မြန်မာနိုင်ငံရဲ့ ပထမဆုံးအင်ပရက်ရှင် ပန်းချီဆရာကြီး ဦးအောင်ခင် စာအုပ်မိတ်ဆက်ပွဲနဲ့ ပန်းချီပြပွဲ
mmtimes.com
|
2019-01-10

ဖခင်ဖြစ်သူ ပန်းချီဆရာကြီး ဦးအောင်ခင် ရေးဆွဲခဲ့သည့် ပန်းချီကားတစ်ကားကို ပြသနေသည့် ဆရာမ ဒေါ်ချိုချိုအောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ •အောင်ဌေးလှိုင်

မြန်မာနိုင်ငံရဲ့ ပထမဆုံးအင်ပရက်ရှင် (စိတ်တွင် ထင်ဟပ်သောအကြောင်းအရာကိုအသေးစိတ်မရေးဘဲ ဆေးရောင်နှင့်အလင်းရောင်တို့ဖြင့် ခြယ်မှုန်းတင်ပြသောပန်းချီအမျိုးအစား) ပန်းချီဆရာကြီးလို့ ပြောလို့ရတဲ့ ဦးအောင်ခင်ရဲ့ 'ပန်းချီဆရာကြီးဦးအောင်ခင်" စာအုပ်မိတ်ဆက်ပွဲနဲ့ ရှားပါးပန်းချီလက်ရာတွေကို ပြသထားတဲ့ ပန်းချီပြပွဲကို ဇန်နဝါရီ ၅ ရက်ကနေ ၇ ရက်အထိ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ရှိတဲ့ နှင်းဆီမြိုင်ပန်းချီပြခန်းမှာ ပြုလုပ်သွားခဲ့ပါတယ်။

လန်ဒန်ကို ပန်းချီပညာတော်သင်သွားခဲ့တဲ့ မြန်မာ့ပန်းချီကျော် ဆရာကြီး ဦးဘဥဏ်ဆီမှာ ရေဆေးနဲ့ ဇာတ်နိပါတ်ကားများ ရေးဆွဲနိုင်လာတဲ့အထိ ဦးအောင်ခင်က လေးနှစ်ကြာသင်ကြားခဲ့တဲ့ တပည့်တစ်ဦး ဖြစ်ပါတယ်။အများအားဖြင့် ရီရယ်လစ်ဇင်(သရုပ်မှန်)ပန်းချီကားတွေ ရေးကြတဲ့ ဆရာကြီးဦးဘဥဏ်ရဲ့ တပည့်တွေထဲမှာ ထူးထူးခြားခြား ဆရာကြီးဦးအောင်ခင်ကတော့ ခေတ်သစ်နဲ့ ခေတ်ဆန်းပန်းချီ၊အင်ပရက်ရှင်၊ ကျူဘစ်ဇင်နည်းတွေနဲ့ ချဲ့ထွင်ဆန်းသစ်ရေး သားဖန်တီးခဲ့တဲ့ မန္တလေးသားပန်းချီဆရာကြီး ဖြစ်ပါတယ်။

ဆရာကြီးဦးအောင်ခင် သုံးလေ့ရှိတဲ့အရောင်တွေဟာ ဆန်းပြားခေတ်မီပြီး စုတ်ချက်ခပ်ကြမ်းကြမ်းနဲ့ ရေးတတ်ပါတယ်။အတွေးသစ်အမြင်သစ်တွေနဲ့ ဖန်တီးထားတဲ့ ဆရာကြီးရဲ့အားကောင်းတဲ့ ခေတ်သစ်ပန်းချီနဲ့အင်ပရက်ရှင်ကားတွေဟာလည်း ပန်းချီလောကမှာအင်မတန်မှကျော်ကြား နာမည်ကြီးလှပါတယ်။ ဒီပြပွဲမှာတော့ ဆရာကြီးရဲ့သမီး ဒေါ်ချိုချိုအောင်က သူစုဆောင်းထားတဲ့ ဆရာကြီးကားတွေကို ခုနှစ်အလိုက် ပြသထားတာမို့ နှစ်အလိုက်ပြောင်းလဲလာ တဲ့အတွေးအခေါ်တွေနဲ့ ဖန်တီးထားတဲ့အနုပညာလက်ရာ တွေကို ခံစားကြရမှာပါ။

"၁၉၅၅ ခုနှစ်တုန်းက ရေးခဲ့တဲ့ ဆရာကြီးဦးဘဥဏ်ရဲ့ သြဇာတွေ ပါဝင်နေတဲ့ကား "ဤမျှ ရုန်းကန်ကြရတယ်" ဆိုတဲ့ကားလေး ပြထားတယ်။ ၁၉၆၀ လောက်ကျတော့ ရေးဟန်တွေပြောင်းပြီးအင်ပရက်ရှင်ဘက်ကို ကူးသွားတယ်။ ၁၉၆၀ ဝန်းကျင်မှာပဲ မော်ဒန်ဘက်ကို ထပ်ကူးပြောင်းသွားတဲ့အခါ နတ်ကတော်ကားတွေ ရေးလာတယ်။ ၁၉၈၀ ဝန်းကျင်မှာတော့ ရီရယ်လစ်ဇင် ရှင်ပြုနားသကားတွေ ရေးထားတာတွေလည်း ပြသထားပါတယ်" လို့ ဆရာကြီးရဲ့သမီး ပန်းချီဆရာမ ဒေါ်ချိုချိုအောင်က ဆိုပါတယ်။

