ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ
hellosayarwon.com
|
2019-07-15

ကလေးလေးရဲ့အိပ်ချိန်
မွေးကင်းစကလေးတစ်ယောက်ရဲ့အိပ်ချိန်က ပုံမှန်အားဖြင့် တစ်နေ့ကို ၁၆ နာရီ ၊ ၁၇ နာရီအထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် လသားအရွယ်ကလေးအများစုက တစ်ကြိမ်အိပ်ရင် ၂ နာရီကနေ ၄ နာရီအတွင်းထက် ပိုမကြာတတ်ပါဘူး(နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ်)။ ဒီအရွယ်အတွင်းမှာအိပ်ချိန်က မမှန်တတ်ပါဘူး။ ၃ လကနေ ၆ လအတွင်းမှာတော့ ပုံမှန်အိပ်စက်ချိန်ရှိလာပြီး မိုးလင်းတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ကြပါတယ်။ ပထမလပိုင်းတွေအတွင်းမှာ ကလေးရဲ့ဦးနှောက်က ဖွံ့ဖြိုးလာပြီးအိပ်စက်မှုပုံစံတစ်ခုအတည်တကျဖြစ်လာနိုင်ပေမယ့် မေမေတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးလေးရဲ့အိပ်ချိန်ကို ပုံမှန်ဖြစ်ဖို့ မေမေတု့ိရဲ့ ပုံသွင်းကူညီမှုကို လိုအပ်ပါတယ်။

အိပ်စက်ချိန်မှန်အောင် ဘယ်လိုလုပ်ပေးရမလဲ
(၁)အိပ်ချင်နေတဲ့ လက္ခဏာကို သတိထားကြည့်ပါ

ကလေးတွေကအိပ်ချိန်ပြည့်ဝဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သူ့ဘာသူအိပ်ချင်အိပ်သွားလိမ့်မယ်၊အိပ်တော့မှ သိပ်လိုက်မယ်လို့တော့ ထားလို့မရပါဘူး။အိပ်ချင်လာတဲ့အရိပ်အငွေ့လေးတွေ ကလေးရဲ့အမူအရာတွေမှာ တွေ့ရတတ်ပါတယ်။
မျက်လုံးပွတ်တာ
သမ်းတာ
တစ်နေရာရာကို ငေးငေးလေးကြည့်နေတာ
ဂျီကျလာတာ စတဲ့ ငြီးငွေ့နေတဲ့ လက္ခဏာတွေကို သတိထားကြည့်မိဖို့လိုပါတယ်။ သူအိပ်ချင်နေတဲ့အချိန်မှာ သိပ်ရတာပိုလွယ်တာပေါ့။ ကလေးကအိပ်ချင်လာတဲ့အချိန်မအိပ်လိုက်ရဘဲ ကျော်လွန်သွားတဲ့အထိ မစောင့်ပါနဲ့။အဲဒီအခါကျအိပ်လို့လည်းမရတော့ဘဲ ခေါင်းလည်းမကြည်၊ ကလေးကဂျီကျပါလိမ့်မယ်။ ဒီလက္ခဏာတွေတွေ့ရရင် သူဂျီမကျခင်အသာအယာချော့သိပ်ပါ။

(၂) နေ့နဲ့ညအိပ်စက်ချိန်စက်ဝန်းကို ပုံမှန်သတ်မှတ်ပါ
ကလေးရဲ့အသက် ၂ ပတ်လောက်ကစပြီး နေ့နဲ့ညအိပ်ချိန်မှန်အောင် ကျင့်ပေးသင့်ပါတယ်။ နေ့ဘက်မှာ ကစားဖို့ ချော့မြှူပါ။ နေ့ဘက်အိပ်ချိန်လည်း လိုအပ်ပေမယ့် တချိန်လုံးအိပ်မနေစေဖို့ ကလေးကိုလန်းအောင်အသစ်အဆန်းကစားစရာလေးတွေပေးထားတာ၊ ချော့မြှူတာ၊ ပြင်ပရှုခင်းကို မြင်တွေ့စေတာလိုမျိုး လုပ်ပေးသင့်ပါတယ်။ ညဘက်ရောက်ပြီဆိုတာနဲ့ ကလေးကိုအာရုံနိုးကြားစေမယ့်၊ စိတ်ဝင်စားစေမယ့်အရာတွေကို တတ်နိုင်သလောက်ရှောင်ထားပေးပါ။အလင်းရောင်တွေလျှော့ထားပါ၊ ဆူညံသံတွေလျှော့ထားပါ။ နေ့ဘက်က နိုးကြားလှုပ်ရှားရမယ့်အချိန်၊ ညဘက်ကအိပ်ရမယ့်အချိန် လို့ သူတဖြည်းဖြည်းကျင့်သားရသွားပါလိမ့်မယ်။

