ဗီဒီယိုဂိမ်းကစားခြင်းကနေရယူနိုင်မယ့် ဘဝအတွက်သင်ခန်းစာကောင်းများ
myanmaplatform.com
|
2018-11-26



ဆယ်ကျော်သက်နဲ့အရွယ်ရောက်ပြီးသားလူငယ်တွေကြားမှာ ဖွံ့ဖြိုးနေတဲ့ယဉ်ကျေးမှုတစ်ခုကတော့ ဗီဒီယိုဂိမ်းယဉ်ကျေးမှုပဲဖြစ်ပါတယ်။ လူငယ်တွေကြားမှာဂိမ်းအကြောင်းဆွေးနွေးရင်း ပိုပြီးရင်းနှီးသွား တာမျိုး၊ ဂိမ်းဆော့ရင်းစိတ်ထွက်ပေါက်ရသွားတာမျိုးတွေရှိပါတယ်။ တချို့ဗီဒီယိုဂိမ်းတွေက ကျန်းမာရေးထိခိုက်တာ တချို့ဆိုအသက်အန္တရာယ်ဆုံးရှုံးတာမျိုးတွေအထိဖြစ်ကြပါတယ်။ ဘယ်အရာမဆိုအကောင်းအဆိုးယှဉ်တွဲနေလေ့ရှိတာကြောင့်ဒီလိုဗီဒီယိုဂိမ်းတွေဆော့တဲ့အခါ ဘဝအတွက်ကောင်းတဲ့သင်ခန်းစာတွေယူနိုင်ပါတယ်။ ဒါကြောင့် ဗီဒီယိုဂိမ်းကိုဝါသနာပါတယ်ဆို ရင် ဂိမ်းကစားခြင်းကနေအခုလိုမျိုးအကျိုးရှိရှိ သင်ခန်းစာတွေရအောင်ယူသင့်ပါတယ်။


(၁)အကြိမ်ကြိမ်အခါခါရှုံးနိမ့်ရတယ်

ဂိမ်းတွေကိုတီထွင်ထားတဲ့သူတွေက ဂိမ်းကစားတဲ့သူကိုဘယ်တော့မှလွယ်လွယ်အနိုင်မပေးပါဘူး။ ဒါကြောင့်သင့်အနေနဲ့ Levelတစ်ခုတက်ဖို့အကြိမ်ကြိမ်အရှုံးနဲ့ရင်ဆိုင်ပြီးမှ ပထမတစ်ကြိမ် ဘာလိုသွားတယ်၊ ဒုတိယတစ်ကြိမ်ဘာလုပ်ဖို့ကျန်သွားတယ်စသဖြင့်အမှားတွေကိုပြုပြင်ပြီးအနိုင်ရအောင်ဆော့ရတာပဲဖြစ်ပါတယ်။ ဒီလိုဂိမ်းကိုတောင် မကြာခဏရှုံးတာကို ထပ်ခါတလဲလဲ ပြန်ကျော့ပြီးအနိုင်ရအောင်ဆော့သေးတာပဲ ဘဝမှာအခက်အခဲတွေကြုံလာတိုင်း၊အရှုံးတွေနဲ့ရင်ဆိုင်ရတိုင်းဂိမ်းကစားနေသလိုမျိုးပဲ သင့်စိတ်ကိုလည်းမွေးမြူထားသင့်ပါတယ်။ ဂိမ်းကစားရင်းရှုံးတာ ကိုသင်ခန်းစာယူပြီး ဘဝမှာထပ်ခါထပ်ခါအရှုံးတွေနဲ့ကြုံရနိုင်တာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။


