စိတ်ဖိစီးခြင်းမှာလည်းအကျိုးရလဒ်တွေ ရှိသည်ဟု က၊ွမ်းကျင်သူအများစု လက်ခံထားသည်။ ကိစ္စတစ်ခုခုအတွက် စိတ်ဖိစီးနေသည့်အခါ လူသည် ထိုကိစ္စကို ပိုအာရုံစိုက်ဖြစ်သည်။ ပိုပြီးလည်း နိုးနိုးကြားကြား ရှိနေတတ်သည်။ မည်သည့်အရာမဆို တန်ဆေးလွန်ဘေးဖြစ်သည်။အသင့်အတင့်သော စိတ်ဖိစီးမှုသည် စိတ်အာရုံကို စူးစိုက်ကာ စွဲစွဲမြဲမြဲ လုပ်ဖြစ်အောင် ဖန်တီးပေးနိုင်သော်လည်း စိတ်ဖိစီးမှု သိပ်များသွားလျှင်မူကား စားသောက်မှု ပုံစံကအစ လူမှုဆက်ဆံရေးထိပါ ထိခိုက်နိုင်သည်။ ရေတိုရေရှည် စိတ်ဖိစီးမှုတွေကြောင့် နေစဉ်ဘဝကိုပါ ထိခိုက်ရသည့်အချက် (၇) ချက်ကိုအောက်တွင် ဖော်ပြပါမည်။ ၁။ ဆုံးဖြတ်ချက်အလွဲတွေ ပိုချဖြစ်စေသည်။ သေချာစဉ်းစား ဆုံးဖြတ်သင့်သည့် ကိစ္စမျိုးကို စိတ်ဖိစီးနေချိန်မျိုးတွင် မဆုံးဖြတ်ပါနှင့်ဟု လူမှုစိတ်ပညာ ကျွမ်းကျင်ပညာရှင်များကအကြံပြုသည်။ စိတ်ဖိစီးနေသည့်အခါ မိမိစိတ်သန်ရာဘက်ကို ဆွဲပြီး ဆုံးဖြတ်မိတတ်သည်။ မိမိက ထိုအချိန်တွင်အကောင်းဘက်ကို စိတ်သန်နေသည်ဆိုလျှင် မိမိဆုံးဖြတ်ရမည့် ကိစ္စကိုလည်းအကောင်းချည်း စွတ်မြင်ကာ ထိုအတိုင်း ဆုံးဖြတ်လိုက်တတ်သည်။ မိမိကအဆိုးဘက်ကို စိတ်သန်နေချိန် ဆိုပါကလည်း မိမိဆုံးဖြတ်ရမည့် ကိစ္စကိုအဆိုးချည်း စွတ်မြင်ကာအဆိုးကဲသော ဆုံးဖြတ်ချက်မျိုး ချမိတတ်သည်။ သို့ဖြစ်ရာ စိတ်တည်ငြိမ်နေသောအခါမျိုးမှသာအကောင်းရောအဆိုးကိုပါ သေချာချိန်ဆပြီး ဆုံးဖြတ်သင့်သည်။ ၂။ ပေါင်းလို့သင်းလို့ မကောင်းသူ ဖြစ်နေလိမ့်မည်။အလွန်အကံျွ စိတ်ဖိစီးနေသည့်အခါ ကိုယ့်ကိစ္စလောက်သာအာရုံစိုက် ဖြစ်နေမည်။ ဘေးဝန်းကျင်ကိုအာရုံစိုက်ဖို့ စိတ်မရှည်တော့။ ဘေးဘီက လူများသည် ကိုယ့်အတွက် ဒေါသဖြစ်စရာ၊ စိတ်မရှည်စရာများချည်း ဖြစ်နေလိမ့်မည်။ ထိုသို့ ဖြစ်ရသည်မှာလည်း ကိုယ့်စိတ်မထားတတ်ရုံ တစ်ခုတည်းကြောင့်တော့မဟုတ်။ ကြွက်များနဲ့ လေ့လာမှုတွင်အလွန်အကံျွ စိတ်ဖိစီးလာသော ကြွက်များ၏ ဦးနှောက်ထဲကနေအင်ဇိုင်းတစ်မျိုး ထွက်လာသည်။ ထိုအင်ဇိုင်းသည် ပေါင်းသင်းဆက်ဆံနိုင်စွမ်းကို ကျဆင်းစေသည့်အင်ဇိုင်းဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ၃။အလုပ်ပြီးမြောက်ဖို့ ပိုခက်လာမည်။အလွန်အကံျွ စိတ်ဖိစီးလာသည့်အခါ ဦးနှောက်အတွင်း ရည်မှန်းချက် ဖော်ဆောင်ရေး တာဝန်ယူသည့်အပိုင်းတွင် စိတ်ဖိစီးဟိုမုန်းများ ဖုံးလွှမ်း နှောင့်ယှက်သဖြင့် လူသည်လုပ်မည့်အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ ပိုခက်ခဲလာရသည်။ ထိုသို့ ဖြစ်လာသည့်အခါ လူသည် ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် နည်းလမ်းသစ်များ တီထွင်ဖန်တီးအသုံးချနိုင်စွမ်းလည်း ကုန်ခမ်းသွားပြီး