အပြန်အလှန်လေးစားချစ်ခင်မှုများနဲ့ ပေါ်တူဂီအညာသားတို့ရွာ
mmtimes.com
|
2019-02-21

နဘက် (ဘုရင်ဂျီ)ရွာမှ ဘုရားရှိခိုးကျောင်းကြီး။ ဓာတ်ပုံ - နော်ဘက်တီဟန်/မြန်မာတိုင်းမ်

နွေဦးပေါက်ဖြစ်သော်လည်းအညာနွေက စူးစူးရှရှရှိလှသည်။ သို့ရာတွင်အညာတောရွာလေးတစ်ရွာ၏ ရွာလမ်းတစ်လျှောက်အစီအရီပေါက်နေသည့် တမာပင်၊ ကုက္ကိုပင်၊လက်ပံပင်၊ ထနောင်းပင်တို့၏အေးမြသည့်အရိပ်များကရင်အေးဖွယ် ဆီးကြိုနေသည်။အညာတောရွာများ၏ ထုံးစံအတိုင်း ခြံဝင်းများက ကျယ်ကျယ်ဝန်းဝန်းရှိလှသလိုအမှိုက်တစ်စမျှမရှိဘဲ သန့်ရှင်းသပ်ရပ်နေသည်။

ကျေးလက်ရိုးရာအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများနှင့်အညာကျေးရွာတစ်ရွာ၏အလယ်တွင်အနောက်တိုင်းဟန်ဆောက်လုပ်ထားသည့် ဘုရားကျောင်းကြီးက ထီးထီးကြီးရှိနေခြင်းကအခြားသော မြန်မာကျေးလက်ဒေသများ၏ မြင်ကွင်းနှင့် ကွဲပြားနေကာအမြင်ဆန်း၍နေသည်။အဆိုပါဘုရားကျောင်းကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် ခုနစ်မိုင်အကွာ၊ မြောင် - ပရိမ္မကားလမ်းအနီးရှိ နဘက် (ဘုရင်ဂျီ)ရွာတွင်ရှိသည်။

ရွာအတွင်းသို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ဝင်လိုက်သည်နှင့် ဘုရားကျောင်းကြီး၏အဝင်ဝကို သံယောဟန်ဗတ္တစ္စတားဟူသော ဆိုင်းဘုတ်နှင့်အတူ တွေ့မြင်လိုက်ရတော့သည်။ ထူးခြားသည်က ရွာလမ်းတစ်လျှောက်လာနေရင်း မည်သည့်နေရာမှမဆို ဘုရားကျောင်းကြီးကို လှမ်းမြင်နိုင်ခြင်းပင် ဖြစ်သည်။နဘက် (ဘုရင်ဂျီ)ရွာတွင်အိမ်ထောင်စု ၁၃၅ စုနှင့်လူဦးရေ ၅၂ဝ ကျော်ရှိသည်။ ဘုရင်ဂျီရွာသည် နဘက်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး နဘက် (ရွာမ)၊ နဘက် (ရွာသစ်)နှင့် နဘက် (ဘုရင်ဂျီ) ဟူ၍ ရွာအုပ်စု သုံးစုပေါင်းထားပြီး စုစုပေါင်း လူဦးရေ ၅,ဝဝဝ ကျော်ရှိသည်။ ထူးခြားချက်မှာ နဘက် (ဘုရင်ဂျီ) ရွာတွင် နေထိုင်ကြသူများသည်ရှေးအခါက မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ပေါ်တူဂီအနွယ်များဖြစ်ကြပြီး ကက်သလစ်ဘာသာဝင်များ ဖြစ်နေကြခြင်းပင် ဖြစ်သည်။ နဘက် (ဘုရင်ဂျီ)အုပ်စုတွင်မူအိမ်ခြေ ၁၃၅အိမ်ရှိပြီး လူဦးရေ ၅ဝဝ ကျော်သာရှိသည်။

နဘက် (ဘုရင်ဂျီ) ရွာအပါအဝင် ယင်းဒေသတစ်ဝိုက်တွင်နေထိုင်သူများသည် ဒီဘရစ်တို (ခေါ် ) ငဇင်ကာ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ပေါ်တူဂီအနွယ်များကို မြန်မာနိုင်ငံအလယ်ပိုင်းတစ်ဝိုက်သို့ ပို့ဆောင်ခဲ့ပြီးနောက် နေထိုင်ခဲ့ကြသည့် ပေါ်တူဂီအနွယ်များမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ ဘုရင်ဂျီဆိုသည်မှာ ဖာရင်ဂီဆိုသည့် ပါရှန်းဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး လူမျိုးခြားဟုအဓိပ္ပာယ်ရသည်။ ထိုဒေသမှ လူများသည်အနောက်ဘက်လွန်မင်းလက်ထက် သံလျင်တွင် နတ်သျှင်နောင်နှင့် ပေါ်တူဂီသား တပ်မှူးတို့ ပူးပေါင်းပြီး ပေါ်တူဂီအနွယ်များကို ခေါ်ဆောင်နေထိုင်စေခဲ့ရာက ဆင်းသက်လာသည့်အမျိုးအနွယ်များလည်းဖြစ်ကြသည်။

