အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ် လပြည့်
popolay.com
|
2018-10-19

သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပေါ်လာပုံမှာ ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဘုရား ဆုပန်ခဲ့သည်မှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင်ပင် ပါရမီတော်များကို ဖြည့်ဆည်းခဲ့ရာ သိဒ္ဓိတ္ထဘဝသည် နောက်ဆုံးဘဝ ဖြစ်ခဲ့သည်။

လူ့ဘဝကို ငြီးငွေ့စေသည့် ''အို၊ နာ၊ သေ၊ ရဟန်း'' စသည့် နိမိတ်ကြီး လေးပါးကို မြင်ခဲ့ပြီးနောက် မိဂဒါဝုန်တောသို့ တောထွက်ခဲ့သည်။ ဆံပင်ကို စွန့်ပယ်ကာ ရဟန်းပြု၍ ပဉ္စဝဂ္ဂီငါးဦးတို့၏အလုပ်အကျွေး ပြုမှု ကို ခံယူကာ ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့သော်လည်း ဘုရားအဖြစ်သို့ ရောက်ရှိတော် မမူခဲ့ပါ။







ပဉ္စသိင်္ခနတ်သားက သူ၏ ဗေဠုဝ စောင်းတော်ကြီးမှ စောင်းကြိုးကို တင်း၍ တစ်မျိုး၊ လျှော့၍တစ်ဖုံ တီးခတ်သတိပေးခဲ့ရာ ဘုရားအလောင်းမှာ သတိဝင်၍ ဒုက္ကရစရိယာအကျင့်ကို စွန့်တော် မူခဲ့သည်။ ဗြဟ္မာကို ရည်စူး၍ ညောင်ပင်၌ကပ်လှူခဲ့သော

ဃာန၏ နို့ဆွမ်းကို သုံးဆောင်ပြီး မလျော့မတင်းသော မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်တော်မူ ခဲ့သောကြောင့် ပဉ္စဝဂ္ဂီငါးဦးတို့က ဘုရားအလောင်းတော်ကို ဖယ်ကြဉ်၍ ထွက်ခွာ သွားခဲ့ ကြသည်။

နောက်ဆုံး မိဂဒါဝုန တောထဲ၌ တစ်ပါးတည်း ကျန်ရစ်ခဲ့ကာ မာရ်နတ်၏ ရန်ကိုအောင်မြင်တော်မူ၍ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊အာသွက္ခရဉာဏ်တော်တို့ကို ရရှိ တော်မူကာ လောကသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့လေသည်။

ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့ ရှိရာ ဥရုဝေလ တောအုပ်သို့ ကြွချီတော် မူပြီးနောက် တရားဦး ဓမ္မစကြာကို ခုနစ်ရက်တိုင်တိုင် ဟောကြားတော် မူခဲ့သည်။ ထို့နောက် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့် ညနေပိုင်းတွင် တာဝတိံ သာနတ်ပြည်သို့ မယ်တော် မိနတ်သားအား တရားဟောရန် ကြွချီတော် မူခဲ့လေသည်။


တရားဟော ရခြင်းမှာ မယ်တော် ဖြစ်ခဲ့ဖူးသူ သန္တုသိနတ်သားကို မွေးကျေးဇူးဆပ်ရန် ဖြစ်လေသည်။ တာဝတိံသာ နတ်ပြည်၌ မယ်တော်မိနတ်သားအပါအဝင် နတ်၊ ဗြဟ္မာအပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလပတ်လုံး)အဘိဓမ္မာ တရားတော်ကို နေ့ညမစဲ တရား ဟောတော်မူရာ သီတင်းကျွတ် လပြည့်နေ့၌ တရားစခန်း သိမ်းလေသည်။ 
ထို့ကြောင့် နတ်ပြည်မှ လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်မြို့သို့ ပြန်လည်ဆင်းသက် ကြွချီတော်မူရာ လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ်အပေါင်းတု့ိက မြတ်စွာဘုရားရှင်ကို ဆီမီးနံ့သာများဖြင့် ထွန်းညှိ ပူဇော် ကြိုဆိုခဲ့ကြသည့်အစဉ်အလာကို နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကို ရည်စူး၍ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်လေသည်။

မြတ်စွာ ဘုရားရှင် လူ့ပြည်သို့ ဆင်းသက်တော်မူရန် သိကြားမင်းက စောင်းတန်းကြီး သုံးသွယ်ကို ဖန်ဆင်း ပေးခဲ့သည်။ ရွှေစောင်းတန်းတွင် နတ်များကလည်းကောင်း၊ ငွေစောင်း တန်းတွင် ဗြဟ္မာကြီးများက လည်းကောင်း လိုက်ပါ လာကြ၍ ဂေါတမ ဘုရားရှင်က ပတ္တမြား စောင်းတန်းမှ ကြွချီတော်မူသည်။

