ချောင်းသာမှာ ကံကောင်းစောင့်နေပါတယ်
myanmaplatform.com
|
2019-02-19



ချောင်းသာကမ်းခြေ စက်လှေဆိပ်က သဲသောင်ပေါ်မှာ မြင်းလေးတွေဟာ သခင်တွေနဲ့အတူ ဧည့်သည်တွေကို စောင့်မျှော်နေပါတယ်။အညိုရောင်၊အဖြူရောင်၊အုန်းခွံရောင် မြင်းချောမြင်းလှ တွေကြားထဲမှာ မြင်းကျားလေးတစ်ကောင်က ဟန်ရေးပြနေပါတယ်။

မြင်းကျားဆိုလို့ တကယ့်မြင်းကျား (Zebra) လို့တော့ မထင်လိုက်ပါနဲ့။ မြင်းအဖြူလေးကို မြင်းကျား ပုံစံအနက်လိုင်းလေးတွေ ဆေးဆွဲထားတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ကလေးတွေကတော့ ဒီမြင်းကျား လေးကိုသာ စိတ်ဝင်တစားကြည့်ရှုနေကြပါတယ်။

မြင်းကျားလေးကို ပန်းပွားတွေနဲ့အလှဆင်ထားတော့ ကလေးတစ်ချို့ ကစိတ်ဝင်တစားနဲ့ကြည့်နေကြ ပြီး တစ်ချို့ကလည်း သူတို့ ဖေဖေမေမေတွေကို စီးချင်လို့ပူဆာကြပါတော့တယ်။ ကလေးတစ်ယောက် က “ ကံကောင်းကိုပဲ စီးမှာ..။ မနှစ်ကလဲ ကံကောင်းပဲ။ ဒီနှစ်လဲ ကံကောင်းကိုပဲ စီးမှာ” ဆိုတဲ့အသံစူး စူးလေးနဲ့အော်လိုက်တာနဲ့ မြင်းကျားလေးက ကလေးနားကိုတိုးကပ်သွားပါတယ်။




သူ့နာမည်ခေါ်လိုက်လို့ပဲလား…သူတင်ဆောင်ပြီးသွားရမယ်ဆိုတာ သိလို့ပဲလားတော့မသိ။ မြင်ကွင်း ကိုအစအဆုံးရပ်ကြည့်နေရင်း ကံကောင်းဆိုတဲ့မြင်းကျားလေးကို သတိထားမိသွားပါတယ်။ မြင်းပေါ် ကိုမတက်ခင် ကလေးလေးက ဓာတ်ပုံရိုက်ပေးဦးလို့ သူ့အဖေဖြစ်ဟန်တူသူကို ပူဆာလိုက်တဲ့အခါ မြင်းပိုင်ရှင်က “ကံကောင်းရေ သား..၊ ဓာတ်ပုံရိုက်မယ်တဲ့ ခေါင်းမော့လိုက်ပါဦး” ဆို ဒီအတိုင်းပါးစပ်က ပြောလိုက်ရုံရှိသေး ကံကောင်းက ကင်မရာဖက်ကြည့်ပြီးခေါင်းလေးကို ဆတ်ခနဲ မော့လိုက်ပါတယ်။

ကံကောင်းရဲ့အပြုအမူကိုမြင်လိုက်မှ မြင်းတွေဟာပေကပ်ကပ်လုပ်တတ်တယ်လို့သာ ဘယ်လိုများ မှတ်ထားမိပါလိမ့်လို့ပြန်တွေးမိပါတယ်။ ကံကောင်းကိုအနီးကပ်လေ့လာခွင့်ရဖို့ ကံကောင်းကို စီးကြည့်ပါဦးမယ်။ တိရစာန်လေးတွေကို သနားတတ်ပေမယ့် ကံကောင်းကို စီးမှသာ ကံကောင်းသခင် ကို စကားစမြည်ပြောခွင့်ရမယ်လို့ ယူဆမိပြီး ကံကောင်းတို့ ပြန်အလာကို စောင့်နေလိုက်ပါတယ်။