လမ်းဆိုး၊အကျင့်ဆိုးကိုသာ ဆက်လုပ်မိကာတော်တော်နဲ့အလုပ်မပြီးမြောက်သည့် ပြဿနာ ကြုံလာရတော့သည်။ ၄။ မယဉ်မကျေးသမား ဖြစ်လာမည်။အလွန်စိတ်ဖိစီးလာသည့်အခါ လုပ်မိလုပ်ရာ လုပ်ဖြစ်လာသည်။ စာမေးပွဲကျမှာ စိုးရိမ်လွန်မှုကြောင့် စာခိုးချဖြစ်သည့်ဆီ ရောက်သွားခြင်းမျိုး။ မကြာသေးခင်က လုပ်ထားသော စစ်တမ်းတစ်ရပ်အရလည်း တက်စ်တို စထရုန်းဓာတ်နှင့် စိတ်ဖိစီးစေသော ကော်တီဇုန်းဓာတ်တို့ များနေသူတိုသည် စာမေးပွဲမှာ ပိုခိုးချလေ့ရှိကြောင်း တွေ့ရသည်။ ၅။ တစ်ခုရဖို့ လျှာထွက်မတတ် ဇွတ်လုပ်ဖို့ ဝန်မလေး။ စိတ်အလွန်ဖိစီးအလောသုံးဆယ် နိုင်နေချိန်မျိုးတွင် ပျောက်နေသော ဘောပင်တစ်ချောင်း တွေ့ဖို့အရေး တစ်အိမ်လုံးကအဝတ်ဗီရိုတွေကို လျှောက်ဖွဖို့ ဝန်လေးမည်မဟုတ်။ တစ်ကယ်လည်း ဖွမိလိမ့်မည်။အဝတ်ဗီရိုတွေ လိုက်ဖွခြင်းအကျိုးဆက် ဆိုးကျိုးသည် ဘောပင်တစ်ချောင်း တွေ့ရှိခြင်းထက် များစွ ကြီးလေးသည့်တိုင် စိတ်ဖိစီးနေချိန်တွင် ဘာမှမတွေးနိုင်ဘဲ ဖွမိလိမ့်မည်။ စိတ်ငြိမ်သွားသောအခါကျမှ မိမိဖွထားသမျှ ကြည့်ပြီး ငါတော်တော် မိုက်ပါလားဟု ကိုယ့်ခေါင်း ကိုယ်ထုမိလိမ့်မည်။ ၆။ မလိုအပ်ဘဲ ပိုစွန့်စားလိမ့်မည်။ စိတ်အလွန် ဖိစီးနေသည့်အခါ ကိုယ့်ကို စိတ်ဖိစီးစေသည့် ပြဿနာကို မြန်မြန် ပြေလည်ရေးကိုသာအာရုံထားတော့သည်။ ကျန်တာဘာမှ မတွေးတော့။အန္တရာယ်ဖြစ်စေသည့် ကိစ္စမျိုးကိုပင်အန္တရာယ်မှန်း မကြောက်နိုင်ဘဲ ဇွတ်တိုးလုပ်တော့သည်။ ကိုယ့်ကျောပေါ် ခွစီးနေသည့် စိတ်ဖိစီးမှုဝန်ထုပ် မြန်မြန်ချပစ်နိုင်ရေးသာ ကိုယ့်စိတ်ထဲမှာရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူ့ဦးနှောက်သည် စိတ်ဖိစီးစေသည့်အင်ဇိုင်းများကို ချေမှုန်း တိုက်ဖျက်သည့်အလုပ်နဲ့ချည်း ဝန်ပိနေသောကြောင့် ကျန်အပိုင်းများမှာအာရုံလျော့ကာအန္တရာယ်ရှိသည်ကိုပင်အန္တရာယ်ဟု သတိမပေးဖြစ်တော့ခြင်းကြောင့် ဖြစ်သည်။ ၇။ မေ့တာ လျော့တာ ပိုဖြစ်လာမည်။အလွန်အကံျွ စိတ်ဖိစီးလာသည့်အခါ လူက လောလောလော လောဖြစ်နေပြီး တခြားဟာတွေ မေ့နေလျော့နေလိမ့်မည်။အလုပ်တွေ ဖိစီးပြီးအာရုံတွေများနေလျှင် မေ့တတ်တာ ထုံးစံပင်။ ကြွက်များနှင့် လေ့လာကြည့်သည့်အခါ စိတ်ဖိစီးလွန်းပါက ဦးနှောက်အတွင်း စိတ်ဖိစီး ဟိုမုန်းများသည် ဦးနှောက်ကို ပုံစံပြောင်းသွားစေကာ ခံစားချက် နောက်လိုက်ပြီး တုံ့ပြန်အောင် လုပ်ပစ်လိုက်သည်။ ထိုအခါ လူသည်အချက်အလက်သိမှုအားနည်းသွားကာ မှတ်သားထားသည်များ မေ့လျော့လာတော့သည်။ စိတ်ဖိစီးမှုကျသွားပြီး လူကအေးအေးဆေးဆေး ရှိလာပါမှ မေ့နေတာတွေ ပြန်မှတ်မိ လာတော့သည်။ Credit : Messenger Journal သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။