သိကြားမင်းသည် ဘုရားရှင်ကို ရွှေထီးမိုး၍ လည်းကောင်း၊ ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ် မျှကြီးသော ဗေဠုဝနတ်စောင်းကြီးကို တီး၍ လည်းကောင်း၊ မာတလိနတ်သားက ပန်းမန်နံ့သာအမွှေးအကြိုင်တို့ဖြင့် ဘုရားရှင်ကို ပူဇော်၍လည်းကောင်း၊ သုယာမ နတ်မင်းက စာမရီသားမြီးယပ်တို့ဖြင့် ဘုရားရှင်ကို ယပ်ခပ် ပူဇော်၍လည်းကောင်း၊ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို ခပ်၍လည်းကောင်း၊ သိကြားမင်းက ကဝိဇယုတ္တရ ခရုသင်းကို မှုတ်၍ လည်းကောင်း၊ ဂန္ဓဗ္ဗနတ်များက သီဆိုကခုန်လျက် လည်းကောင်း ဆင်းသက် လိုက်ပါ လာကြပုံကို ပုဂံခေတ် မြင်းကပါရပ် ဂူပြောက်ကြီး ဘုရား နံရံဆေး ပန်းချီ ကား၌ ရေးဆွဲထားသည်ကို လေ့လာ တွေ့ရှိနိုင်သည်။







သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့ ရှိသည်။ သိက္ခာတော် ဝါတော်အကြီးဆုံးဖြစ်သော မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ကေသီ သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် ''ငါ့ရှင်တို့ တပည့် တော်သည် သံဃာကို ပင့်ဖိတ်ပါ၏။

တပည့်တော်၏အဖြစ်ကိုမြင်လျှင်သော်လည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော်အားသနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊အပြစ်ကိုရှာ၍ ကုစားပါမည်'' ဟု သုံးကြိမ်တိုင်တိုင် သံဃာ များကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။

ထိုပဝါရဏာနည်းတူ လူတို့မှာလည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွားများကိုအပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု

အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏အနှစ်သာရပင်ဖြစ်လေသည်။ တတ်နိုင်သူတို့ကလည်း နိဗ္ဗာန်ဈေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကိုအယုတ်၊အလတ်၊အမြတ်မရွေး စတုဒိသာ ကျွေးမွေးပွဲများ ပြုလုပ် ကျွေးမွေး လှူဒါန်း ကြလေသည်။

သီတင်းကျွတ် လပြည့်သည် မြန်မာတို့အတွက် ဘာသာရေးအနှစ်သာရ ပြည့်ထွန်း နေသည့် လဖြစ်သည့်အပြင် ရဟန်းတော် များအဖို့ ဝါလကင်းလွတ်သည့်လ ဖြစ်သောကြောင့် ဝါပန်စရာ မလိုဘဲ ခရီးသွားလာခွင့် ရကြလေသည်။ စိုစွတ်သောရာသီမှ လွတ်ကင်းသော ကြောင့် ကုန်သည် လယ်လုပ် ပြည်သူပြည်သားများအဖို့မှာလည်း ရောင်းဝယ် ဖောက်ကား သွားရေး လာရေးအဆင်ပြေသောလလည်းဖြစ်သည်။

မြန်မာတို့သည် ၁၂ လရာသီပွဲများကို ဘာသာရေး၊ လူမှုရေး၊ ရိုးရာဓလေ့စသည့် ရှုထောင့်အမျိုးမျိုးဖြင့် ကျင်းပ လာခဲ့ကြရာ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲ၊ ရုပ်သေးကြည့်ချင်ပွဲများ၊အလှူအတန်းများ၊ စတုဒိသာ ကျွေးမွေးပွဲများဖြင့် စိတ်အေးချမ်းသာစွာ ကျင်းပလာနိုင်ခဲ့ကြသည်။







ယခုအခါ မြန်မာလူမျိုးတို့သည် တိုင်းတစ်ပါးယဉ်ကျေးမှုများကိုအတုခိုး မှားလာကြသဖြင့် သက္ကစ္စဂါရ ဝတရားများ၌ ယုတ်လျော့လာကြတာ မလုံ့တလုံ ဝတ်စားခြင်း၊ မူးယစ် သောက်စား ခြင်း၊ နှုတ်မှုရေးရာ ပေါ့သွမ်းခြင်း၊ မောင်နှင့်နှမ၊ သားနှင့်အမိ ရဟန်းသံဃာနှင့် သက်ကြီးသူတို့၏ ရှေ့၌မရှောင်၊ မမြင်ဝံ့သောအပြုအမူများကိုအနေအထိုင်အထိန်းအကွပ် မရှိခြင်း တို့မှာ ဘာသာရေးအနှစ်သာရနှင့် လုံးလုံးလျားလျားကြီး ဖီလာဆန့်ကျင်နေသောကြောင့် မြန်မာပီပီ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးစွာဖြင့်အဘိဓမ္မာအခါတော်နေ့ ဖြစ်သော သီတင်းကျွတ် ပွဲတော် ကြီးကို ဘာသာရေးအနှစ်သာရ ပြည့်ဝစွာဖြင့် ''ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲကြပါစို့''ဟု ရေး သားလိုက် ရပေတော့သတည်း။


Credit Original Post
Crd-NNSN




Some text some message..