(၃)အိပ်ချိန်နဲ့ စားချိန်ကို ခွဲခြားပေးပါ
လသားအရွယ်မှာ နို့စို့ရင်းအိပ်ပျော်သွားတဲ့ ဒါမှမဟုတ်အာဟာရထမင်းစားရင်းအိပ်ပျော်သွားတဲ့ကလေးကိုအိပ်မောကျနေတာလေး မနှိုးရက်ကြဘူးမလား။ လှုပ်လိုက်ရင် နိုးသွားမှာကို စိုးရိမ်နေရတာ။ ဒါပေမယ့် ဒီလိုထားတာကြာလာရင် စားချိန်တိုင်းမှာအိပ်ငိုက်တာအကျင့်ပါလာမယ်၊အိပ်ချိန်သီးသန့််ကျ မအိပ်တော့ဘူးဆိုတာတွေဖြစ်လာပါမယ်။ နို့စို့ရင်းအိပ်သွားတာဆို ရပ်ပြီး သိပ်လိုက်ပါ။ နှိုးသင့်နှိုးလိုက်ပါ။အိပ်ချိန်ဇယား သတ်မှတ်ပြီးအချိန်မှန်ချော့သိပ်ပါ။အစားပိုကျွေးရင်အိပ်မယ်ဆိုပြီး ကလေးကြာကြာအိပ်အောင် များများပိုကျွေးတာမျိုးကအိပ်စက်မှုအတွက်ရော၊ ကလေးအစာခြေစနစ်အတွက်ရောမကောင်းပါဘူး။ နို့ဗူးတပ်ထားလျက်အိပ်ပျော်စေတာမျိုး၊အစားစားရင်းအိပ်သွားတာမျိုးကအသက်ရှူလမ်းကြောင့်ပိတ်ဆို့တာဖြစ်နိုင်လို့အန္တရာယ်ရှိပါတယ်။

(၄) ၂ လကျော်ပြီးတဲ့ကလေးအိပ်နေတဲ့အခါ နှိုးပြီးနို့မတိုက်ပါနဲ့
ကလေးက ပုံမှန်ကိုယ်အလေးချိန်တက်လာတယ်ဆိုရင် ညဘက်နှိုးပြီးနို့တိုက်စရာမလိုပါဘူး။ ကလေးရဲ့အိပ်စက်ချိန်ဇယားကို ထိန်းသိမ်းပေးပါ။အသက်လေးတိုးလာတာနဲ့အမျှ နေ့ဘက်မှာပိုကျွေးပြီး ညဘက်မှာအပြည့်အဝအိပ်စေဖို့ဂရုစိုက်ပေးရပါမယ်။ ကလေးကို နှိုးသင့်တဲ့အခြေအနေတွေက -
ညဘက်ထက် နေ့ဘက်မှာပိုအိပ်နေပြီး နေ့ဘက် နို့စို့ချိန် သို့မဟုတ် ထမင်းစားချိန်တွေ လွတ်ကုန်တာမျိုး၊
နို့မစို့ရ၊အစားမစားရဘဲ ၄နာရီဆက်တိုက်အိပ်နေတာမျိုး ဖြစ်ပါတယ်။

(၅) စိတ်ရှည်ပါ
ဒီအရွယ်ကလေးငယ်တွေအတွက်က စားသောက်မှုပုံစံ၊အိပ်စက်မှုပုံစံနဲ့အမူအကျင့်လေးတွေက တသမတ်တည်းပုံသေတွက်လို့မရနိုင်သေးပါဘူး။ တတ်နိုင်သလောက် မိဘက ပုံသွင်း၊ စည်းကမ်းချပေးရပါတယ်။ ချက်ချင်းလည်း ပြောင်းလဲမလာနိုင်တဲ့အတွက် စိတ်ရှည်ပါ။ တကယ်လို့ ကလေးရဲ့အိပ်စက်မှုပုံစံက ရုတ်တရက်ပြောင်းလဲသွားခဲ့ရင် ရောဂါလက္ခဏာတွေရှိမရှိ ဆန်းစစ်ကြည့်ပါ။အကြောင်းရင်းတစ်ခုခုရဲ့ လက္ခဏာပြတာဖြစ်နေနိုင်လို့ပါ။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။




Some text some message..