(၂)အခုရှာနေတဲ့အရာကနောင်တစ်ချိန်မှာလိုအပ်လာလိမ့်မယ်

ဗီဒီယိုဂိမ်းတွေဆော့တဲ့အခါ Levelအလိုက်ဘာတွေလိုအပ်တယ်၊ ဘာတွေရှာရမယ်ဆိုတာ သင့်ကိုစေခိုင်းနေမှာဖြစ်ပါတယ်။အဲဒီအတွက်သင့်အနေနဲ့လိုအပ်တာတွေရှာလိုက်အသုံးလိုတဲ့အချိန်ထုတ်သုံးလိုက်နဲ့ဆော့ရပါလိမ့်မယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ဘဝမှာလည်းအရေးကြုံတဲ့အချိန်ထုတ်သုံးဖို့ သင့်အတွက်လိုအပ်တဲ့၊ စုဆောင်းထားသင့်တဲ့အရည်အချင်း၊ ငွေကြေးစသည်တို့ကိုရှာဖွေစုဆောင်းထားဖို့လိုပါတယ်၊ နောင်တစ်ချိန်သင့်အတွက်အသုံးလို လာနိုင်တယ်ဆိုတာကို သင်ခန်းစာယူရမှာဖြစ်ပါတယ်။


(၃)အချိန်ကအရေးကြီးတယ်

ဂိမ်းဆော့တဲ့သူတွေဒီအချက်ကိုကောင်းကောင်းနားလည်ပါလိမ့်မယ်။ Level တွေတက်လာတိုင်း သင့်ကိုဆုံးဖြတ်ရခက်အောင်၊ လုပ်ရကိုင်ရတာအချိန်မလောက်မငဖြစ်အောင်လုပ်လာပါတော့တယ်။အနိုင်ရဖို့ပဲစိတ်စောနေတဲ့ဂိမ်းကစားသူအတွက်အချိန်ဟာကုန်လွယ်လာသလို စက္ကန့်တိုင်းကလည်းအရေးကြီးလာပါတယ်။အဲဒီလိုပဲ ဘဝမှာရာထူးဂုဏ်ထူးတွေ တိုးလာလေလေ၊ တာဝန်တွေပိုလာပြီးအချိန်တွေနည်းလာလေ့ရှိပါတယ်။အချိန်တိုင်းကသင့်ရဲ့အရည်အချင်းကိုအဆုံးအဖြတ်ပေးလာနိုင်ပါတယ်။ ဒါကြောင့် ဘဝမှာလည်းဂိမ်းကစားသလိုမျိုးပဲအချိန်တိုင်းကတန်ဖိုးရှိတာမို့လို့အကျိုးရှိအောင်အသုံးချရမှာဖြစ်ပါတယ်။


(၄)အရင်းအမြစ်တွေရဲ့တန်ဖိုးကိုသိလာမယ်

ဗီဒီယိုဂိမ်းတွေရဲ့သဘာဝကသင့်ကိုအလုပ်ပေးတာနဲ့အတူတူပါပဲ။ သင့်ကိုအနိုင်တော့ပေးမယ်၊ ဒါပေမဲ့အနိုင်ရနိုင်မယ့်အရာတွေကိုရှာရမယ်၊အနိုင်ရဖို့သူလုပ်ခိုင်းတာတွေလုပ်ရမယ်ဆိုတာမျိုးပါ။ ရှာခိုင်းတဲ့အရာတွေ၊ လုပ်ခိုင်းတဲ့အခွင့်အရေးတွေကိုလည်းလွယ်လွယ်နဲ့ပေးလေ့မရှိပါဘူး။အဲဒီတော့ ကိုယ့်မှာရှိထားတဲ့အရင်းမြစ်တွေကတစ်ခုဆိုတစ်ခုတန်ဖိုးရှိလာပါတယ်။ ဥပမာ သေနတ်ပစ် တဲ့ဂိမ်း တွေမှာဆိုရင် ဘယ် Level ဆိုရင်ဘယ်သေနတ်အမျိုးအစားကိုသုံးလို့ရပြီ၊ ဒါပေမဲ့အဲဒီသေနတ်ကို ဘယ်အခြေအနေမှာထုတ်သုံးရင်ပိုသင့်တော်တယ်ဆိုတာမျိုးတွေရှိပါတယ်။ ဒါကြောင့် တကယ့်လက်တွေ့ဘဝမှာလည်းကိုယ့်မှာရှိပြီးသားအရင်းအမြစ်တွေဖြစ်တဲ့ ငွေကြေး၊အခွင့်အရေးနဲ့အရည်အချင်းတွေကိုတန်ဖိုးထားရမှာဖြစ်ပါတယ်။အရေးကြုံလာရင်ဒီလိုအရင်းအမြစ်တွေကထုတ်သုံးရမယ့်အရာတွေပါပဲ။