ကိုယ့်အလေးချိန်ကလည်း ကံကောင်းအတွက်အရမ်းဝန်မပိစေနိုင်ဘူးဆိုပြီး တွေးမိတာနဲ့အတူ သူ့ကို စီးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကမ်းခြေမှာအစနဲ့အဆုံးဆုံမှတ်တစ်ခုသတ်မှတ်ထားပါတယ်။ တစ် ခါစီးကြည့်ရင် သုံးထောင်ပေးရပါတယ်။ တစ်ချို့လူတွေကလည်း ခဏပဲ မြင်းပေါ်တက်ဓာတ်ပုံရိုက်ဖို့ သုံးထောင်ပေးကြသလို တစ်ချို့လူများကတော့ ခဏလေးတက်မှာပဲဆိုပြီး ပိုက်ဆံမပေးချင်ကြတာလဲ ကိုယ့် မျက်စိရှေ့တင် မြင်တွေ့နေရပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ ထားပါတော့လေ..။ ကံ ကောင်းအကြောင်းကို ဆက်ရရင်တော့..။

သူ့ကိုစီးဖို့ ခြေနင်းကွင်းကိုနင်းလိုက်ကတည်းက သူက ကိုယ်နေဟန်ကို ခပ်တောင့်တောင့်အနေအထားကိုပြင်လိုက်ပါတယ်။ သူ့ကျောပေါ်ကိုရောက်တာနဲ့ လူကိုဟန်ချက်ညီစေအောင်ခပ်ဆဆလျှောက်ပါတယ်။ ဒီ်အချိန်ထိ သူ့သခင်က ကံကောင်းကို ပါးစပ်နဲ့သာပြောနေတာ ကိုလဲ သတိထားမိပါတယ်။

သခင်တွေရဲ့ လက်ထဲမှာ ကြိမ်တံကြိုးလေးတွေပါပါတယ်။ ပြောလိုက်ရိုက်လိုက် လုပ်နေရတဲ့ တခြား မြင်းလေးတွေလည်း တွေ့မိပါတယ်။ ကံကောင်းကတော့ တကယ်လိမ်မာလို့ပဲလား။ သူ့သခင်ကပဲ သဘောကောင်းလို့လားတော့မသိပါဘူး။အရိုက်မခံရပါဘူး။ သဲထဲမှာ နစ်နစ်ဝင်သွားတဲ့ခွာတွေကြောင့် သူ လမ်းဆက်လျှောက်ဖို့ ခက်နေတဲ့အခါ သခင်ကိုလှမ်းကြည့်ပြီး သူ့ဦးတည်ရာပြောင်းသွားပြီး ကမ်းနားရေစပ်ဖက်သို့ ခြေလှမ်းပြင်လိုက်ပါတယ်။




ဒါကိုနားလည်ပုံရတဲ့အပေးအယူမျှတဲ့ သူ့သခင်က “အစ်မရေ သဲပြင်ကပွနေလို့ သူနင်းလို့ မကောင်း ဘူး ဖြစ်နေတယ်။ ရေစပ်နားမှာက သူတို့ နင်း လို့ကောင်းလို့အဲဒီဖက်ကသွားချင်နေတာပါ။အစ်မအဆင်ပြေရင် ကံကောင်းကိုအဲဒီဖက်ကသွား ခိုင်းလိုက်မယ်နော်” လို့ပြောလာပါတယ်။

သခင်နဲ့သူအပေးအယူမျှတော့ ကံကောင်းကို ငလည်လေးလို့ တွေးရင်းခေါင်းလေးကို ပွတ်ပေးလိုက် ပါတယ်။ သူကလဲ သဘောတကျနဲ့ ခေါင်းလေးကို မော့ကာ မော့ကာနဲ့အသိမှတ်ပြုပါတယ်။ သတ် မှတ်ထားတဲ့ နေရာရောက်တာနဲ့ တိကနဲ ရပ်လိုက်ပြီး ပြန်လှည့်လာတာလဲ ကံကောင်းရဲ့ မှတ်ဉာဏ် ကောင်းမွန်မှုပါပဲ။

ဘေးနားကနေ တောက်လျှောက်လိုက်လာတဲ့ သူ့သခင်က စကားတွေပြောလာပါတယ်။ “ ကံကောင်း ကို ကျွန်တော်မွေးမိတာ တကယ်ကံကောင်းပါတယ်။ တော်တော်အလိုက်သိပါတယ်။ စကားလည်းနား ထောင်တယ်။ သူက ကျွန်တော်တို့မိသားစု စားဝတ်နေရေးအတွက်အများကြီးကိုအကျိုးပြုလို့ သနား လည်းသနားတယ်။ သူ့အတွက် ကျွန်တော်တစ်နေ့လုပ်ပေးနိုင်တာကတော့ ဆုံးဖြတ်ထားတယ်။အဲဒါက တော့ ရာသက်ပန်ဘေးမဲ့ ပေးဖို့ပါပဲ”

