အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမလဲ
အိမ်မှာ ခွေးလေး၊ကြောင်လေးတွေမွေးထားရင် တာဝန်တော့ကြီးပါတယ်။ကျွေးရမွေးရစောင့်ရှောက်ရတာအလုပ်တော့များပေမယ့် ချစ်စရာအမောပြေလေးတွေဖြစ်လို့ စိတ်ဖိစီးမှုတွေပြေစေပြီး စိတ်ပျော်လန်းဆန်းစေနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ခင်ဂရုစိုက်ပေး၊ သန့်ရှင်းပေး၊အစာကျွေးပေးပြီး ပျော်ရွှင်တဲ့ဘဝလေးဖန်တီးပေးရင်း ကိုယ်လည်းစိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲ တိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲ ရောဂါပိုးတွေမွေးမြူနေသလိုဖြစ်နေပါလိမ့်မယ်။ စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲအစာလေးကျွေးထား၊ မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာ ရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်းအိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။ ဥပမာ - "နင်ခဏခဏဖျားနေတာ ခွေးတွေကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ၊ ပိုးတွေဘာတွေနဲ့၊ သူတို့ကြောင့်ပဲနေမှာ" ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေမွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်မလဲ
ခွေးလေး၊ကြောင်လေးတွေနဲ့ကစားပြီးရင်၊ ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ လက်ချောင်းတွေမှာ ရောဂါပိုးမွှားတွေကပ်ငြိနေနိုင်တာကြောင့်အစာမစားခင်မှာ မမေ့ဖို့ ပိုဂရုစိုက်ပါ။
ခွေးလေးတွေက သင့်မျက်နှာ သို့မဟုတ် ကလေးရဲ့မျက်နှာကို လျှာနဲ့အလျက်မခံပါနဲ့။ လူကိုလျက်ပြီးမနှုတ်ဆက်ခင် ဘယ်အရာတွေကို လျက်ခဲ့သေးလဲ ကိုယ်မသိနိုင်ဘူးလေ။ မျက်နှာကိုလျက်လိုက်တယ်ဆိုလည်း သိပ်တော့စိုးရိမ်မနေပါနဲ့။ ရောဂါပိုးတွေသန့်စင် သွားအောင် ဆပ်ပြာနဲ့ဆေးကြော မျက်နှာသစ်လိုက်ပါ။ ပြန်သန့်ရှင်းဖို့ကအဓိကပါ။
တိရစ္ဆာန်တွေမှာ သန်ကောင်တွေနဲ့ သန်းတွေရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒါတွေကင်းရှင်းပြီးကျန်းမာအောင် ထားရမှာပါ။ ပုံမှန် သန်ချပေးပါ၊ သန်းဆေးသုံးပါ။ ကြောင်သန်း၊ခွေးသန်းတွေက လူကိုကိုက်တတ်သလို ကလေးငယ်တွေဆိုအနာပါဖြစ်စေတတ်ပါတယ်။
ယားနာနဲ့အရေပြားရောဂါတချို့ က ခွေးတွေ၊ကြောင်တွေကတဆင့် လူဆီ ကူးစက်တတ်ပါတယ်။ တိရာစ္ဆာန်မှာအနာလေးတွေရှိနေရင် သေချာပိုးသတ် ကုသပေးပါ။ ထိတွေ့ပြီးရင် ကိုယ့်လက်ကို ဆေးကြောသန့်စင်ပါ။
တချို့လူတွေက တိရစ္ဆာန်အမွေးနဲ့ထိတွေ့ရင် ဓာတ်မတည့်ဖြစ်တတ်ပါတယ်။အိမ်မွေးတိရစ္ဆာန်နဲ့ နီးနီးကပ်ကပ်နေရင် ဝတ်မှုန်အဖျားရောဂါလို၊ ပန်းနာရင်ကျပ်လိုတွေ ဖြစ်လာနိုင်ပါတယ်။အမွေးမကျွတ်အောင် တိကုဆရာဝန်နဲ့တိုင်ပင်ပြီးအားဆေးတိုက်သင့်တိုက်ပါ။အမွေးတွေအမှုန်တွေကင်းရှင်းအောင်အိမ်မှာ မကြာမကြာသန့်ရှင်းရေးလုပ်ပါ။
ခွေး၊ကြောင်တွေအညစ်အကြေးစွန့်သွားတဲ့၊အန်သွားတဲ့နေရာတွေကို သန့်စင် ပိုးသတ်ပါ။