၁၉၆၃ ခုနှစ်လောက်အထိသာ တစ်ကိုယ်တော်ပြပွဲ ငါးကြိမ်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းအုပ်စုလိုက်ပြပွဲတွေမှာသာအနည်းအကျဉ်းလောက်ပဲ ပြသလေ့ရှိသူဖြစ်လို့ ဦးအောင်ခင်ရဲ့ပန်းချီကားတွေကအင်မတန်ရှားပါးပြီး တွေ့ရခဲတဲ့ လက်ရာတွေပါပဲ။ ၁၉၅၀ ပြည့်နှစ်မှာအင်ပရက်ရှင်ကားတွေ၊ ၁၉၆၀ ပြည့်နှစ်မှာတော့ ကျူဘစ်ဇင်ဆန်တဲ့ မော်ဒန်ပန်းချီတွေကို ရေးဆွဲခဲ့ပြီး ၁၉၅၀ ကနေ ၁၉၈၀ ပြည့်နှစ်တွေအထိကိုအင်ပရက်ရှင်၊ မော်ဒန်နဲ့ ရီရယ်လစ်ဇင်ကားတွေကို စိတ်ဆန္ဒအလျောက်အမျိုးမျိုးပြောင်းလဲရေးဆွဲလာခဲ့ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်ကြား ၁၀ နှစ်တာကာလမှာတော့ မော်ဒန်ပန်းချီကားတချို့ကို ရေးဆွဲခဲ့ပြီး ၁၉၉၆ ခုနှစ် သူကွယ်လွန်ချိန်အထိ မော်ဒန်ပန်းချီ (Abstract Art)တွေကို ရေးဆွဲသွား ခဲ့ပါတယ်။

"ဆရာဦးအောင်ခင်ကအရင်ကတည်းက ပြပွဲတွေအပြနည်းတယ်။အရင်ခေတ်အစည်းအရုံးကလုပ်တဲ့ ပြပွဲတွေမှာတော့ ဆရာ့ကားတွေပြတယ်။ ဆရာ့ကားတော်တော်များများက ရေးပြီးရောင်းစားတာမျိုး၊ ပြပွဲပြတာမျိုးက တော်တော်နည်းတယ်။ ဒါပေမဲ့ တော်တော်ကောင်းတဲ့ လက်ရာတွေပါ။အရောင်တွေလည်းအားရတယ်။ ဆရာ့ရဲ့အထူးချွန်ဆုံးကအရောင်ပဲ။ ခေတ်သစ်ပန်းချီနဲ့ ခေတ်ဆန်းပန်းချီကို ဆရာကအင်ပရက်ရှင်ကနေ ကျူဘစ်ဇင်အထိရေးခဲ့တာ ဆရာဦးအောင်ခင်က စောတယ်။ နောက် ဆရာဦးဘဥဏ်ရဲ့တပည့်ဆိုတာလည်း ဒီဘက်ခေတ်လူငယ်တွေ သိပ်မသိကြတော့ဘူး" လို့ ဒါရိုက်တာ ပန်းချီဆရာ ပန်းချီစိုးမိုးက ပြောပါတယ်။

ဒီပြပွဲမှာ ပြသထားတဲ့ ဆရာကြီးဦးအောင်ခင်ရဲ့ ပန်းချီလက်ရာတွေကိုလည်း ရောင်းချသွားမှာ မဟုတ်ဘဲ ဆရာကြီး စာအုပ်ထုတ်ဝေတဲ့အထိမ်းအမှတ်အနေနဲ့ ပြသရုံသာ ပြသထားမှာဖြစ်ပြီး မိသားစုပိုင် ပန်းချီကားတွေအဖြစ် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သိရပါတယ်။

"၁၉၆၀ ဝန်းကျင်လောက်မှာ ပန်းချီကားအရောင်းအဝယ် တွေ လုပ်ခဲ့တယ်။ နောက်ပိုင်းကာလတွေမှာအရောင်းအဝယ်ကအရမ်းကို ရှားပါးသွားခဲ့တယ်။ ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၉၆ ကွယ်လွန်သွားတဲ့အချိန်အထိအဖေက ပန်းချီကားတွေအရွယ်အစားမျိုးစုံကတော့ မရပ်မနား ရေးနေတာပဲ။အဲဒီကားတွေအကုန်လုံးကို ဆရာမက ထိန်းသိမ်းထားတာပဲ။ နှစ်ပေါင်း ၂၀ လောက်အတွင်း တောက်လျှောက်ကိုအဖေ့ပန်းချီကားတွေ တစ်ကားမှ မရောင်းခဲ့ဘူး" လို့လည်း ဆရာမဒေါ်ချိုချိုအောင်က ပြောပါတယ်။