ဘုရားကျောင်းဝင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် တံမြက်စည်းကိုင်ထားသည့်အရပ်မြင့်မြင့်အသားညိုညိုအမျိုးသမီးကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ထူးခြားသည်ကား သူ၏အဝါရောင်သန်းနေသော မျက်လုံးများပင်ဖြစ်သည်။ သူသည် နဘက် (ဘုရင်ဂျီ) ရွာသူ ဒေါ်မေရီမြင့်ဖြစ်ပြီးအသက် ၆ဝ ရှိပြီဖြစ်သည်။နဘက် (ဘုရင်ဂျီ) ရွာတွင် ယခင်က နေထိုင်သူတော်တော်များများသည် ပေါ်တူဂီအငွေ့အသက်အပြာရောင်၊အဝါရောင်သန်းသည့် မျက်ဝန်းများ၊ နှာတံချွန်ချွန်နှင့် မြင့်မားသည့် ကိုယ်နေဟန်ထားစသဖြင့်အခြားအညာဒေသတွင် နေထိုင်သူများနှင့် ပုံသဏ္ဌာန်ကွဲပြားတတ်ကြသော်လည်း နေထိုင်သည့် သက်တမ်းကြာလာသည့်အခါတွင်အညာဒေသခံများနှင့် မခြားနားသည့်အသွင်အပြင်နှင့် နေထိုင်မှုပုံစံများဆီသို့ တဖြည်းဖြည်းပြောင်းလဲသွားသည်ဟု ဒေါ်မေရီမြင့်က ရှင်းပြသည်။


နဘက် (ဘုရင်ဂျီ) ရွာသူ ဒေါ်မေရီမြင့်။ ဓာတ်ပုံ - နော်ဘက်တီဟန်/မြန်မာတိုင်းမ်

''ဒီရွာမှာ မျက်လုံးအရောင်နဲ့သူတွေတောင် သိပ်မရှိကြတော့ဘူး။အကုန်လုံးက ဒီဒေသခံတွေဖြစ်ကုန်ပြီလေ။ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်ဆိုတော့အကုန်ဗမာလူမျိုးတွေဖြစ်ကုန်ပြီ။ ခရစ်ယာန်ဘာသာဝင် ဗမာလူမျိုးတွေပေါ့'' ဟု ဒေါ်မေရီမြင့်က ရှင်းပြသည်။ခရစ်ယာန်ဘာသာဝင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ၁၆၁၃ ခုနှစ်အင်းဝပြည့်ရှင်အနောက်ဘက်လွန်မင်းလက်ထက်တွင် စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာ ဒေဖွန်ဆေးကားဦးဆောင်မှုဖြင့်အင်းဝဘုရားရှိခိုးကျောင်းတွင် ပေါ်တူဂီအနွယ်ဝင် ခရစ်ယာန်ဘာသာဝင် ၄,ဝဝဝ ကျော်တို့ကို သာသနာပြုလုပ်ငန်း လုပ်စေခဲ့သည်။ နဘက် (ဘုရင်ဂျီ) ရှိ ဘုရားကျောင်းကိုမူ ၁၉ဝ၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဘုရားကျောင်းသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

''ကျွန်တော်တို့ကိုလည်း ပေါ်တူဂီအနွယ်တွေကနေ ဆင်းသက်လာတယ်လို့ ဘိုးဘွားတွေက ပြောဖူးတယ်။ ဒါပေမဲ့ ဒီဒေသမှာ နေတာကြာလာတာရယ်၊ ဒီဒေသခံတွေနဲ့ပဲအိမ်ထောင်ရက်သားကျကုန်တာရယ်ကြောင့် နောက်ပိုင်းမှာ ကျွန်တော်တို့ ပုံစံတွေက လုံးဝအညာသား ဖြစ်သွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်းအညာသားဖြစ်ရတာကို ဂုဏ်ယူတယ်'' ဟု နဘက် (ဘုရင်ဂျီ) ရွာမှ သာသနာ့အကျိုးဆောင်အဖွဲ့ဝင် ဦးခင်မောင်တင့်က ပြောသည်။နဘက် (ဘုရင်ဂျီ) မှ ခရစ်ယာန်ဘာသာဝင်များသည် နဘက် (ရွာမ)နှင့် နဘက် (ရွာသစ်)တို့ဘက်မှ ဒေသခံများနှင့်လည်းအဆင်ပြေပြေယှဉ်တွဲနေထိုင်လျက်ရှိကြပြီး ဘာသာရေးပွဲများတွင်လည်းအပြန်အလှန် ကူညီကြကြောင်း ဦးခင်မောင်တင့်က ပြောသည်။နဘက်ရွာအုပ်စုတွင် နာမည်ထင်ရှားသည့် ရွှေတံခါးသမိုင်းဝင်ဘုရားရှိပြီး ဘုရားကို နှစ်စဉ်ထီးတင်ပွဲကျင်းပသည့်အမှုဆောင်အဖွဲ့တွင် ဗုဒ္ဓဘာသာဝင်များသာမက ခရစ်ယာန်ဘာသာဝင်များလည်း ပါဝင်လျက်ရှိသည်။