ကံကောင်းကို စီးလာခဲ့ရင်း သူတို့ဆုံရပ်ကိုပြန်ရောက်တော့ နောက်ထပ်ဧည့်သည်တွေမလာခင် စကား စမြည်ပြောကြည့် ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းရဲ့ သခင်ဆိုသူဟာအသက်၃၆ နှစ်ခန့်ရှိပြီး သဘော ကောင်း ပုံရတဲ့ ကိုသက်နိုင်ဆိုသူပါ။

လူပုံ သေးသေးသွယ်သွယ်နဲ့ကိုသက်နိုင်က သူ့မြင်းကို ကလေးတွေစီးမယ်ဆိုရင်အရမ်းပျော်ပြီး နည်းနည်းဝမယ်ထင်ရသူတွေ စီးမယ်ဆိုရင် စိတ်မကောင်းဖြစ်တတ်သူပါ။ စားဝတ်နေရေးအတွက် မဖြစ် မနေရွေးချယ်ထားတဲ့အလုပ်မို့ လုပ်နေရပေမယ့်လည်း သူ့မြင်းလေးကို တတ်နိုင်သမျှသက်သာ စေဖို့အတွက်အဖက်ဖက်က စဉ်းစားထားတယ်လို့လဲ ဆိုပါတယ်။ ဒါကြောင့် မြင်းလေးအရေပြားကိုမထိ ခိုက်စေမယ့် ဆိုးဆေးတစ်ချို့ ဆိုးဖို့ သူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပန်းပွားလေးတွေနဲ့အလှဆင် လိုက်ပါတယ်။

ဒါမှသာကလေးတွေက မြင်းကျားလေးဆိုပြီး စိတ်ဝင်တစားစီးကြမှာလို့ သူတွက်ဆလိုက်ပါတယ်။ သူ တွက်ထားတဲ့အတိုင်းကလေးလေးတွေက ပန်းပွားတွေနဲ့ လှပတဲ့မြင်းကျားကလေးကို စီးကြတော့ လူကြီးတွေက တခြားမြင်းတွေကို စီးကြတာကြောင့် သူဝမ်းသာမိတယ်လို့ ပြောပါတယ်။

ကံကောင်းရဲ့အသက်ကအခုမှ ငယ်ငယ်လေးရှိသေးတာပါ။အသက်က ၇ နှစ်ခန့်သာရှိသေးပြီး သခင်က သူနှစ်နှစ်သားကတည်းက သုံးသိန်းခွဲပေးပြီးဝယ်ထားရတယ်လို့ဆိုပါတယ်။အခု မြင်း ဝယ်သူတွေက ရှစ်သိန်းလာပေးတာတောင် လုံးဝမရောင်းဘူးလို့ ခိုင်ခိုင်မာမာကို ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်က ပထမတုန်းက မြင်းအညိုရောင် နှစ်ကောင်ကိုင်ဖူးတယ်။ ပထမတစ်ကောင်ဝယ်တယ်။ နှစ်သိန်းခွဲပေးရတယ်။ ကျွန်တော်နဲ့တစ်နွေပဲ ခိုင်းလိုက်တယ်။အကျိုးမပေးလို့။ ကိုယ့်လက်ထဲကျတော့ မှ ဆေးကုလို့မရပဲ ဖြစ်တယ်။အရှုံးခံပြီးရောင်းပစ်လိုက်တယ်။ နောက်တစ်ကောင်ထပ်ဝယ်တယ်။ လေးသိန်းခွဲပေးရတယ်။ သူ့နာမည်က စနေမောင်မောင်တဲ့ ကရင်တွေဆီကနေ ဝယ်လာတာ။အိမ်မဲ ရိုးကြီးကဝယ်လာတာ။ ဧည့်သည်ကအနားကပ်လို့ရှိရင် ဧည့်သည်ကို ထိုးကိုက်တယ်။ ကျွန်တော်က စိတ်မရှည်တော့ သူ့ကိုရိုက်လိုက်တယ်။အဲဒီမှာ ကျွန်တော့်ကို ပြန်ကိုက်လိုက်လို့ ဆေးရုံမှာ သုံးချက် ချုပ်လိုက်ရတယ်။ နောက်ပိုင်းကြတော့ ဗေဒင်တွက်ကြည့်လိုက်တော့ မြင်းနဲ့လုပ်စားမယ်ဆို ရင်အဖြူ၊ ဒါမှမဟုတ်ရင်အဝါရောင်ဝယ် ဆိုတော့အခုကံကောင်း လေးကို ဝယ်လိုက်တာ” လို့ ကံကောင်းအရင်က မွေးခဲ့ ဖူးတဲ့ မြင်းတွေအကြောင်းပြောပြပါတယ်။

