![]()
အလုပ်လျှောက်လွှာ လိုအပ်ချက်အဓိကအချက် (၁ဝ)ချက်
အလုပ်ခေါ်စာတွေ တွေ့လို့ ကိုယ့်အရည်အချင်းနဲ့အဆင်ပြေနေတဲ့အခါအလုပ်ဘယ်လိုလျှောက်ကြပါသလဲ။အများဆုံးကတော့ နာမည်၊ ဖခင်အမည်၊ နေရပ်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရမယ့် ဖုန်း၊ မှတ်ပုံတင်အမှတ် စတဲ့ ခေါက်ရိုးကျိုးနေတဲ့အချက်အလက်တွေနဲ့ လျှောက်လွှာတစ်စောင်၊ ဒီအလုပ်ကို ဘယ်လောက် လေ့လာထားတယ်ဆိုတာ မရှင်းပြဘဲအလုပ်လုပ်ချင်တဲ့အကြောင်းပဲ ရေးထားတဲ့နောက်ထပ်စာတစ်စောင်လောက်ပဲ တွေ့ရတတ်ပါတယ်။ တကယ်ရောအလုပ်ရှင်တွေကိုအဲဒီလိုအချက်အလက်နဲ့အလုပ်လျှောက်လွှာ တွေက ဆွဲဆောင်နိုင်ရဲ့လားဆိုတာ စိတ်ဝင်စားစရာပါ။အလုပ်ရှင်တစ်ယောက်ရဲ့အတွေ့အကြုံအလုပ်လျှောက်နည်း ၁ဝ ချက်ကို လေ့လာကြည့်ကြရအောင်။
Loading...
Your Brand HereYour Brand HereYour Brand Here
၁။အလုပ်ရှာဖွေရေးအေဂျင်စီတွေ
ဒီလိုအလုပ်သမားနဲ့အလုပ်ရှင်ချိတ်ဆက်ပေးတဲ့အေဂျင်စီ တွေကနေ လူတော်တော်များများကို လူတွေ့အင်တာဗျုးတွေ ခေါ်ခဲ့ဖူးပါတယ်။ ဝန်ခံရရင် ကောင်းတာတွေ ပါသလိုအရည်အချင်း မပြည့်သေးဘဲ မျက်နှာသစ်အလုပ်သမားတွေလည်း ရောထွေးနေ တတ်ပါတယ်။အဲဒီတော့ သေချာရွေးချယ်တတ်ရပြီး တချို့ဆိုအလုပ်အတွေ့အကြုံလိုချင်လို့ လာလျှောက်တာပါ ဆိုတာမျိုးတွေ တောင် ရှိပါတယ်။
၂။ဖေ့စ်ဘွတ်ခ်မှာအလုပ်ရှာ
သင့်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် က ရာထူးအမျိုးမျိုးအတွက်အလုပ် ရှာဖို့၊ ဝန်ထမ်းရှာဖို့အလွန်ကောင်းတဲ့ နေရာပါ။အလုပ်ခေါ်စာ တစ်ခုလောက်တင်လိုက်တာနဲ့ ကိုယ်မျှော်လင့်ထား တာထက် ပိုများတဲ့ စိတ်ဝင်စားမှုတွေနဲ့လာဆက်သွယ်ကြပါလိမ့်မယ်။ လင့်ခ်အင်မှာလည်းအလုပ်ခေါ်စာတွေ တင်တတ်ကြပေမဲ့ မြန်မာတစ်နိုင်ငံ လုံးကလူတွေကတော့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ပိုရှိတတ်ကြပါတယ်။
၃။ပညာရေးကအလွန်အရေးပါလား
မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား နဲ့ဆိုရင်တော့ ဝန်ထမ်းနဲ့ သူ့ ပညာရေးဆက်စပ်မှုက သိပ်တော့လည်းအရေးပါမနေပါဘူး။ ခုကာလထက် နောက်ထပ်အနာဂတ်မှာတော့ တစ်ယောက်ချင်းစီရဲ့ ပညာရေးအဆင့်က ပိုအရေးပါမယ် ထင်မိပါတယ်။ မြန်မာ့ ပညာရေးမှာတော့ တက္ကသိုလ်ကဘွဲ့တွေကလည်းအလုပ်နဲ့ ဆက်နွှယ်မှုမရှိဘဲ ပြင်ပပုဂ္ဂလိက သင်တန်းကျောင်းတွေမှာပဲအရည်အချင်းတွေ ထပ်ဖြည့်ကြရပါတယ်။