(၅)မမျှော်လင့်ထားတာတွေဖြစ်တတ်တယ်

ဂိမ်းတွေမှာ Levelမြင့်သွားတာနဲ့မမျှော်လင့်ထားတဲ့အန္တရာယ်တွေ၊အခက်အခဲတွေ၊ ရန်သူတွေပေါ်လာတာကိုဂိမ်းဆော့ဖူးသူတိုင်းသိကြမှာပါ။အဲဒီအချက်ကိုသင်ခန်းစာယူတတ်မယ်ဆိုရင် တကယ်လက်တွေ့ဘဝမှာလည်း မမျှော်လင့်ထား တဲ့အလှည့်အပြောင်း၊ ဘဝရဲ့အချိုးအကွေ့တွေရှိလာနိုင်တယ်ဆိုတာကိုသတိပြုရမှာဖြစ်ပါတယ်။အဲဒီလိုမမျှော်လင့်ထားတာတွေဖြစ်လာနိုင်တာကိုကြိုတင်ကာကွယ်ထားဖို့လိုသလို ၊ဖြစ်လာရင်လည်းဂိမ်းကစားပွဲတစ်ခုလို ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်။


(၆)ရပ်တဲ့ခလုတ်ကိုနှိပ်ပြီးကစားပွဲကထွက်ရတယ်

တစ်ခါတလေ ဂိမ်းကိုဆက်မဆေ့ာချင်တော့တာမျိုး၊ ဂိမ်းကသိပ်ပြီးတွန်းအားပေးလာတာမျိုးတွေမှာ pause button ကိုနှိပ်ပြီးထွက်လိုက်တာမျိုးတွေလုပ်လေ့ရှိပါတယ်။အဲဒီလိုလုပ်ခြင်းအားဖြင့် နောက်တစ်ကြိမ်ဝင်ရင်အစကပြန်ကစားရတာမျိုးရှိချင်ရှိမယ်၊အဲဒီနေရာကနေပြန်စရတာမျိုးလည်းရှိချင်ရှိမယ်၊အနည်းဆုံးတော့ ဂိမ်းဆော့တာကိုခဏနားလိုက်တဲ့အတွက် ဂိမ်းရဲ့အခက်အခဲတွေဆုံးဖြတ်ရခက်တဲ့ကိစ္စတွေအတွက်ဒုတိယအခွင့်အရေးထပ်ရပါတယ်။အဲဒီလိုပဲ ဘဝမှာ စားဝတ်နေရေးအပြင် တခြားအသုံးအဆောင်ပကာသနတွေအတွက်လှုပ်ရှားရုန်းကန်ရင်းပင်ပန်းငြီးငွေ့လာတာမျိုးတွေဖြစ်လာတဲ့အခါ ဘဝရဲ့ကစားပွဲပေါ်မှာနောက်တစ်ကြိမ်အာရုံစိုက်နိုင်အောင် သင့်ကိုယ်သင်ခဏအနားပေးဖို့လိုပါတယ်။ ယုံကြည်မှုတွေနဲ့ ပြန်လည်တည်ဆောက်ဖို့လိုပါတယ်။အဲဒီအတွက်လိုအပ်တဲ့အနားယူမှု၊ ကိုယ့်စိတ်ကိုလွတ်လပ်ခွင့်ပေးတာမျိုးလုပ်ရမှာဖြစ်ပါတယ်။




Some text some message..