"ပညာလိုအိုသည်မရှိ" ဆိုတာကို သက်သေပြခဲ့တဲ့အသက် (၈၄) နှစ်အရွယ် တက္ကသိုလ်ကျောင်းသူကြီး
yoyarlay.com
|
2018-12-17



ရင်သွေးငါးဦးကို လူလားမြောက်အောင် ပျိုးထောင်ခဲ့ပြီးချိန်၊အသက် (၇၇) နှစ်အရွယ်ရောက်လို့အလုပ်ကနေအငြိမ်းစားယူပြီးချိန်မျိုးမှာအေးအေးလူလူနေတော့မယ်ဆိုရင် ဘယ်သူကမှအပြစ်ဆိုနေမှာမဟုတ်ပေမဲ့ ဂျဲနတ် ဖီးန် (Janet Fein) ကတော့အနားယူဖို့ စိတ်ကူးမရှိသေးပါဘူး။အခုဆိုရင်အသက် (၈၄) နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖီးန်က ဒဲလက်စ်က တက္ကဆက်တက္ကသိုလ်ကနေ လူမှုဗေဒဘာသာရပ်အထူးပြုဘွဲ့ကို ယူပြီး သူ့ရဲ့ကာလရှည်ရည်မှန်းချက်တစ်ခုကို ပြီးမြောက်စေတော့မှာ ဖြစ်ပါတယ်။

ဖီးန်က "အငြိမ်းစားယူပြီးသွားတော့ ကျွန်မမှာ ဘာမှ မယ်မယ်ရရလုပ်စရာလည်း ရှိမနေခဲ့ဘူး။အလကားထိုင်နေတာမျိုးလည်း မလုပ်နေချင်ဘူးလေ" လို့ ဆိုခဲ့ပြီး စာတမ်းတွေ ရေးရ ဖတ်ရတာကို သဘောကျတဲ့ သူက "တော်တော်များများသိထားပြီးသားဖြစ်နေလည်းအတန်းချိန်တစ်ခုစီတိုင်းကနေ ကျွန်မအများကြီးထပ်လေ့လာခဲ့တယ်။အဲဒီလိုလုပ်ရတာကိုပဲ ကျွန်မကပျော်နေတာ" လို့ ထပ်ပြောပြပါတယ်။

အမေရိကန်နိုင်ငံမှာ ကောလိပ်ကျောင်းသူ/သားအားလုံးရဲ့ တစ်ရာခိုင်နှုန်းလောက်ဟာအသက် (၆၅) နှစ်နဲ့အထက်အသက်အရွယ်ရှိသူတွေဖြစ်ပါတယ်။အမျိုးသားပညာရေးဗဟိုဌာနရဲ့ စာရင်းတွေအရတော့ ၂၀၀၅ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားပေါင်းသန်းနှစ်ဆယ်ထဲက (၆၇၀၀၀) လောက်ဟာအဲဒီလို သက်ကြီးကျောင်းသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

"အခုလို ကိုယ့်ဘာသာ ရည်မှန်းချက်လေးတစ်ခုထားပြီး တက်တက်ကြွကြွနဲ့ လေ့လာမှုပြုနေတာမျိုးက တကယ့်ကိုအကောင်းဘက်ကိုဦးတည်တဲ့ လုပ်ရပ်မျိုးပါပဲ" လို့ တက္ကဆက်ကျန်းမာရေးသိပ္ပံဌာနက ဒေါက်တာ ကာမဲလ် ဒိုင်ယာ (Dr. Carmel Dyer) က သုံးသပ်ပြောကြားခဲ့ပါတယ်။