မနှစ်က ဘုရားထီးတင်တုန်းက ကျွန်တော်က နာယကအဖြစ်ပါခဲ့တယ်။ ကိုယ့်ဒေသရဲ့အထင်ကရ ဘုရားပွဲမှာ ဒေသခံတစ်ဦးအနေနဲ့ တတ်အားသ၍ပါဝင်ခဲ့တာဖြစ်လို့ ဘယ်တော့ဖြစ်ဖြစ် ဂုဏ်ယူပြီး...

''မနှစ်က ဘုရားထီးတင်တုန်းက ကျွန်တော်က နာယကအဖြစ် ပါခဲ့တယ်။ ကိုယ့်ဒေသရဲ့အထင်ကရဘုရားပွဲမှာ ဒေသခံတစ်ဦးအနေနဲ့ တတ်အားသ၍ ပါဝင်ခဲ့တာဖြစ်လို့ ဘယ်တော့ဖြစ်ဖြစ် ဂုဏ်ယူပြီးပြောပြဖြစ်တယ်။ ကျွန်တော်တို့ဘုရားသခင်ကလည်း ကောင်းချီးပေးမှာ သေချာတယ်'' ဟု နဘက် (ဘုရင်ဂျီ)မှ ရပ်မိရပ်ဖ ဦးသိန်းရွှေက ပြောသည်။နဘက်ကျေးရွာအုပ်စုတွင် ဘာသာရေးပွဲတော်များသာမက လူမှုရေးကိစ္စများတွင်လည်း ရွာအုပ်စုမခွဲခြားဘဲအချင်းချင်းကူညီကြလေ့ရှိသေးသည်။ ကျေးရွာအစုအသီးသီးတွင် ရပ်ရွာသုံးရေခဲအခေါင်းများတစ်ခုစီသာ ရှိကြသော်လည်း တစ်ခါတစ်ရံတွင် ရွာအပိုင်းတစ်ခုတည်း နာရေးနှစ်ခုရှိသည်များကြုံရပါကလည်း တစ်ဖက်ရွာများမှအခေါင်းများကို ကိုယ်တိုင်ကိုယ်ကျ ထမ်းပိုးကာအိမ်အထိ ပို့ဆောင်ကူညီပေးသည့်အလေ့ရှိကြောင်း ရွာခံများက ပြောသည်။

ရွာသားများအားလုံးသည် ဘာသာနေရာတွင် ခရစ်ယာန်၊ လူမျိုးနေရာတွင် ဗမာဟုဖော်ပြထားသည့် နိုင်ငံရေးစိစစ်ရေးကတ်များကို ကိုင်ဆောင်ကြသူများဖြစ်ကြပြီး ၎င်းတို့၏အသွင်အပြင်မှာလည်း ကွမ်းများဝါးထားကာအသားညိုညို၊ ထောင်ထောင်မောင်းမောင်းနှင့်အညာဒေသဖွား ဒေသခံများကဲ့သို့ပင်ဖြစ်သည်။ ရွာသားများသည် တောင်ယာလုပ်ငန်း၊အမဲခြောက်လုပ်ငန်းနှင့် ဈေးရောင်းသည့်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိကြသည်။သံယောဟန်ဗတ္တစ္စတားဘုရားကျောင်းဝင်းနှင့် ကပ်လျက်တွင် ရွာဦးဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး နဘက်ကျေးရွာအုပ်စုမှ စုပေါင်းကိုးကွယ်ကြသည်။ ကိုမင်းသိမ်းကျော်နှင့် ဦးသိန်းရွှေတို့၏ ဦးဆောင်မှုဖြင့်အောင်မြေဘုံသာဘုန်းကြီးကျောင်းဝင်းကြီးကို မြန်မာတိုင်း(မ်)က လေ့လာခွင့်ရခဲ့သည်။အဆိုပါကျောင်းတိုက်ကြီးကို မြန်မာသက္ကရာဇ်၁၂ဝ၂ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးကျောင်းဝင်းအတွင်းတွင် စေတီပုထိုးများဖြင့် ပြည့်နှက်လျက်ရှိသည်။ကျောင်းထိုင်ဆရာတော် ဦးခမာဝုဒသည် နဘက်ရွာဇာတိဖြစ်ပြီး သက်တော် ၈၃ နှစ်ရှိပြီဖြစ်သည်။


