အားနာတတ်တဲ့စိတ်
yoyarlay.com
|
2018-11-17



အားနာတဲ့ ခံစားချက်ကို လူတော်တော်များများ ကြုံဖူးမှာပါ။ ဘယ်လိုအချိန်မျိုးမှာ ကျွန်မတို့အားနာကြလဲ ?ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုကြောင့် တစ်ဖက်သား ထိခိုက်နာကျင်မှာ စိုးတဲ့အတွက်အားနာစိတ် ဖြစ်ကြပါတယ်။

ကိုယ့်စိတ်တိုင်းကျ လုပ်ချင်ပေမဲ့ တစ်ဖက်သား စိတ်ကွက်သွားမှာ စိုးထိတ်တဲ့အခါမျိုးမှာလည်းအားနာမှုက ကပ်ပါလာပါတယ်။

မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊အထက်လူကြီးနဲ့အောက်လက်ငယ်သား၊ ရောင်းသူနဲ့ ဝယ်သူကြားမှာအားနာမှုက တော်ရုံပဲကောင်းပါတယ်။ လိုတာထက်ပိုပြီးအားနာလွန်းတဲ့အခါ တစ်ဖက်သားမှာ ထိခိုက်နစ်နာရမှာပါ။အားနာခြင်းရဲ့ နောက်ကွယ်မှာ မလိုလားအပ်တဲ့ စိတ်ရှုပ်ရခြင်းတွေ ကပ်ပါတတ်လို့ တော်ရုံပဲအားနာပါ။




အားနာမှုကို လိုက်လျောခြင်းနဲ့ ပြသလို ငြင်းဆိုခြင်းနဲ့လည်း ပြကြပါတယ်။အကူအညီပေးတဲ့သူကိုအားနာလို့ ငြင်းဆန်ရတာမျိုး ၊အားနာလွန်းလို့ စိတ်ထဲမပါဘဲ လိုက်လျောလိုက်ရတာမျိုး စသဖြင့်အားနာပုံချင်းတော့ မတူကြပါဘူး။အားနာရတာ များလွန်းတဲ့အခါ သည်းခံပြီး ရှောင်တယ်၊ ဒီထက်ပိုအားနာရတဲ့အခါ ဆက်ဆံရေးကို ကိုယ့်ဘက်က ဖြတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။

အားနာတတ်တဲ့စိတ်ရှိတာ ကောင်းလားလို့ မေးရင်တော့ မကောင်းဘူးလို့ ပြန်ဖြေရမှာပါ။အားနာလို့ မပြောလိုက်ပေမဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ များပြီး ပေါက်ကွဲတဲ့အခါ ကိုယ်ပဲ ဒုက္ခရောက်မှာပါ။အားနာတဲ့စိတ်ကြောင့် ဖွင့်မပြောဘဲ မြိုသိပ်ထားရတာတွေကအားမနာတတ်သူနဲ့ တွေ့တဲ့အခါအကုန်ပေါက်ကွဲကုန်ပါတယ်။အားနာတတ်သူကို လူတွေက ပိုပြီးအခွင့်အရေးယူတတ်ကြပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့အားနာမှုရှိတဲ့သူကိုအခွင့်အရေးယူတာ များလွန်းတဲ့ ခေတ်ကြီးမှာအရာရာကိုအားနာနေလို့ မဖြစ်ဘူးလို့ တွေးလာကြပါတယ်။ ဒီလိုနဲ့ပဲအားနာစိတ်ခေါင်းပါးသူတွေ များလာကြပါတယ်။




မြန်မာလူမျိုးတွေကအာရှတစ်ဝန်းမှာအားနာဖော်ရွေမှုအမြင့်ဆုံးပါ။ မျက်နှာပျက်မယ့် ကိစ္စတွေလုပ်မိမှာ ကြောက်သလို လုပ်မိသွားရင်လည်း တသသ ပြောမဆုံးပါဘူး။ ဒါပေမဲ့ သူစိမ်းတွေကိုအားနာတတ်တဲ့ ကျွန်မတို့ကအရင်းနှီးဆုံး လူရင်းတွေကိုတော့အားနာရကောင်းမှန်း မသိကြပါဘူး။အရင်းနှီးဆုံး မိဘဆွေမျိုး မိတ်ဆွေအပေါင်းအသင်းတွေအပေါ်မှာအားနာတတ်တဲ့စိတ် ဆိုတာကို မနည်းရှာယူရပါတယ်။

တချို့သူတွေကအားမနာလျှာမကျိုး ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ပါတယ်။ ဒီလိုအားမနာတမ်း ပြောသူတွေကိုတော့ လူမုန်းများပါတယ်။ လူတွေမှာ မချိုးဖောက်သင့်တဲ့ စည်းတစ်ခုကအမြဲရှိတဲ့အတွက် ဒီစည်းဘောင်ကို ကျော်လွန်သွားရင်အခင်အမင် ပျက်ကုန်ကြမှာပါ။အားနာစိတ်များလွန်းတာ မကောင်းသလိုအားနာစိတ်ခေါင်းပါးလွန်းရင်လည်း ဘေးဖြစ်တတ်ပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ယှဉ်တွဲတဲ့အားနာခြင်းကို လက်ကိုင်ထားပြီး စည်းတစ်ခုနဲ့ နေမယ်ဆိုရင် မြိုသိပ်ပေါက်ကွဲစရာ ကိစ္စတွေ ရှိတော့မှာ မဟုတ်ပါဘူး။

Alice May (ရိုးရာလေး)




Some text some message..