ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ဘာသာစကားသင်တန်းများကို မေလ ၁၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းဝင်ခွင့်ကို ဧပြီ ၂၉ ရက်တွင်အွန်လိုင်းကလျှောက်ထားရမည်ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကကြေညာထားသည်။
အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ ဂျာမန်၊ ကိုရီးယား၊ ထိုင်း၊ ရုရှားနှင့် စပိန်ဘာသာစကားသင်တန်းချိန်နှင့် စနေ၊ တနင်္ဂနွေ သင်တန်းချိန်နှစ်မျိုးအနက်အဆင်ပြေသည့် သင်တန်းချိန်ကို ရွေးချယ်လျှောက်ထားရမည်ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကားသင်တန်းအတွက် သုံးလတက်ရောက်ရမည်ဖြစ်ပြီး ကျန်ဘာသာစကားသင်တန်းများ ခြောက်လတက်ရောက်ရမည်ဖြစ်ပါသည်။
ညနေပိုင်း ဘာသာစကား သင်တန်းများနှင့်စနေ၊ တနင်္ဂနွေ ဘာသာစကားသင်တန်းများအတွက် သင်တန်းဝင်ခွင့်ကို ဧပြီ ၂၉ ရက်နေ့နံနက် ၉ နာရီမှ စတင်ကာ
http://www.yufl.edu.mm/
chrd သို့ဝင်ရောက်လျှောက်ထားရမည်ဟု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်က ကြေညာထားပါသည်။
“သင်တန်းဝင်ခွင့်ကအွန်လိုင်းကပဲ လျှောက်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အချက်အလက်နဲ့ ဝင်ခွင့်လျှောက်ရမယ့် ပုံစံအသေးစိတ်ကို ထပ်ကြေညာပေးမှာဖြစ်ပါတယ်။ လျှောက်လွှာတင်တဲ့ထဲက သတ်မှတ်ဦးရေ ပြည့်တဲ့အထိ သင်တန်းဝင်ခွင့်ပြုပါမယ်။ ဝင်ခွင့်ထပ်ဖြေရတာတော့မရှိပါဘူး” ဟုရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားခဲ့ပါသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနက ညနေပိုင်းဘာသာစကားသင်တန်းများကို ၁၉၉၇ တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ယခင်က ကျောင်းသို့လာရောက်လျှောက်ထားသူများပြားသောကြောင့် ၂၀၁၆ မေလတွင်အွန်လိုင်းဖြင့် လျှောက်ထားသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဘာသာစကားသင်တန်းများကို ယခင်က ညနေပိုင်းတွင်သာ ဖွင့်သော်လည်း တက်ရောက်လိုသူများပြားလာသောကြောင့်၂၀၁၇ ခုနှစ်မှစတင်ကာ စနေ၊ တနင်္ဂနွေအတန်းများ ဖွင့်လှစ်ခဲ့ပါသည်။
ထပ်တိုးအတန်းဖွင့်လှစ်ပေးသော်လည်း လျှောက်ထားသူအရေအတွက်သည် လက်ခံမည့်သင်တန်းသားဦးရေထက်များပြားလေ့ရှိခြင်းကြောင့် လျှောက်လွှာတင်ပြီး တက်ခွင့်မရသူများ နောက်တစ်ကြိမ် သင်တန်းတွင် ထပ်မံ လျှောက်ထားရန်မလိုဘဲ ဦးစားပေးတက်ခွင့်ပြုသည့်စနစ်ကျင့်သုံးနေပါသည်။
Source: 7Day News