၁၈၉၂ ခုနှစ်က ရိုက်ကူးထားသော နဘက်ရွာဘုန်းတော်ကြီးကျောင်းနှင့် ဘုရင်ဂျီ ဘုန်းတော်ကြီးတစ်ပါး၏ပုံကို ပြသနေစဉ်။ ဓာတ်ပုံ - နော်ဘက်တီဟန်/မြန်မာတိုင်းမ်

''ဆရာတော်တို့ ငယ်ငယ်တုန်းက ဂါဝန်ကြီးတွေနဲ့ လူအမြင့်ကြီးတွေကို ဘုရင်ဂျီဘက်မှာ မြင်ခဲ့ဖူးတယ်။အခု ဘုရင်ဂျီဘက်က လူတွေကတော့ ဗမာတွေ ဖြစ်ကုန်ပါပြီ'' ဟု ဆရာတော်က မိန့်သည်။ထို့ပြင် နဘက် (ဘုရင်ဂျီ) ရှိ ဘုရားကျောင်းပွဲကို နှစ်စဉ် ဇွန် ၂၄ ရက်တွင် ကျင်းပလေ့ရှိပြီး ဆရာတော်ကို ပင့်ဖိတ်ကာ သြဝါဒချွေပေးရန် ပင့်ဆောင်လေ့ရှိကြောင်း ဆရာတော်က ရှင်းပြသည်။မြန်မာနိုင်ငံအတွင်းတွင် ဘာသာရေးနှင့် လူမျိုးရေးခွဲခြားမှုများရှိနေကြောင်း နိုင်ငံတကာမှ ဝေဖန်မှုများရှိနေခဲ့သော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ နဘက်ရွာကလေးကမူ မတူညီမှုများအကြားတွင် နှစ်ပေါင်းတော်တော်ကြာ ငြိမ်းချမ်းနေဆဲဖြစ်သည်။အထူးသဖြင့် နှစ်ပေါင်းများစွာအတွင်း ဘာသာရေးကွဲပြားမှုကြောင့် မည်သည့်ပြဿနာမှမဖြစ်ခဲ့ဖူးဟု တညီတညွတ်တည်းဖြေကြသည့် ရွာသားများ၏အဖြေသည် ၎င်းဒေသတွင်းတည်ငြိမ်အေးချမ်းမှုအနေအထားကို ထင်ဟပ်ပြသလျက်ရှိသည်။ထို့ပြင်အိမ်နီးချင်းရွာအသီးသီးမှ လူငယ်များက ဘာသာမတူဘဲ ချစ်ကြိုက်၊ လက်ထပ်ခြင်းများရှိသော်လည်းအေးအေးချမ်းချမ်းအဆင်ပြေပြေရှိနေဆဲပင် ဖြစ်သည်။

''ကျွန်တော်က ဒီဘုရင်ဂျီရွာက၊ ကျွန်တော့်အမျိုးသမီးက ရွာသစ်ဘက်က။ ဘာသာတော့မတူကြပါဘူး။ ဒါပေမဲ့သူလည်း သူ့ဘုရားရှိခိုးတယ်။ ကျွန်တော်လည်း ကျွန်တော့်ဘုရားရှိခိုးတယ်။အိမ်ထောင်ရေးအဆင်ပြေတယ်။ ချစ်ခြင်းမေတ္တာသာလျှင်အခရာပဲ'' ဟုအသက် ၃၅ နှစ်အရွယ်ရှိ ဘုရင်ဂျီရွာခံ ဦးမြင့်အောင်က ပြောသည်။ဦးမြင့်အောင်၏အဖြေသည် သူ၏အိမ်ထောင်ရေးအတွက်သာမက နဘက်ကျေးရွာအုပ်စုအတွက်ပါ ငြိမ်းချမ်းနေရခြင်း၏အကြောင်းတရားဖြစ်ကြောင်း မည်သည့်ပြဿနာမှ မဖြစ်ခဲ့ဖူးသည့် သမိုင်းကြောင်းများက သက်သေခံလျက် ရှိကြသည်။




Some text some message..