စိတ်ထွက်ပေါက်ကို သင်ရော ဘယ်လိုပေးလဲ.. စာဖတ်ရင်းနဲ့လား ၊ သူငယ်ချင်းတွေနဲ့တွေ့ပြီး
ရင်ဖွင့်လိုက်တာမျိုးလား..ဒါမှမဟုတ်အရက်သောက်ပြီး ငိုပစ်လိုက်တာလား။ ဒိုင်ယာရီထဲ
ခံစားချက်တွေ ရေးပစ်လိုက်တာမျိုးလား …
ကိုယ်ကြိုက်သလို လူတွေက စိတ်ထွက်ပေါက်ပေးကြပါတယ်။ တစ်စက္ကန့်လောက်လေးပဲဖြစ်ဖြစ်
ဘယ်သူ့အကြောင်း ၊ ဘာအကြောင်းကိုမှ မတွေးပဲအေးအေးချမ်းချမ်းနေဖူးလား ။
ဒီလိုနေနိုင်တဲ့ သူတွေဟာ ကိုယ့်ကိုကိုယ်ချစ်တဲ့ သူတွေဖြစ်ပါတယ်။
လူတိုင်း လူတိုင်းမှာ စိတ်ဖိစီးနေရတဲ့အကြောင်း တစ်ခုမဟုတ်တော့ တစ်ခုရှိစမြဲပါ။
ဒါကိုအမြဲတမ်းတွေးပြီး နေနေရရင် လူလုပ်ချင်စိတ်တောင်ရှိတော့မဟုတ်ပါဘူး။
ပြဿနာဆိုတာ ဖြေရှင်းဖို့ဖြစ်လာတာလေ။ ချက်ချင်း ဖြေရှင်းလို့ မရရင် တစ်ဆင့်ချင်းစီသွားပြီး
ဖြေရှင်းကြမယ်။ တစ်ချို့ကိစ္စတွေက လွယ်မယောင်နဲ့ ခက်နေပြန်ပါတယ်။ ဘဝဆိုတာ ဖယောင်းလမ်းမှမဟုတ်ပဲ။အမြဲတမ်းအခက်ခဲတွေနဲ့ ရင်ဆိုင်နေရမှာပါပဲ။ ဒီကြားထဲမှာ လှည့်ဖျားပြီး နောက်ကျောဓားနဲ့ထိုးချင်တဲ့သူတွေ ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလူတွေကြောင့်
လောကကြီးကို စိတ်ပျက်ချင်လည်း ပျက်လောက်ပါတယ်။
ကြားဖူးတဲ့ စကားတစ်ခွန်းလိုပေါ့.. လောကကြီးက နေတတ်ရင် စိတ်ချမ်းသာရပါတယ်။ ကိုယ်ကစိတ်ထားတတ်ဖို့ လိုတာပေါ့။
ကိစ္စတစ်ခုအပေါ် ကိုယ်ထားလိုက်တဲ့ စိတ်နဲ့အတွေးတွေက လုပ်ရပ်တွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လူဆိုတာ ဒီစိတ်နဲ့သွား ၊ ဒီစိတ်နဲ့ စား ၊ ဒီစိတ်နဲ့အသက်ရှင်သန်နေရတာပေါ့။ စိတ်ကဖြစ်ချင်တယ်ဆိုမှ ကိစ္စတစ်ခုကဖြစ်လာတာပါ။ မထင်မှတ်ထားတဲ့အရာတွေကြုံလာရင်လည်း ဒီစိတ်က ဆိုးတဲ့ဘက်မရောက်ပဲအကောင်းဘက်က မြင်နိုင်အောင်ကြိုးစားရတယ်။ ဒီလိုမြင်နိုင်ဖို့က မလွယ်ပါဘူး။ လူ့စိတ်က ရှုပ်ထွေးတယ်လေ။
အသက်ကြီးလာလေ နားလည်လာပါလိမ့်မယ် ။ စိတ်ထဲမထားနဲ့.. ဖွင့်ထုတ်ပစ်..ဖွင့်ထုတ်ပစ်ဆိုတာအလကားပြောနေတာမဟုတ်ပါဘူး။ စိတ်ထဲမှာသိမ်းထားတာများလာတဲ့အခါ
အစိုင်ခဲဖြစ်ပြီး ဝုန်းခနဲပွင့်ကြလာတတ်ပါတယ်။ ဒေါသဖြစ်နေတဲ့အချိန် ၊ စိတ်လွတ်သွားတဲ့အချိန်တွေမှာ ဒါတွေကအမှားတွေဖြစ်သွားနိုင်လို့ပါ။
ဒါကြောင့် ကိစ္စတစ်ခုဖြစ်ရင်အဆင်ပြေသွားလိမ့်မယ်လို့ ကိုယ့်ကိုကိုယ်နှစ်သိမ့်ပြီးအမြန်မေ့ပစ်နိုင်အောင် ကြိုးစားပါ။အတတ်နိုင်ဆုံး မကောင်းတဲ့အရာတွေကို မတွေးနိုင်အောင် ကြိုးစားပါ။
ဒါဆို သင်စိတ်ချမ်းသာရပါလိမ့်မယ်…