![]()
ပုံသေနည်းမရှိတဲ့အိမ်ထောင်ရေးမှာ စိတ်လိုအပ်ချက်ရဲ့ ကွပ်လပ်တွေကို ဖြည့်စွက်ဖို့ ကြိုးစားရင်း လူသိခံလိုမရတဲ့ လျှို့ဝှက်ချက်တွေကြားမှာ နှောင်ကြိုးငင်နေရတဲ့ မိန်းမသားတစ်ဦးရဲ့ ဖြစ်ရပ်မှန် ဖြစ်ပါတယ်။
စိတ်ဆန္ဒနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်းအမှားလား၊အမှန်လား ဆိုတာ မခွဲခြားနိုင်တော့တဲ့အဆုံး ဘာတွေလုပ်လို့ လုပ်ရမှန်းမသိတော့တဲ့အိမ်ထောင်ရှင်အမျိုးသမီးတဦးက ချစ်မှုရေးရာကျွမ်းကျင်သူတွေဆီ ရင်ဖွင့်ရေးသားလာတဲ့ စာတစ်စောင်ဖြစ်ပါတယ်။
သူမရဲ့အဖြစ်အပျက်နဲ့အတူ ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်အကြံပေးထားလည်းဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။
ကျမရဲ့အသက်က ၅၃ နှစ်ပါ။အိမ်ထောင်သက် ၂၃ နှစ်ရှိပါပြီ။ ကျမတို့မှာအရွယ်ရောက်နေတဲ့ သားသမီး ၅ ယောက်ရှိပါတယ်။ ကျမရဲ့ဘဝက ဆန်းကြယ်တယ်လို့ ဆိုရမလားပဲ။အိမ်အကြီးကြီးမှာ နေရတယ်၊ ဇိမ်ခံကားတွေပိုင်တယ်၊ ကျမနဲ့ ခင်ပွန်းတို့နှစ်ယောက် ဦးစီးနေတဲ့ ကုမ္ပဏီကြီးတစ်ခုလည်း ပိုင်ပါတယ်။
ဒါပေမယ့် ကျမရဲ့ နှလုံးသားထဲမှာတော့ ခြောက်သွေ့ပြီးအထီးကျန်ဆန်သလို ခံစားနေရတာ ကြာပါပြီ။ နွေးထွေးတဲ့အိမ်ထောင်ရေးချစ်ခြင်းအရသာဆိုတာကလည်း ကျမနဲ့အဝေးဆုံးမှာ ကျန်နေခဲ့ပြီ။ ကျမကိုအဖော်လုပ်ပေးမယ့်၊ စကားတွေပြောပေးမယ့်၊ ကျမရဲ့စိတ်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူတစ်ယောက် ကျမဘဝမှာ လိုအပ်နေပါတယ်။
ကျမခင်ပွန်းနဲ့ ကျမတို့အတူတူနေကြပေမယ့် သူစိမ်းတွေလိုပဲ တစ်ခါတစ်ရံအနားမှာရှိနေကြတာတောင် တစ်ယောက်နဲ့တစ်ယောက် ဘာမှပြောစရာမရှိဖြစ်နေပါတယ်။ သူကျမအနားမှာ ရှိနေပေမယ့်လည်း ကျမအတွက်ကတော့ ပျင်းရိစရာပါပဲ။ ကျမထင်ပါတယ် ကျမတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုမှ ပြန်ပြင်လို့လည်း ကောင်းလာတော့မှာ မဟုတ်ဘူးလို့။
