းဆိုတော့ စဉ်းစားပါလေ….။
ဒိတ်မယ့်အခါမျိုးမှာ သက်သာမယ့်နေရာရွေးတာ၊ ဘေရှင်းခါနီး တစ်ခုချင်းစီထောက်ပြီး မျှခံခိုင်ဖို့ တောင်းဆိုတာ၊ ပိုက်ဆံမဖြုန်းချင်တာကြောင့် လူမှုရေးပွဲ၊အခမ်းအနားတွေကို ရှောင်တတ်တာမျိုးနဲ့တော့ ရည်းစားထားဖို့အဆင်မပြေပါဘူး။
ဒါမျိုးတွေ လုပ်နေတယ်ဆိုလည်း ဒီ နားတင်ရပ်ဖို့လိုနေပါပြီ။အမျိုးသမီးတွေက ပေါပေါပဲပဲဆို ဆောရီးပဲဆိုတဲ့ စိတ်ရှိကြတယ်။အထူးသဖြင့်အစကတည်းကအမိုက်စား ဒင်နာစီစဉ်ပေးရမယ်လို့လည်း မဟုတ်ဘူး။အမြဲ ပိုက်ဆံကို ရှေ့တန်းတင်ပြီး မသုံးရင်တော့လည်း မဟုတ်ဘူး။ မသုံးပြလို့ ချမ်းသာသွားလားဆိုတော့လည်း မဟုတ်ပြန်ဘူး။
ဒီနေရာမှာတော့ လူပြိန်းအသိကိုပဲ လက်ခံကျင့်သုံးသင့်တယ်။ ဘာမှ ရဖို့ မျှော်လင့်ချက်မထားဘဲ ပေးကမ်းတာက လောကကြီးထဲအကောင်းဆုံး နေထိုင်တဲ့ နည်းလမ်းပဲ။ ဘာအတွက်ဖြစ်ဖြစ်အိတ်ထဲက နေ ဆတ်ခနဲ့ ထုတ်ထုတ်ပေးတိုင်းအရူးဖြစ်ကြေးလား…. ဘေလ်တွေကို သိမ်းထားပြီး ရည်းစားမရလို့၊ ကိုယ့်ရည်းစား နောက်တစ်ယောက်နောက်ပါသွားလို့ ရူးနေတဲ့အရူးနဲ့ ဘယ်ဟာ ပိုရူးလဲ?
![]()
Benevolente82/Shutterstock
နက်ဂတစ်တွေ သိပ်များနေရင်….
တစ်ဖက်သားကိုအလွယ်လေး နှိမ်လိုက်တာမျိုး၊ ရည်းစားဟောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ဘဝထဲက တခြားသူတွေကိုအတောမသတ်နိုင်၊အမြဲတမ်း ဒေါက်ဖြုတ်တတ်တဲ့ စိတ်ရှိတာနဲ့တင် ဘရို ဘယ်လောက်ကောင်းတဲ့ လူလဲ သိနေပါပြီ။
ဒီလိုပြောလို့ ဘယ်အရာကိုမှ ကွန်ပလိန်း မတက်ရဘူး၊အမှားကိုအမှားလို မထောက်ပြရဘူး ပြောတာမဟုတ်ပါဘူး။ လူသားတွေဖြစ်တဲ့အလျောက် ရက်ရာဇာလည်းရှိတယ်၊ ပြဿဒါးလည်း ကြုံရမှာပဲ။ ဒါပေမယ့် ဘယ်တော့မှ လူတစ်ဖက်သားနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန်မပြောတတ်ရင်တော့ နေလိုက်ပါ… ကိုယ့်ဟာကိုယ် ကျောင်းဆောက်ပြီးပဲ။
“ကိုယ့်ကိုကိုယ်မှအားမနာ သူအများအကြောင်း ပြောလိုက်တာ… ကြည့်စမ်း၊ ငါ မရှိရင် ငါ့အကြောင်း ဘာတွေ ဘယ်လောက်တောင် ပြောလိမ့်မလဲ” ဒီလို ပြောပြဖူးတဲ့ သူငယ်ချင်းမ တစ်ယောက်အဖြစ်ကိုပါ သွားသတိရတယ်။ သူ့ ရည်းစားဟောင်းဆိုအခုဖော်ပြခဲ့တဲ့အချက်တွေနဲ့ တစ်ချက်မှ မလွတ်သလောက်ပဲ။အခုဖော်ပြခဲ့တဲ့အချက်တွေကအမျိုးသမီးတွေ ဘာကြောင့် သင့်ကို မဒိတ်ချင်ရသလဲဆိုတာနဲ့ ပတ်သက်တဲ့အရိုးရှင်းဆုံးအချက်တွေပါပဲ။
ရုပ်ရည် ရူပကာကအဓိကမဟုတ်ဘူး၊အယ်..အဲ့ဒါက ကိစ္စဆိုလည်း စစချင်းမှာကတည်း ညီအစ်ကိုတို့ကို သူတို့ကအဖတ်တောင်မလုပ်ဘူးဗျာ… စိတ်ချ!
Matthew