![]()
တစ်ခါတစ်လေမှာအချစ်ဆိုတဲ့အရာနဲ့ ကိုယ့်ရဲ့ဘ၀ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေနဲ့ မလဲလိုက်ပါနဲ့၊ လူနှစ်ယောက်ပေါင်းစပ်ဖို့ ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ နားလည်မှု၊ သည်းခံမှုအစစအရာရာအကုန်လုံး ပါဝင်နေတယ်။ကိုယ့်အပေါ်အချိန်မပေးနိုင်တဲ့သူ ကိုယ့်အပေါ် နားလည်မှုအပြည့်အ၀ မပေးနိုင်သူကို ကိုယ့်ရဲ့လက်တွဲဖော်အဖြစ် ဆက်တွဲနေအုံးမယ်ဆို သာယာတဲ့ relationship တစ်ခု ဖြစ်နိုင်ပါမလား?
၁။ကိုယ့်အတွက် ကိုယ်အချိန်ပေးပါ။
အသဲကွဲနေတဲ့အချိန်မှာ ဘယ်သွားသွား၊ ဘယ်လာလာ သူကို သတိရတဲ့စိတ်ကြီးကို ဖုံးဖိပြီး လူတွေကြားထဲအဆင်ပြေအောင် နေနေရတဲ့အခြေအနေကလွယ်ကူလှတဲ့အရာတော့မဟုတ်တာအမှန်ပါပဲ။
တာဝန်ဝတ္တရားတွေကြောင့် ဟန်ဆောင်နေရတယ်ဆိုပေမယ့် ဒီအရာတွေက သင့်ကို ပိုသန်မာလာစေတဲ့အချက်တွေဆိုတာတော့ ငြင်းလို့မရပါဘူး။
ဒါပေမယ့် တစ်ချို့အရာတွေကိုတော့အတင်းကြီး လုပ်မယူပါနဲ့။ ညနေပိုင်း တစ်ယောက်တည်း ကန်ရေပြင်ဘေးနားသွားထိုင်ချင်စိတ် ပေါ်လာရင် သွားလိုက်ပါ။
ခရီးထွက်ချင်တယ်ဆိုရင် ထွက်လိုက်ပါ။ သင့်စိတ်အေးချမ်းရာကို ရှာပါ။အချိန်တစ်ခုတော့ လိုအပ်ပါတယ်။ ဒီလိုဆို နှစ်ရှည်လများ ခံစားနေရတာတွေက ထင်ထားတာထက် မြန်မြန်ဆန်ဆန် လျော့နည်းသွားတာကို သင့်သိရမှာပါ။
၂။သင့်ခံစားချက်တွေကို ဖွင့်ထုတ်ပါ။
အသဲကွဲတဲ့အခါ ပထမဆုံး လုပ်ရမှာ သင့်ကိုယ်သင် နားလည်အောင်၊ သင့်ရင်ထဲကစကားတွေကို နားထောင်ကြည့်ရမှာပါ။
တစ်နေရာရာမှာ ထိုင်ပြီး စာအုပ်လေးဖြစ်ဖြစ်ဖတ်တာမျိုး၊ ဒါမှမဟုတ် သင်ခံစားနေရတာတွေကို ချရေးတာမျိုးတွေ လုပ်ပါ။
တစ်ခါတစ်လေ ကိုယ့်စိတ်ထဲ သူတစ်ပါးကို မပြောဘဲ ထားထားတဲ့အရာတွေအများကြီး ရှိနေပါတယ်။ ဒီလိုအချိန်မှာ ဖွင့်ထုတ်ပစ်ဖို့အကောင်းဆုံးပါပဲ။
ဒီတော့ သင်ခံစားနေရတဲ့အကောင်း၊အဆိုးအားလုံးကို ချရေးပစ်ခြင်းဟာ သင့်အတွက် ကောင်းပါတယ်။
ဒီတော့ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ် သင့်ခံစားချက်အားလုံး ချရေးနိုင်သလောက်သာ ရေးလိုက်ပါ။
ဒီလိုမှ မဟုတ်လည်း သင့်သူငယ်ချင်းတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ ဒီလိုအချိန်မှာ သင့်ဘေးနား သူငယ်ချင်းတစ်ယောက်ယောက် ရှိနေတာဟာလည်း ကောင်းတာပါပဲ။
၃။သင့်ဘေးနားမှာ ရှိနေတဲ့ သူငယ်ချင်းတွေဟာ သင့်အပေါ်ကောင်းတဲ့သူတွေသာ ဖြစ်ပါစေ။