ဒီလိုနဲ့ ကျမအသက် ၄၀လောက်မှာ “သူ”နဲ့ စတွေ့တယ်။အဲဒီတုန်းက သူ့အသက်က ၂၈ နှစ်။ သူက ကျမအပေါ်အရမ်းကောင်းပြီး ကျမအတွက် ထူးခြားမှုတွေကို ပေးစွမ်းနိုင်တယ်လို့ ခံစားရတယ်။ ဒီလိုနဲ့ သူ့နဲ့ စတွေ့ပြီး တစ်ပတ်လောက်အကြာမှာပဲ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်။ ကျမတို့နှစ်ယောက် နေ့တိုင်းနီးပါးအဆက်အသွယ်လုပ်ကြတယ်။ ကျမတို့နှစ်ယောက်ဟာ ချစ်သူတွေလိုပါပဲ၊ ကျမရဲ့ ဆံဖျားကနေ ခြေဖျားအထိ သူ့အပေါ်ကြွေဆင်းသွားခဲ့တယ်။ ကျမသိပါတယ် ဒါဟာမဖြစ်သင့်တဲ့ကိစ္စမှန်း၊ ကျမအမှားတစ်ခုကို ကျူးလွန်နေပြီလို့ ဒါပေမယ့် ကျမရဲ့ နှလုံးသား ခံစားချက်ဘက်က ကြည့်ရင် မှန်နေပြန်ရောလေ။
ကျမသူနဲ့နေ့တိုင်းတွေ့ရအောင် ကျမကုမ္ပဏီမှာ သူ့ကိုအလုပ်ခန့်လိုက်တယ်။ သူနဲ့အတူတူအလုပ်လုပ်ရတာအရမ်းပျော်တယ်။ နေ့တိုင်း နေ့လည်စာအတူစားကြတယ် ဒီလိုနဲ့ ကျမတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုပြီးခိုင်မာလာခဲ့ပါတယ်။ ကျမသူ့အတွက် ကားအကောင်းစား ဝယ်ပေးတယ်၊ သူ့အတွက် ကျမအများကြီးအကုန်အကျခံခဲ့ပါတယ်။ ဒီလိုတွေ ကုန်ကျခဲ့လို့ သူက ကျမကိုအသုံးချနေတာပါလားဆိုတဲ့အတွေးမျိုး တစက်ကလေးမှတောင် ဝင်မလာခဲ့ဘူး ဘာကြောင့်လဲဆိုတော့ ကျမကချစ်လို့ ပေးဆပ်ခဲ့တာလေ။အဲဒါကြောင့်ထင်တယ် သူကလည်း ကျမကို ချစ်တယ်တဲ့၊အမြဲအတူရှိနေချင်တယ်လို့လည်း ပြောသေးတယ်။
ကျမရဲ့ ပြသနာတွေကို သူ့နဲ့ ရင်းရင်းနှီးနှီးဆွေးနွေးဖြစ်ကြတယ်၊ ကျမရဲ့ခင်ပွန်းဆီကနေ တစ်ခါမှမရခဲ့ဖူးတာမျိုး သူ့ဆီကနေရလိုက်တာတွေရှိတယ်။
ဒါပေမယ့်အခြေအနေတွေအားလုံးက သူ့ကို ကျမရဲ့ သမီးအကြီးမနဲ့ စပြီးမိတ်ဆက်ပေးလိုက်တဲ့အချိန်ကစပြီး ပြောင်းလဲကုန်တာပါပဲ။ ကျမသမီးကြီးက သူ့ကို မြင်မြင်ခြင်း ကြွေသွားတယ်။ သူကတော့ ပြောပါတယ် ကျမသမီးပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူးလို့။ ကျမဟာ ချစ်သူနဲ့ သမီးကြားမှာ ဗြာပွေရပါပြီ။
အဲဒီအချိန်မှာပဲ သမီးကြီးက ကျမကို သူနဲ့လပ်ထပ်ချင်တယ်လို့ ပြောလာတယ်၊ ကျမလေ သမီးကို စိတ်တိုပြီး သဝန်တွေတိုလိုက်တာဆိုတာ မပြောပါနဲ့တော့။ ဒါပေမယ့် နောက်တစ်ဖက်ကလှည့်ပြီး ပြန်စဉ်းစားကြည့်တော့ သမီးနဲ့သာ “သူ” လက်ထပ်လိုက်ရင် သားမက်အဖြစ်နဲ့ ကျမတို့ တစ်အိမ်ထဲမှာအတူနေရပြီးအချိန်တိုင်းတွေ့ရမယ်။ ညစာအတူတူစားလို့ရမယ်၊ ဈေးအတူတူဝယ်လို့ရမယ် ဒါ့အပြင် ခရီးတွေလည်းအတူတူထွက်လို့ရမယ်။ ကျမတို့ နှစ်ဦးကြားက ဆက်ဆံရေး သံယောဇဉ်တွေလည်းအခိုင်မြဲဆုံးဖြစ်လာမယ်..။ (ကျမ တွေးပြီးပျော်သွားတယ်)