အိမ်မွေးတိစ္ဆာန်လေးတွေ နေမကောင်းဖြစ်ရင် ဆေးခန်းပြပါ။ သူတို့ဘာဖြစ်နေလဲ၊ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာ ဆရာဝန်ကပဲ သိနိုင်သလို သူတို့မှာဖြစ်တဲ့ရောဂါက လူတွေကို ကူးနိုင်မကူးနိုင် ပြောပြပေးပါလိမ့်မယ်။
ဘာကောင်လေးပဲ မွေးထားထား တိကုဆရာဝန်ဆီမှာ လိုအပ်တဲ့ကာကွယ်ဆေးတွေပုံမှန်ထိုးသင့်ပါတယ်။ ပုံမှန်သန်ချပေး ကျန်းမာရေးစစ်ဆေးပေးမှ ကျန်းမာမှာပါ။
လက်သည်းနဲ့ကုတ်ခံရတာ၊အကိုက်ခံရတာ ဒဏ်ရာသေးသေးကြီးကြီး ရေနဲ့ဆပ်ပြာသုံးပြီးအမြန်ဆုံးဆေးကြောပစ်ပါ။ ဒဏ်ရာက သွေးထွက်နေရင်၊ ဒဏ်ရာနက်ရင် ဆေးခန်းအမြန်ပြပါ။ ကာကွယ်ဆေးထိုးသင့်ထိုးရပါမယ်။ ကလေးငယ်ရှိရင် ဘယ်လိုဂရုစိုက်ရမလဲ ကလေးနဲ့ခွေး၊ ကလေးနဲ့ညောင် ဆိုတာအတူဆော့တတ်ကြတဲ့အဖော်တွေပါ။ ခွေးလေး၊ကြောင်လေးတွေကို ကလေးတွေကအရမ်းစိတ်ဝင်စားကြပါတယ်။အိမ်မွေးတိရစ္ဆာန်လေးတွေက မိသားစုအတွက် ပျော်ရွှင်စရာဖန်တီးပေးရုံတင်မက ကလေးငယ်တွေကိုလည်း ထိန်းပေးတယ်၊အဖော်လုပ်ပေးတယ်၊ သခင်ရဲ့သားသမီးတွေကိုအသက်ပေးကာကွယ်တဲ့အထိအကျိုးပြုကြပါတယ်။ ဒါပေမယ့် သိပ်ကိုယဉ်ပါးပြီးအဖော်ရတဲ့အိမ်မွေးတိရစ္ဆာန်တွေတောင်မှ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ဒါမှအားလုံးရဲ့ကျန်းမာရေးဘေးကင်းစိတ်ချရမှာ ဖြစ်ပါတယ်
ခွေးနဲ့ကြောင်ကိုအိမ်အပြင်လွှတ်မထားဘဲအိမ်ကပ်အောင်၊ လိမ်လိမ်မာမာနေအောင် ကျင့်ထားပေးသင့်ပါတယ်။အိမ်မလည်မှ သန်းတွေ၊ ရောဂါပိုးတွေ တခြားတိရစ္ဆာန်တွေဆီက ကူးစက်မလာနိုင်မှာပါ။
ကလေးကို ကြောင်မချီခိုင်းပါနဲ့။အတင်းညှစ်ပြီးချီမိရင် လက်သည်းနဲ့မတော်တဆဖြစ်ဖြစ်၊ စိတ်တိုပြီးကုတ်လိုက်တာဖြစ်ဖြစ် ကလေးကိုအနာတရဖြစ်စေနိုင်ပါတယ်။ ကြောင်လေးကို မေးလေးပွတ်ပေးတာ၊ ခေါင်းနဲ့ကျောလေးပွတ်ပေးတာလောက်ပဲ လက်ပွန်းတတီးပေးနေလိုက်ပါ။
ဘယ်အိမ်မွေးတိရစ္ဆာန်ကိုဖြစ်ဖြစ် ကိုင်တွယ်ပြီးရင် ကလေးကိုလက်ဆေးပေးပါ။
ကလေးကို ကြောင်ကုတ်မိရင်၊အဲဒီအရေပြားတဝိုက်ကိုအရင်ဆုံး ဆေးကြောသန့်စင်ပါ။ ဆရာဝန်ပြပါ။
ကလေးကိုအိမ်မွေးတိရစ္ဆာန်နဲ့ တစ်ယောက်တည်းမထားခဲ့ပါနဲ့။ (ရုပ်ရှင်ဗီဒီယိုတွေထဲကလို လိုက်မလုပ်ပါနဲ့။ ဗီဒီယိုထဲမှာက ရိုက်ကူးသူ သခင်က ဘေးမှာရှိနေလို့ပါ)
ကလေးရဲ့မျက်နှာကို သို့မဟုတ်အနာတစ်ခုခုပေါ် လျှာနဲ့မလျက်စေပါနဲ့။ ကိုယ်ဝန်ဆောင်ဖြစ်ခဲ့ရင် ကြောင်တွေဆီကနေ ကပ်ပါးပိုးကြောင့်ဖြစ်ရတဲ့ toxoplasmosis ဆိုတဲ့ ရောဂါ ကူးစက်ခံရနိုင်လို့ ကိုယ်ဝန်ရှိနေချိန်မှာအိမ်မွေးတိရစ္ဆာန်တွေနဲ့အရမ်းနီးကပ်အောင်မနေပါနဲ့။ toxoplasmosis ကြောင့် ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာခြင်းတို့ ဖြစ်နိုင်ခြေပိုများစေပါတယ်။ ဒါ့ကြောင့်
ကြောင်က ကြွက်ခုတ်လာခဲ့ရင် သေချာရှင်းလင်းဖယ်ရှားပါ။ ဒီရောဂါပိုးကိုအသားစိမ်းတွေက ရလာနိုင်တာမို့အိမ်ကကြောင်ကိုအသားအစိမ်းမစားခိုင်းတာပိုကောင်းပါတယ်။
ကြောင်ချေးမှာ ဒီရောဂါပိုးပါလာတတ်လို့ သန့်ရှင်းရေးကို ဂရုစိုက်ပါ။
သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။