ဖီးန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကအသက် (၆၅) နှစ်အရွယ် လူဦးရေ ၂၀၀၀ လောက်ကို (၆) နာရီစာအခမဲ့တက်ရောက်ခွင့်ပေးခဲ့တဲ့ တက္ကဆက်တက္ကသိုလ်တွေရဲ့အစီအစဉ်မှာ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပြီး ဒီဘွဲ့ကိုရဖို့ စိတ်နှစ်ပြီး ကြိုးစားနေခဲ့တဲ့ ဖီးန်ဟာအတန်းချိန်တွေမှန်အောင် မရမက ကြိုးစားတက်ရောက်ခဲ့တာပါ။ နောက်ပိုင်းမှာ သူ့ရဲ့ဒူးတွေအခြေအနေမဟန်တော့တာကြောင့်အခက်ကြုံလာပေမဲ့လည်း ဘွဲ့အတွက် လိုအပ်ချက်တွေပြည့်မှီစေဖို့အွန်လိုင်းကနေသင်ကြားတဲ့အတန်းတွေကတစ်ဆင့် ဆက်လက်လေ့လာခဲ့ရတာ ဖြစ်ပါတယ်။

"ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေ၊အခက်အခဲတွေကို သူက လုံးဝအလျော့မပေးခဲ့ဘူး။ ရအောင်ကို ဆက်ကြိုးစားခဲ့တာ" လို့ ဖီးန်ရဲ့ ဘွဲ့အတွက် ကြီးကြပ်အကြံပေးသူ ရှဲလာ ရိုလာဆင် (Sheila Rollerson) ကပြောပြပြီး "အတန်းထဲမှာ သူဆွေးနွေးပြောဆိုတာတွေကြောင့် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အတန်းချိန်ဖြစ်လာစေခဲ့တယ်။ ဘာအကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်ဆိုတာကိုလည်း သူကအမြဲမှတ်မိနေတတ်တယ်လေ" လို့ လူမှုဗေဒ သရုပ်ပြဆရာ ကာရို ဆီရူလီ လန်ဟမ် (Carol Cirulli Lanham) ကလည်း မှတ်ချက်ပြုခဲ့ပါတယ်။

နယူးယော့ခ်မြို့မှာ ကြီးပြင်းခဲ့တဲ့ ဖီးန်ဟာအသက် (၁၆) နှစ်မှာပဲအဝတ်အထည်ထုတ်တဲ့လုပ်ငန်းတစ်ခုမှာ ကိုယ်ရေးအရာရှိရာထူးနဲ့အလုပ်လုပ်ခဲ့ပြီးအသက် (၁၈) နှစ်မှာအိမ်ထောင်ကျခဲ့ပါတယ်။အဲဒီနောက် (၁၈) နှစ်လုံးလုံးကိုအိမ်ထောင်မှုကိစ္စတွေနဲ့အချိန်ကုန်ဆုံးခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်တွေကိုတော့ ၂၀၁၂ ခုနှစ်ကအနားယူလိုက်တာဖြစ်တဲ့ ဒဲလက်စ်ခွဲစိတ်ဆေးရုံကိုယ်ရေးအရာရှိအလုပ်အပါအဝင်အလုပ်ပေါင်းများစွာကို လုပ်ကိုင်ရင်း ဖြတ်သန်းလာခဲ့တာပါ။

ဖီးန်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့အကူသူနာပြုတစ်ဦးဖြစ်သူ ရီနေး ဘရောင်းက "ရီနေးရယ် မင်းလုပ်နိုင်ပါတယ်။ ငါတောင်လုပ်နိုင်သေးရင် မင်းလည်း လုပ်ကို လုပ်နိုင်မှာပါ ပြီးတော့ မင်း ပျော်လည်း ပျော်ရမှာပါ" ဆိုတဲ့ ဖိးန်ရဲ့ စကားကြောင့် စိတ်ခွန်အားတွေရလာခဲ့ပြီးအခုအသက် (၅၃) နှစ်ရှိပြီဖြစ်တဲ့ သူ့အနေနဲ့ လိုင်စင်ရသူနာပြုဖြစ်လာဖို့အတွက် သင်တန်းထပ်ပြီးတက်ရောက်ဖို့တောင် စီစဉ်ထားပြီ လို့ ပြောပြခဲ့ပါတယ်။

Ref: abc News "Not into bingo, 84-year-old Texas woman gets college degree"

TH (ရိုးရာလေး)




Some text some message..