ကံကောင်းရဲ့ သခင်က ဒီချောင်းသာ ဇာတိကမဟုတ်ပေမယ့် သူ့ထက်အရင်ရောက်နေတဲ့ သူ့ဆွေ မျိုးမောင်နှမတွေဆီလည်ရင်း ပုသိမ်ရှမ်းရွာ ဇာတိကနေ ချောင်းသာကိုပြောင်းခဲ့သူပါ။ စပြောင်း စဉ်အချိန်တုန်းကတော့ ဈေးရောင်းဈေးဝယ် လုပ်ငန်းလုပ်ကိုင်ရာကနေ မြင်းကို ဝါသနာပါခဲ့ ပြီးအခုချိန်မှာတော့ မြင်းမောင်းသက်တမ်း ဆယ့်နှစ်နှစ် ခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်ကံကောင်းကိုစပြီးတော့ ဝယ်ပြီးခိုင်းကတည်းက စီးပွားရေးက သူ့ဟာနဲ့သူအဆင်ပြေ လာတယ်။ တစ်နှစ်နဲ့တစ်နှစ်ပိုပြီးတော့အဆင်ပြေလာတယ်။ ကံကောင်းက ကျန်း မာရေးလည်း ကောင်းတယ်။ ကိုယ်နဲ့အကျိုးပေးပြီး ကိုယ့်မိသားစုဝင်လိုဖြစ်နေပြီ။အိမ်မှာဆိုရင် ကျွန်တော်မရှိလဲအမျိုးသမီးကအစာကျွေးတယ်။ ရေတိုက်တယ်။ ကျွန်တော့်ကလေးကိုလည်း သူကချစ်တယ်” လို့ ကံကောင်းနဲ့ ပတ်သက်ပြီး ဂုဏ်ယူစွာနဲ့ ပြောပြနေပါတယ်။

တကယ်တော့ မြင်းတစ်ကောင်ရဲ့ သက်တမ်းဟာ ၃၅ နှစ်ခန့်သာ ဖြစ်ပါတယ်။ ကံကောင်းရဲ့ သခင်က တော့အခုချိန်မှာအသက်၇ နှစ်ရှိနေပြီဖြစ်တဲ့ သူ့မြင်းလေး မဖျားမနာနဲ့ ကျန်းကျန်းမာမာသာ ဆက်ပြီး နေနိုင်မယ်ဆိုရင် နောက်ဆယ်နှစ် လောက်ပဲ ခိုင်းတော့မှာဖြစ်ပြီး ကျန်တဲ့အချိန်တွေကို ရာသက်ပန်ဘေးမဲ့ပေးတော့မယ်လို့ပဲ ပြောဆို နေပါတယ်။

“မြင်းလေးတွေသေသွားရင်အသားကိုရောင်းလိုက်ကြတာများတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီလုပ်ငန်းလုပ်တဲ့သူတွေက ချမ်းချမ်းသာသာတွေမှမဟုတ်ကြတာ။ ဒါပေမယ့် ကျွန်တော်ကတော့ ကံ ကောင်းသေသွားရင် မြေမြှုပ်မှာ။အိမ်မှာလဲပြောထားပြီးသား.။သူကကျွန်တော့်သား” လို့ ပြောပါတယ်။

ကံကောင်းရဲ့ သခင်က သူ့မြင်းလေးကို ဇောင်းကောလိုက်တဲ့ရောဂါဖြစ်မှာအရမ်းကိုကြောက်ပြီးအမြဲ ပဲ စိုးရိမ်နေတယ်လို့လဲပြောပါတယ်။ ကျန်းမာရေးကောင်းတဲ့ မြင်းကောင်းတစ်ကောင်ဟာ နှာချေ ရမယ်၊ နားရွက်လေးတွေနဲ့အမြီးတွေက ခတ်နေရမယ်လို့ဆိုပါတယ်။ မြင်းသမားတွေကြောက်တဲ့ ဇောင်းကောလိုက်တယ်ဆိုတဲ့ ရောဂါဖြစ်ရင် မြင်းဟာအကောင်းကြီးကနေအစာမစား၊ နားရွက် ၊အမြီးမခတ် ပဲနဲ့တစ်နေ့ပဲခံပြီးသေသွားတတ်တာမျိုးလို့ ပြောပြခဲ့ပါတယ်။