ဆရာကြီးဦးအောင်ခင်ရဲ့"ပန်းချီဆရာကြီးဦးအောင်ခင်" စာအုပ်မှာတော့ ၁၉၆၀ ဝန်းကျင်က ဆရာကြီးကိုယ်တိုင်ရေး ခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ လူထုသတင်းစာ၊ ပန်ရုပ်စုံမဂ္ဂဇင်းတွေမှာ ဦးအောင်ခင်ကိုယ်တိုင် ရေးသားခဲ့တဲ့ ပန်းချီဆောင်းပါးတွေ၊အရှေ့တိုင်းပန်းချီနဲ့အနောက်တိုင်းပန်းချီ ကွာခြားပုံအယူအဆဆောင်းပါးတွေနဲ့အတူ ခုနှစ်အလိုက် ဆရာကြီးရဲ့ရေးဆွဲခဲ့တဲ့ ခဲ၊ မင်ခြစ်နဲ့ ပန်းချီကားပေါင်းများစွာလည်း ပါဝင်ပါတယ်။

ဆရာကြီးအမှတ်တရ စာအုပ်ထဲမှာ လူထုဒေါ်အမာ၊ ပေါ်သစ်၊ မောင်စွမ်းရည်၊ မင်းတင်အောင်၊ ပန်းချီလှတင်ထွန်း၊ ရှေ့သို့လှကြည်၊ တင်မောင်တည်(ဆေး-မန်း)၊ ခင်သန်းဖြူနဲ့ တခြားစာရေးဆရာ ပန်းချီဆရာတို့ ရေးသားထားတဲ့ ဆရာကြီးဦးအောင်ခင်နဲ့ သူ့အနုပညာအကြောင်း ဆောင်းပါးတွေ လည်း ပါဝင်ပါတယ်။

"ဆရာမတို့အဖေက သူအသက်ရှင်နေစဉ်တစ်လျှောက်လုံးမှာ ပန်းချီဆွဲတာကအမြဲတမ်းအားထုတ်နေတဲ့ သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တယ်။ မန္တလေးမှာ နေရတဲ့အခါ ပန်းချီဆွဲနေတဲ့အတွက် စီးပွားရေးဆိုတာ မျှော်လင့်လို့မရဘူး။ ဆရာမအမေက ရွှေချည်ထိုးလုပ်ငန်း လုပ်တယ်။ ဆရာမတို့က ဒီလုပ်ငန်းနဲ့ပဲ ရပ်တည်ရတယ်။ ဆရာမအဖေကအမြဲတမ်း သူ့ရဲ့ကြိုးစားတဲ့စိတ်ကို မလျှော့ခဲ့ဘူး။ သူကအမြဲတမ်း ပန်းချီအနုပညာကို လောဘမပါဘဲနဲ့အနုပညာသက်သက်သာ လုပ်ခဲ့သူဖြစ်တယ်။ ဒါကို ဆရာမကလည်း နှစ်သက်တယ်။ နောက်ပိုင်းအဖေ ကွယ်လွန်သွားတဲ့အခါ သူ့ရဲ့လုပ်ဆောင်ချက်ကို ပြန်ကြည့်တော့အင်မတန်အဖိုးတန်နေတာ တွေ့ရတယ်။ ရှားပါးတဲ့အနုပညာတစ်ခု ဖြစ်နေတာ တွေ့ရတယ်။အဲဒီတော့ ဆရာမနဲ့ မသက်ဆိုင်တော့ဘူး၊ မြန်မာပြည်နဲ့ပဲ သက်ဆိုင်တော့တယ်။အဲဒါကြောင့် မြန်မာပြည်အတွက်အဖေ့ရဲ့အနုပညာတွေကို ပြန်ပြီးဖြန့်ဝေချင်တဲ့သဘောနဲ့ စာအုပ်အနေနဲ့ ပြန်ထုတ်ဝေဖို့ ကြိုးစားတာပါ" လို့ သမီးဖြစ်သူ ပန်းချီဆရာမ ဒေါ်ချိုချိုအောင်က ပြောပါတယ်။

ရန်ကုန်မှာတော့ "ပန်းချီဆရာကြီးဦးအောင်ခင်" စာအုပ်မိတ်ဆက်ပွဲမှာ ပန်းချီကားတွေပါ တပေါင်းတည်း ခံစားခွင့် ရအောင် ပန်းချီပြပွဲပြသတာဖြစ်ပြီး မန္တလေးမှာကတော့ ဒုတိယအကြိမ်ပြပွဲကို ၂၀၁၉ ခုနှစ်ထဲမှာ လုပ်သွားဖို့ ရှိပါ

တယ်။




Some text some message..