![]()
သင်တို့ချစ်သူနှစ်ဦးက မကြာခဏဆိုသလို ပြတ်သွားလိုက်၊ပြန်အဆင်ပြေသွားလိုက်၊ပြန်ချစ်လိုက်နဲ့ သံသရာလည်နေပါသလား?ဒီလိုအခြေအနေမျိုးကစိတ်ရှုပ်ထွေးရသလို တစ်ယောက်ယောက်က ဒီရေစက်ကိုဖြတ်ချလိုက်တာနဲ့ လုံးဝပြတ်စဲသွားမယ့်အချစ်ရေးမျိုးဖြစ်တဲ့အတွက် သင့်ချစ်သူကို
တကယ်မဆုံးရှုံးချင်ဘူး၊ဒီလိုပြတ်လိုက်ဆက်လိုက်ဆက်ဆံရေးမျိုးလည်းထပ်မဖြစ်ချင်တော့ဘူးဆိုရင် သင်တို့နှစ်ယောက်အနေနဲ့ ဒါတွေသိထားဖို့လိုပါတယ်။
– တကယ်ပဲ သူ့ကိုအဆုံးရှုံးခံနိုင်/မခံနိုင်စဉ်းစားပါ
အရင်ဆုံး ကိုယ်ဟာသူ့ကိုအဆုံးရှုံးခံနိုင်လား၊မခံနိုင်ဘူးလားစဉ်းစားဖို့လိုပါတယ်။ကိုယ့်စိတ်ကိုတိတိကျကျသိပြီဆိုရင်တော့ သေချာဖမ်းဆုပ်ထားဖို့ကြိုးစားသင့်ပြီး ဆုံးရှုံးရလည်းဖြစ်တယ်ဆိုရင်တော့ သင့်အနေနဲ့ ဘာမှထူးထူးထွေထွေကြိုးစားနေဖို့မလိုပါဘူး။ကိုယ်က သူ့ကို လုံးဝအဆုံးရှုံးမခံ
နိုင်ဘူးဆိုရင်တော့ ပြတ်စဲခါနီးကြိုးတစ်ချောင်းကို သေချာဆုပ်ကိုင်ထားဖို့လိုပါတယ်။လုံးဝပြတ်သွားတဲ့အခါ နောင်တမရစေဖို့ပေါ့။
– နှစ်ယောက်ကြားက ပြဿနာ
နှစ်ယောက်သား ပြတ်လိုက်၊ပြန်တွဲလိုက်ဖြစ်နေတာဟာအဓိကဘာပြဿနာကြောင့်လဲ ရှာဖွေပါ။ဒီတိုင်းဆက်သွားနေမယ်ဆိုရင်အဆင်ပြေမှာမဟုတ်ပါဘူး။နှစ်ယောက်ကြားက ပြဿနာကိုအဖြေရှာပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြေရှင်းသင့်ပါတယ်။ပြဿနာအရင်းအမြစ်ကို မရှာပဲ လွယ်လွယ်လေးဖြေရှင်းနေမယ်ဆိုရင်တော့ ပြတ်လိုက်ဆက်လိုက်အခြေအနေကနေ တက်မှာမဟုတ်ပါဘူး။ဒီတိုင်းပဲ ဆက်ဖြစ်နေဦးမှာပါ။
-မှားပြီးသားအမှားတွေထပ်အမှားမခံပါနဲ့
နှစ်ယောက်သားက ဒီပြတ်လိုက်ဆက်လိုက်အချစ်ရေးကိုစိတ်ကုန်နေပြီ။ပြဿနာတွေလည်းဆက်မဖြစ်ချင်တော့ဘူးဆိုတဲ့အတွေးတွေကိုယ်စီဝင်ရောက်လာပြီး ရှေ့ဆက်လက်တွဲဖို့ဆုံးဖြတ်ထားပြီဆိုရင် ပြီးခဲ့တဲ့အတိတ်တုန်းက မှားခဲ့တဲ့အမှားတွေကိုထပ်မလုပ်မိပါစေနဲ့။ဒီအမှားတွေကို မပြင်ပဲ ထပ်ထပ်လုပ်နေမယ်ဆိုရင် ဘာမှမထူးပါဘူးနော်။ဒါကြောင့် တစ်ယောက်ကိုတစ်ယောက်အပြစ်မတင်ပဲ တစ်ယောက်အမှားတစ်ယောက် သေချာပြန်ပြင်ဆင်ဖို့လိုပါတယ်။
– ဝေဖန်ပြစ်တင်တာတွေလျှော့ချပါ
နှစ်ဦးသားရှေ့ဆက်လက်တွဲတော့မယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေ ထပ်ပြီးမကြုံရအောင် ဝေဖန်ပြစ်တင်တတ်တာတွေလည်း လျှော့ချဖို့လိုပါတယ်။အထူးသဖြင့် ပြတ်လိုက်ပြန်ဆက်လိုက်ဖြစ်ဖူးကြတဲ့အတွဲတွေဟာ ဒီအချစ်ရေးမပျက်စီးသွားအောင် သေချာဂရုစိုက်ဖု့ိလိုပါတယ်။များသောအားဖြင့်ဒီလိုအတွဲတွေရဲ့စိတ်ထဲမှာ ဒီတစ်ခါပြတ်ပြီးရင်လည်းအရင်တုန်းကလို ပြန်အဆင်ပြေသွားမှာပဲဆိုတဲ့စိတ်တွေကျန်ရှိနေတတ်ပါတယ်။မှတ်ထားဖို့က စိတ်ဒဏ်ရာရတာတွေများလာတဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် ပြတ်သားရဲသွားတယ်ဆိုတာပါပဲ။ဒါကြောင့်အရင်လိုပြန်အဆင်ပြေသွားမှာပဲဆိုတဲ့စိတ်ထက်အခုအချစ်ရေးကိုသာ ပိုမဆိုးသွားအောင်ဂရုစိုက်သင့်ပါတယ်။
–ဂရုစိုက်မြတ်နိုးမှုတွေ ပိုပြသပါ
ဒီအချက်ကလည်းအရေးကြီးပါတယ်။ကိုယ့်ဘက်က သူ့အပေါ် ဂရုစိုက်မြတ်နိုးမှုတွေကို ပြသမှ သူ့စိတ်ထဲမှာလည်း ကိုယ်ရှိနေတယ်ဆိုတဲ့လုံခြုံတဲ့စိတ်ကိုခံစားရမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်ဟာ ပိုခိုင်မြဲလာမှာဖြစ်ပါတယ်။ဒါကြောင့် မသိမသာဖြစ်စေ၊သိသိသာသာဖြစ်စေ
ကိုယ်ဟာ သူတစ်ယောက်တည်းကိုပဲချစ်မြတ်နိုးတဲ့အကြောင်း မကြာခဏဆိုသလို ပြသသင့်ပါတယ်။
ဒီအချက်လေးတွေကိုသိထားမယ်ဆိုရင်တော့ သင့်အနေနဲ့ ဒီပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့အချစ်ရေးကို ဘယ်လိုကိုင်တွယ်ရမလဲ သိသွားမယ်ထင်ပါတယ်။အဓိကကတော့ ကိုယ့်ရဲ့စိတ်က ဘာလိုချင်လဲဆိုတာ သိဖို့ပါပဲ။ဒီအချက်လေးတွေကလည်း သင်တို့ရဲ့အချစ်ရေးကိုအကူအညီဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။
Noel