ဒါပေမယ့် ကျမအတွေးတွေမှားသွားတာ နောက်မှပဲ သိလိုက်ရတယ်။ “သူ”နဲ့ သမီးကြီးတို့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ သမီးကြီးက ကျမတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို သိသွားပြီး “သူ့” ကိုခေါ်ပြီး ကျမတို့မသိအောင်အိမ်ကနေထွက်သွားပြီး နိုင်ငံခြားမှာ သွားနေလိုက်ကြတယ်။
အခုဆိုရင် ၅ နှစ်တောင် ရှိသွားပါပြီ၊ ကျမနှလုံးသားတွေလည်းအစိတ်စိတ်အမွှာမွှာကွဲကြေ ခံစားနေခဲ့ရတယ်။ “သူ”နဲ့ ကျမတို့အဆက်အသွယ်တော့ မပြတ်ကြပါဘူး (သမီးမသိအောင် တိတ်တိတ်လေး ဆက်သွယ်ကြတာပေါ့)၊ သူကလည်း ကျမကို လွမ်းနေတယ် ပြန်လာလို့ရရင်အတူပြန်လာပြီးနေချင်တယ်လို့ ပြောပါတယ်။
အဲဒီအချိန်ကစပြီး ကျမ သူ့ရဲ့အကြောင်းတွေကို ပိုသိအောင် သည်းကြီးမဲကြီး လိုက်စုံစမ်းတော့တာပါပဲ၊အလွတ်စုံထောက် ငှားပြီးတော့တောင် သူ့ရဲ့မိသားစုတစ်ခုလုံးရဲ့ သတင်းအချက်လက်တွေ စုံစမ်းခိုင်းတယ်။
ဒါပေမယ့် ကျမသူကို့ ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ပါဘူး၊ ကျမအိပ်ယာထဲမှာ ညတိုင်းငိုမိတယ်၊ ယောကျ်ားကတော့ ကျမ သမီးကိုလွမ်းလို့ ငိုတယ်ပဲထင်နေတာပေါ့၊ တစ်ကယ်က ကျမ “သူ့”ကို လွမ်းလို့ ငိုတာပါ။
ကျမဟာ မိခင်မပီသတဲ့ မိန်းမပါ ဒါပေမယ့်လည်း ဘာတတ်နိုင်တော့မှာလဲ။ သူမရှိတဲ့ဘဝမှာအထီးကျန်လွန်းတယ်။ တစ်ခါတစ်လေ သူ ကျမဆီ မက်ဆေ့ပို့ပြီး နေကောင်းရဲ့လားလို့မေးတယ်။အဲဒီအချိန်တွေကျရင် ကျမပျော်ပါတယ် ဒါပေမယ့် ဒီလောက်နဲ့ ကျမအတွက် မလုံလောက်ဘူး၊ သူ့ကို ကျမအရမ်းတွေ့ချင်တယ်။ သူက မကြာခင် ပြန်လာမယ်လို့ ကတိပေးတယ်။ သူကအိမ်ထောင်ပြုသွားပေမယ့် ကျမကို ချစ်နေတုန်းပဲ၊ ကျမသမီးနဲ့အတူနေရတာလည်း ငြီးငွေ့စရာကောင်းတယ်လို့ ပြောတယ်။ သူဘာပြောပြော ကျမ ယုံတယ် ဘာကြောင့်လည်းဆိုတော့ ကျမတို့ ၁၀ နှစ်လောက် ရင်းနှီးခဲ့ကြတာလေ သူ့အကြောင်းကို ကျမ သမီးထက်တောင် ကျမကအဆပေါင်းများစွာ ပိုသိသေးတယ်။
ကျမအတွက်တော့ သူက ပြီးပြည့်စုံကြည့်ကောင်းတဲ့သူ တစ်ယောက်ပါ၊ သူ့ရဲ့အနမ်းလေးတွေအထိအတွေ့လေးတွေကို ကျမ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။