ဒါကြောင့်သူ့မြင်းလေးကို မဖျားမနာရအောင် ကိုယ်တိုင်ဂရုစိုက်ပါတယ်။ တစ်နေ့ကိုရေနှစ်ခါချိုးပေးပြီးအစာကို ဂရုစိုက်ကျွေးတယ်။အစာ စားရင်းနဲ့လည်း နှာချေလား နှာမချေဘူးလား နားထောင်ပြီးနှာမချေရင် ကြောင်ပန်းရွက်( မြန်မာ့ဆေး )အကြမ်းပွတ်ပြီး ထိုးထည့်ပေးတာမျိုးနဲ့အဲဒီလိုမှမရဘူးဆိုရင် ကျွန်းရွက် ကိုစု မှိုင်းခံပြီး နှာပွင့်အောင်လုပ်ပေးတယ်လို့ဆိုပါတယ်။

“သူတို့ဖျားနာလို့ရှိရင်အကြောဆေးလွှတ်ပေးရတယ်။ နှာစေးချောင်းဆိုးဆိုလို့ရှိရင် ကြပ်ခိုးလေးခံ ပေးရတယ်။ မှိုင်းခံပေးရတယ်။ ဝမ်းချုပ်တာတို့ ဘာတို့ ဆိုရင်မြင်းလေးတွေက သုံးရက်လောက်ပဲ ခံတယ်။ တစ်ခါထဲသေရော။ ဒါကြောင့်တစ်ခုခုဆို ဆရာဝန်ခေါ်ပြရတယ်” လို့ထပ်မံပြောပြခဲ့ပါတယ်။

ကိုသက်နိုင်က မိုးတွင်းအခါတွေမှာအခြားလုပ်ငန်းတစ်ခုကို လုပ်ကိုင်ပါတယ်။ ဒီလိုအချိန်ဆိုရင်တော့ ကံကောင်းတို့ နားနေရပါပြီ။ ကံကောင်းရဲ့အလုပ်လုပ်ချိန်က ချောင်းသာရာသီ လို့ ခေါ်နိုင်တဲ့ ဧည့်သည်များတဲ့ ပွင့်လင်းရာသီ ပဲဖြစ်ပါတယ်။

“ကျွန်တော်ကတခြားလုပ်ငန်းက မိုးတွင်းအခါမှာဆို တက်စီဆွဲပါတယ်။ သူ့ကိုနားထားတယ်။ ဒါပေ မယ့် စနေ၊ တနင်္ဂ နွေ မျိုးတော့ ဧည့်သည်ရှိလို့ရှိရင် သူ့ကိုအညောင်းအညာဖြေရင်းနဲ့ကမ်းစပ်ကိုဆင်းပါတယ်” လို့ဆိုပါတယ်။

ချောင်းသာကို နှစ်စဉ်လာလည်တဲ့သူတွေထဲမှာ ကံကောင်းရဲ့ဖောက်သည်တွေအမြဲပါနေလို့ ကိုသက် နိုင်ကတော်တော်ပျော်နေပါတယ်။

“ချောင်းသာကို နှစ်စဉ်လာလည်တဲ့လူတွေရှိပါတယ်။ ကျွန်တော့်ဖောက် သည်တွေကတော့ ကလေးတွေပါပဲ။ သူတို့က ကံကောင်းမှကံကောင်းပါပဲ။ ကံကောင်းပဲ စီးတယ်။ ကံကောင်းက ကျွန်တော့်အတွက် ကံကောင်းခြင်းတွေ ယူလာပေးလို့ ကံကောင်းကို ရာသက်ပန်ကျွန်တော်နဲ့ ထားပြီး ဘေးမဲ့ပေးမှာပါ” လို့ ပြုံးပြုံးရွှင်ရွှင်ပြောရင်း နေလုံးနီနီကြီးဝင်သွားရာအရပ်ဆီကို ကံကောင်းနဲ့အတူ တရွေ့ရွေ့ထွက်ခွာသွားပါတော့တယ်။




Some text some message..