၄။အရင်လုပ်ငန်းခွင်ဟောင်းရဲ့အတွေ့အကြုံ
သင့်အလုပ်လျှောက်လွှာမှာအရင်အလုပ်မှာ ဘာတွေဘယ်လို စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတဲ့အတွေ့အကြုံကအလွန်ကိုအရေးပါပါတယ်။ မြန်မာနိုင်ငံရဲ့ စာရင်းကိုင်အများစုက တကယ့်စာရင်းကိုင် ပညာထက် ဇယားတွေထဲ ကိန်းဂဏန်းတွေ စီထည့်ရင်း တစ်နေ့တစ်နေ့အချိန်ကုန်တတ်ကြပြီး ကုမ္ပဏီအတွက်တော့ သိပ်အကျိုးမပြုနိုင်ပါဘူး။ တခြားရာထူးနေရာတွေလည်း ထူးမခြားနားပါပဲ၊ ဒီတော့အလုပ်ခေါ်မယ်ဆိုအင်တာဗျူးမှာ သူတို့ရဲ့ တစ်နေ့တာအလုပ်တွေကို သေချာမေးမြန်းတတ်ပါစေ။
၅။အလုပ်ပြောင်းလွန်းတဲ့ သူလား
ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ လူတစ်ယောက်ကအလုပ်ဘယ်နှစ်ခုပြောင်းလုပ်ခဲ့သလဲဆိုတာလည်း ထည့်စဉ်းစားရမယ့်အချက်ပါ။အလုပ်မှာအဆင်ပြေတဲ့ ဝန်ထမ်းက ခဏခဏတော့ ဘယ်ပြောင်းနေပါ့မလဲ၊ ဒီတော့ သုံးနှစ်အတွင်းမှာ ကုမ္ပဏီသုံးခု ပြောင်းခဲ့တယ်ဆိုရင်တော့ သင့်ကိုလည်း သူ ငြီးငွေ့တာနဲ့ ချက်ချင်းထားခဲ့မယ့်သူဖြစ်နေတတ်ပါတယ်။အရည်အချင်းရှိပေမဲ့ တစ်နေရာပြီးတစ်နေရာ ပြောင်းတတ်တဲ့ဝန်ထမ်းက သင့်အလုပ်ကိုလည်း ကသောင်းကနင်း ဖြစ်အောင် ပစ်သွားနိုင်ပါသေးတယ်။
၆။ထောက်ခံသူတွေက ဘယ်သူတွေလဲ
အလုပ်လျှောက်လွှာမှာ ထောက်ခံသူတွေရဲ့ စာတွေနဲ့အဆက်အသွယ်တွေ တောင်းဆိုတာကလည်း ဒီဘက်ခေတ်မှာအသုံးများလာကြပါပြီ။ တကယ်လို့အလုပ်လျှောက်သူက သူ့အရင်အလုပ် ဟောင်းက ပိုင်ရှင်၊ မန်နေဂျာ၊အထက်လူကြီးတစ်ယောက် ယောက်ရဲ့ ထောက်ခံချက်နဲ့ လာပြီဆိုရင်တော့ ကောင်းမွန်တဲ့ လက္ခဏာပါပဲ။ ချက်ချင်း ထောက်ခံသူကို ဆက်သွယ်ပြီးအလုပ် လျှောက်သူအကြောင်း မေးလိုက်ပါ၊ ရာထူးတူသူအချင်းချင်းက ထောက်ခံတယ်ဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။
၇။မေးခွန်းဖြေနိုင်သူတွေလား