ပြဿနာက ကျမသမီးက ကျမကို ခွင့်လွှတ်နိုင်ပါ့မလား..?အရာရာအားလုံးကို မလုပ်ခဲ့သလို ပြောင်းလဲပြီး ပုံမှန်အတိုင်း မိခင်တစ်ယောက်လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ..? ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်အရမ်းအတွင်းရေးဖြစ်နေပြီး ဘယ်သူကမှလည်း ကျမကို နားလည်နိုင်လိမ့်မယ်မထင်ပါဘူး။
ဆောက်တည်ရာမရဖြစ်နေတဲ့ မိန်းမတစ်ယောက်ဖြစ်လို့ ကူညီပါ။
ဖော်ပြပါအကြောင်းအရာကတော့ သူမရဲ့ ဇာတ်ကြောင်းဖြစ်ပြီးအောက်ဖက်မှာအိမ်ထောင်ရေး ကျွမ်းကျင်သူတွေက ဘယ်လိုအကြံပေးထားလဲဆိုတာ ဆက်လက်ဖတ်ရှုပါဦး။
အိမ်ထောင်ရှင် မေမေရေ..။
ဝမ်းနည်းစရာကောင်းတဲ့အချစ်ဇာတ်လမ်းထဲမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ရင်း ကိုယ့်ကိုယ်ကို ကျဉ်းကြပ်အောင် ဘောင်ခတ်မိသလိုဖြစ်နေပါတယ်။ ဒီကိစ္စကိုအတွင်းထဲက မဟုတ်ပဲအပြင်ဘက်ရှုထောင့်အနေနဲ့ တလှည့် ကြည့်မြင်စေချင်ပါတယ်။
အိမ်ထောင်ပြုလိုက်တယ်၊အဲဒီနောက်အိမ်ထောင်ရေးအဆေင်မပြေလို့အဆုံးသတ်လိုက်တယ်၊ နောက်ထပ် တစ်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို စတင်တယ်၊ ဒီလိုဆိုရင်တော့ ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမယ့်အမကြီးအနေနဲ့ ဒီလိုမျိုးမဟုတ်ပဲ တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်း တစ်ပုဒ်ကို ရွေးချယ်မိလိုက်တာပါပဲ။အမှားဖြစ်သွားပြီးပါပြီ။
ပြီးတာတွေပြီးပါစေတော့။
ဘယ်လိုပဲဖြစ်နေပါစေ ခဏတဖြုတ်လောက် သေချာစဉ်းစားပြီးမှ သတိရှိရှိလုပ်ရမယ့်အစား ချစ်သူဆိုတဲ့သူရဲ့ လှည့်ဖျားမှုကို ကူညီပြီး သမီးအရင်းနဲ့ပါ လက်ထပ်ခိုင်းခဲ့ပါတယ်။အမကြီးတို့ နှစ်ယောက်လုံးရဲ့အစီစဉ်က သမီးကိုအသုံးချပြီးအလိမ်အညာခရီးကို ဆက်ကြဖို့ပဲ မဟုတ်လား။အမကြီးက ကိုယ့်ရဲ့ဆန္ဒနဲ့ သာယာပျော်ရွှင်ရေးကိုပဲအလေးပေးခဲ့ပါတယ်။
အမကြီးရဲ့သမီးအနေနဲ့ ဒီကိစ္စတွေအကုန်လုံးကို သိသွားပြီး မိခင်ရင်းကိုယ်တိုင်ရဲ့ သစ္စာဖောက်မှုကို သိသွားတဲ့အခါ ဘယ်လောက်တောင် နာကျင်ခံစားရမယ်ဆိုတာ မတွေးတတ်အောင်ပါပဲ။ နောက်တစ်ချက်ကတော့အမကြီးဟာ သမီးဖြစ်သူရဲ့ နာကျင်မှုကို တစ်ချက်လေးမှအရေးမလုပ်ခဲ့တာပါပဲ။