အသဲကွဲနေတဲ့အချိန်မျိုးမှာ သင့်ဘေးနားရှိတဲ့လူဟာ သင့်အကျိုးကို လိုလားပြီး သင့်ကို ကိုယ်ချင်းစာနိုင်တဲ့သူတွေသာ ဖြစ်ပါစေ။
သူတို့တွေရဲ့ ပံ့ပိုးမှုကိုယူ၊ ကိုယ်ဝေမျှချင်တာတွေကို ဝေမျှပေး၊ ဒီလိုဆိုရင် သင့်ခံစားနေရတဲ့ ဝေဒနာဟာ ထင်ထားတာထက်ကိုအချိန်မြန်မြန်လျှော့ကျသွားမှာပါ။
သူငယ်ချင်းအရင်း၊ မိတ်ဆွေကောင်းတွေဟာ "စိတ်ညစ်မနေနဲ့၊အပျော်ရှာလိုက်၊ ဟိုမှာ ကိုယ်အသစ်ရှာမယ်ဆိုရင် တစ်ပုံကြီး"လို့တော့ ပြောကြမှာ မဟုတ်ပါဘူး။
သူတို့ဟာ ကိုယ့်ဝေဒနာသက်သာအောင် ဝိုင်းဝန်းကူညီပေးကြမယ့်အပြင် နောက်တစ်ဖန် နေရောင်ခြည်အောက်မှာ ယုံကြည်မှုအပြည့်နဲ့ ကိုယ်လှမ်းလျှောက်သွားနိုင်တာကိုပဲ ကြည့်ရင်း ဝမ်းသာပေးကြမယ့် သူတွေပါ။
၄။ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပါ၊ ဂုဏ်ပြုပါ။
ကိုယ်နဲ့ပြတ်သွားတဲ့သူနဲ့အတူ ဘာတွေလုပ်မယ်၊ ဘယ်တွေသွားမယ် စသဖြင့် ကိုယ်တွေးထားတာတွေဟာ ခုတော့ သဲထဲရေသွန်သလို ဖြစ်သွားပြီလား။
သူနဲ့ပတ်သက်ပြီး ကိုယ်မျှော်လင့်ခဲ့တာတွေအားလုံး ဆုံးရှုံးသွားရတယ်ဆိုရင် ဒီအတွက် ကိုယ့်ကိုယ်ကို ပြန်လည်ချီးမြှောက် ဂုဏ်ပြုဖို့ စဉ်းစားပါ။
ဒီအချက်ဟာအူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် စမ်းကြည့်ပါ။
အကျိုးကျေးဇူးကောင်းတွေရပါလိမ့်မယ်။အရင်တုန်းက မသွားခဲ့ရတဲ့ နေရာတွေ သွားတာမျိုး၊ စားချင်တာတွေ စားတာမျိုး၊ ကြည့်ချင်တဲ့ ရုပ်ရှင်သွားကြည့်တာမျိုး၊
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်အကျႍအဝတ်အစားသစ်တွေနဲ့ ပြန်ဆုချတာမျိုးတွေပေါ့။အရင်က မလုပ်ဘဲအောင့်ထားခဲ့ရတာတွေ ခု လုပ်လို့ရပါပြီ။
အပျက်သဘောမဆောင်တဲ့အရာမျိုး ဘယ်အရာမဆို သင့်စိတ်ကြိုက် လုပ်ဆောင်လိုက်ပါ။
၅။ပွင့်ပွင့်လင်းလင်း၊ ရဲရဲဝံ့ဝံ့နေပါ။
ကိုယ့်ခံစားချက်တွေကိုအရမ်းသိုဝှက်နေထိုင်တာမျိုးထက် ပွင့်ပွင့်လင်းလင်း၊ ကိုယ်သိချင်တာရှိမေးမယ်၊ ကိုယ်ခံစားရတာတွေကို ဝေမျှမယ်၊ ဖော်ထုတ်မယ်။
စသဖြင့် ရဲရဲဝံ့ဝံ့နေထိုင်လိုက်ပါ။အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်လည် ထားရှိနိုင်ဖို့နဲ့ လုံခြုံတဲ့ခံစားမှု ပြန်လည်အရယူနိုင်ဖို့ပါပဲ။
တစ်ခါအသဲကွဲလို့ နောက်ထပ်လူတွေလည်း ငါ့ကို ဒီလိုခံစားရအောင် လုပ်ဦးမှာပဲလို့တော့အစွဲ မထားစေချင်ပါဘူး။ ဒါ့ကြောင့်အရာရာကို ခပ်တန်းတန်းနေမယ်၊
လူတွေကို မယုံတော့ဘူးဆိုရင် ဘဝဟာ ဘယ်ပျော်စရာကောင်းနိုင်တော့မလဲ။ ဒီတော့ သတ္တိရှိပါ။ ပွင့်လင်းပါ။ ရဲရဲဝံ့ဝံ့နေထိုင်ပါ။
Myanmar Wedding Guide