ဒါကအရေးကြီးပါတယ်။ကျိုးကြောင်းဆီလျော်အောင် ခပ်မြန်မြန် တွေးတတ်၊ ပြန်ဖြေတတ်ဖို့ဆိုတာ သူ့မှာ လုံလောက်တဲ့အတွေ့အကြုံကောင်းရှိမှဖြစ်တာပါ။ မေးခွန်းတွေကို မဖြေနိုင်ဘဲ ကြောင်စီစီဖြစ်နေတဲ့ သူတွေကသိပ်မတွေးတတ်တဲ့ သူတွေဖြစ်နေတတ် ပြီး သွက်သွက်လက်လက်နဲ့ ပေါ့ပေါ့ ပါးပါး ဖြေနေပြီဆို သူတို့ တကယ်အလုပ်ကောင်းကောင်း လုပ်ခဲ့သူတွေလို့ ယေဘုယျမှတ်နိုင်ပါတယ်။
၈။အစမ်းခန့်ကာလ သတ်မှတ်မှာလား
ရာထူးအခြေအနေကို လိုက်ပြီး နှစ်လ၊ ဒါမှမဟုတ် သုံးလလောက်တော့အစမ်းခန့်ကာလ ထားသင့်ပါတယ်။အဲဒီလိုသတ်မှတ်လိုက်မှ ဝန်ထမ်းတွေကအမှားကင်းကင်းနဲ့အမှတ်ပြည့်ရအောင် ကြိုးစားပြတတ်ကြ ပါတယ်။အဖွဲ့လိုက် လုပ်ဆောင်ရတာတွေမှာ သူ့ကိုထည့်ပြီး တခြားသူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံတယ်ဆိုတာ စောင့်ကြည့်ပါ။အဆင်မပြေတော့လည်း ဒီကာလအကုန်မှာ လမ်းခွဲကြ တာပေါ့။
၉။ပထမဆုံး ရက်သတ္တပတ်ကအရေးအကြီးဆုံး
ဝန်ထမ်းတစ်ယောက်ကို စခန့်လိုက်တာနဲ့ သူနဲ့အနီးစပ်ဆုံး ဖြစ်အောင် ပထမအပတ်ထဲမှာပဲ ကြိုးစားပါ။ နေ့လယ်စာအတူစားတာမျိုး၊အခြားအရာတွေအတူလုပ်တာမျိုးတွေက တစ်ယောက်အကြောင်းတစ်ယောက် ပိုသိစေပါတယ်။ တကယ်လို့ သူကိုယ်တိုင် ကရော သင်ကပါအဆင်ပြေပြေ ပေါင်းမရဘူးဆိုရင်တော့ တစ်ပတ်အတွင်းမှာပဲ သူအလုပ်ထွက်သွားပါလိမ့်မယ်။
၁၀။တစ်နှစ်ဆို လုံလောက်ပြီ
အတွေ့အကြုံရှိတဲ့ သက်လတ်ပိုင်း ဝန်ထမ်းတစ်ယောက်ကို တစ်နှစ်ထက်ပိုပြီးအလုပ်မြဲစေပြီဆိုရင်တော့ ဒါနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ လုပ်ငန်းခွင်မျိုးပါ။အသက် ၂ဝ ဝန်းကျင်ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီတစ်ခုမှာ တစ်နှစ်လုပ်ပြီးတာနဲ့ နောက်ထပ်အတွေ့အကြုံသစ်တွေ သိချင်တော့တာပါပဲ။ ဒီတော့အသက် ၃ဝအောက်ဝန်ထမ်းတွေက စိန်ခေါ်မှုအသစ်တွေ လုပ်ချင်တာကြောင့် တစ်နှစ်လောက်ပြီးတာနဲ့အလုပ်ပြောင်းတတ်ကြပါတယ်။
ရေးသားသူ Ryan Russellဟာ မြန်မာနိုင်ငံမှာ ကိုးနှစ်ဝန်းကျင် နေထိုင်ကာ စီးပွားရေးလုပ်ငန်းသုံးခုကို လုပ်ကိုင်ခဲ့ သူဖြစ်ပါတယ်။လက်ရှိမှာတော့ Myanmar Business Answers ကုမ္ပဏီရဲ့ စီအီးအို နေရာကို တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
ငြိမ်းအိအိထွေး
ဘာသာပြန်သည်။