သမီးကအခြေအနေတွေသိလို့အားလုံးအရှက်တကွဲမဖြစ်အောင် ပြဿနာကို ရှောင်းကွင်းပြီးအဝေးမှာ သွားနေတာတောင်အမကြီးနဲ့ သားမက်ဖြစ်သူတို့က တိတ်တိတ်ပုန်းဇာတ်ရှုပ်ကို ဆက်ပြီး ကနေကြပါသေးတယ်၊ ဒါအပြင့် ကိုယ့်ရဲ့သမီးအကြောင်းကိုအပုတ်ချနေတဲ့သူ၊ တစ်ခါထပ်ပြီး သမီးအပေါ် သစ္စာဖောက်ဖို့ ကတိတွေပေးနေတဲ့သူကို တမ်းတနေတုန်းပဲလား။
ဒါဆိုရင်တော့ ဒါဟာ သိက္ခာရှိတဲ့ မေတ္တာစစ်နဲ့ချစ်ခြင်း မဟုတ်တော့ပါဘူး။
အကယ်၍အရာရာအားလုံးကို မလုပ်ခဲ့မိသလိုမျိုး၊ သမီးဖြစ်သူနဲ့ ပြန်ပြီး ပြေလည်ချင်တယ်ဆိုရင်တော့ သားမက်နဲ့ ပက်သက်တဲ့ နှောင်ကြိုးတွေကို တိကနဲ ဖြတ်ချပါလို့အကြံပေးလိုပါတယ်။ သူနဲ့ဆက်ပြီး ပက်သက်နေလို့လည်းအမကြီးအတွက် ကောင်းလာစရာ ဘာတစ်ခုမှ မရှိပါဘူး။
သူနဲ့ပက်သက်တဲ့ လူမှုကွန်ယက်၊ ဖုန်းအဆက်အသွယ်တွေအားလုံး လုံးဝဖြတ်တောက်ပြီး ရပ်တန်းပ ရပ်ပါ။
အစ်မကြီးရဲ့ သမီးအနေနဲ့အရင်ကဇာတ်ရှုပ်တွေ သိပြီးသားဆိုရင် သူယူခဲ့တဲ့ ယောကျ်ားက ဘယ်လိုလူမျိုးလည်းဆိုတာ သူသိနှင့်လောက်ပါပြီ။ ဒါပေမယ့် ဘာကြောင့် လက်တွဲမဖြုတ်သေးလဲဆိုတာတော့ မသိပါဘူး၊ ဒါက သူမရဲ့ သဘောပါ။
စိတ်ဓါတ်ပြန်လည် ကျန်းမာထူထောင်လာအောင် စိတ်အထူးကုဆရာဝန်နဲ့ ပြသကြည့်ပါ။ လက်ရှိအိမ်ထောင်သည် ဘဝရဲ့ တန်ဖိုးတွေကို ချင့်တွက်ကြည့်ပါ၊ ကိုယ့်ရဲ့ ဘဝရည်မှန်းချက်ကို ရှာဖွေပါ ပြီးရင် လက်ရှိရောက်နေတဲ့ နေရာမှာပဲအရိုးသားဆုံးအစစ်မှန်ဆုံး ဘဝတစ်ခုအဖြစ် နေထိုင်ဖို့ကြိုးစားပါ။
ကိုယ်ကိုယ်ကိုယ် ပြုပြင်ပြီးသွားတဲ့အခါကျရင်တော့ သမီးဖြစ်သူနဲ့ ပြေလည်နိုင်မယ့်အခွင့်အရေးတစ်ခုက ရလာပါလိမ့်မယ်။ သူကတော့ သူ့ယောကျ်ားကို ခွင့်လွှတ်ပြီးပြီလို့ ယူဆပါတယ်၊ နောက်ထပ်အမကြီးကို ခွင့်လွှတ်နိုင်လောက်တဲ့အခွင့်အရေးပေးဖို့ သူမ မျှော်လင့်နေတယ်လို့ ထင်ပါတယ်။
ပိုပြီးထိရောက်အောင် ဒီပြဿနာကို ကျွမ်းကျင်သူတွေနဲ့အပြင်မှာတွေ့ဆုံပြီး ပြောပြပါ၊ သူတို့ဘယ်လို ဖြေရှင်းနိုင်မလဲ၊ ကိုယ်အတွက်ရော ဘယ်လိုနည်းလမ်းတွေ ထပ်မံရွေးချယ်နိုင်ဦးမလဲဆိုတာ သိလာပါလိမ့်မယ်။အမြန်ဆုံးအမှားပြင်ဆင်နိုင်ပါစေ။