ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနံဘေး သင်တောင်းကျေးရွာရှိ ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားသို့ နေ့စဉ် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များ များပြားစွာလာနေသည့်အတွက် ဘုရားဖူး ပြည်သူများအဆင်ပြေချောမွေ့စွာတည်းခိုနေ နိုင်ရန်အတွက် လက်ရှိ ၁၀ ဧကအကျယ်အဝန်းရှိသည့် ဘုရားပရဝဏ်ကို ထပ်မံတိုးချဲ့ ခြင်းနှင့် ညအိပ်ဆောင်များ တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း ဆုတောင်းပြည့် မဟာ ရွှေသိမ်တော်ဘုရားဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေ က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။
နားနေစရာ
"ဘုရားပရဝဏ်တိုးချဲ့ဖို့ မြေတစ်ဧကခွဲ ထပ်ဝယ်ထားတယ်။ တောင်သူတွေ နောက်ထပ် ရောင်းဦးမယ်ဆိုရင်လည်း ထပ်ဝယ်သွားဦးမယ်။ ဘုရားဖူးတွေ တစ်နေ့တခြား များလာပြီဆိုတော့ ဘုရားဖူးပြည်သူတွေ ညအိပ်နားနေနိုင်ဖို့အတွက်အိပ်ဆောင်အဆောက်အအုံတစ်ခု ဆောက် လုပ်မယ်။ ညအိပ်နားနေစရာ ဓမ္မာရုံရှိနေတယ် ဆိုပေမယ့်အမျိုးသမီးတွေအတွက်က မသင့် တော်ဘူး။ ဘုရားဖူးတွေအဆင်ပြေအောင်လို့ ညအိပ်နားနေစရာ ညအိပ်ဆောင်တစ်ခုကိုအခန်းလေးတွေနဲ့ တည်ဆောက်ပေးသွားမယ်"ဟု ၎င်းကပြောဆိုသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရား သို့ ဘုရားဖူးလာရောက်ကြသူအများစုသည် သစ္စာအဓိဋ္ဌာန်ဝင်၍ မိမိတို့လိုရာအကြောင်း ကိစ္စအဝဝတို့ကိုဆုတောင်းပြုကာအုန်း၊ ငှက် ပျော စသည့် သာသနာပွဲများပေးလှူလေ့ရှိပြီးအဓိဋ္ဌာန်အောင်သူများကလည်းအဓိဋ္ဌာန်အောင်ပွဲများဟူ၍ လာရောက်ကပ်လှူပူဇော် လျက်ရှိရာ နေ့စဉ် ဘုရားဖူးလာရောက်သူ ဦးရေ ၂၅၀ဝ ကျော် ၃၀ဝ၀ နီးပါးရှိသည်။
ပူဇော်ခဲ့ကြ
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရား ကို ပုဂံခေတ်အနော်ရထာမင်းကြီးက တည် ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံက သိမ်သမုတ် တော်မူခဲ့ကြောင်း၊အနော်ရထာမင်းကြီး တည် ထားခဲ့စဉ်က ဉာဏ်တော် ကိုးတောင်မျှသာရှိပြီး ၁၃၀၉ ခုနှစ်တွင် ဘုရားအနီးရှိ သင်တောင်း ကျေးရွာသားများကောင်းမှုဖြင့် ဉာဏ်တော် ကိုးတောင်ကိုငုံ၍ ဉာဏ်တော် ၁၅ တောင် မြှင့်တင်ကာ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ သက္ကရာဇ် ၁၃၅၆ ခုနှစ်တွင် သင်တောင်းရွာသူ ရွာသားများ၊ ကျောက်ဆည်နယ်သူနယ်သား များနှင့်အခြားဒေသမှပုဂ္ဂိုလ်များအပါအဝင်အများကောင်းမှုဖြင့် ဉာဏ်တော် ၁၅ တောင်ကို ငုံကာ ဉာဏ်တော် ၃၄ တောင်အမြင့် ထပ်မံ မြှင့်တင်ကာ ပူဇော်ခဲ့ကြခြင်းဖြစ်သည်။