![]()
“ ဘဝကူးမကောင်းသူ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
ကံကောင်းထောက်မပြီး လူ့ဘုံ လူ့ဘဝမှာ လူဖြစ်ခွင့်ရလာခဲ့တာတောင်
ငွေတွေကုန်းရုန်းရှာလိုက် ၊ မတရားမှှုတွေလုပ်လိုက် နဲ့အချိန်တွေကုန်မှန်းမသိကုန်လာပြီးနောက်
လူသားတိုင်းရဲ့ နိဂုံးဖြစ်တဲ့ သေရွာကိုသွားရတဲ့အခါမှ နောက်တတွေကိုရင်မှာပိုက်ပြီးအသက်ရှင်ခွင့်ရတုန်းက
လုပ်ခွင့်ရခဲ့တဲ့အခါတုန်းက လုပ်နိုင်တဲ့အရာတွေ ၊ ကောင်းမှုတွေ ၊ သံသရာတစ်လျောက်လုံး
ကိုယ့်နောက်ကိုအမှန်တကယ်ပါလာမယ့် ဒါန ၊ သီလ ၊ ဘာဝနာဆိုတဲ့ တရားတွေကို မကျင့်သုံး
မလိုက်နာခဲ့ရလေခြင်းဆိုတဲ့ ဖြစ်ရလိမ့်မယ်… ၊ နောင်တဆိုတဲ့အမျိုးကလည်း နှောင်းသွားတဲ့အခါမှ သိ..
နောင်မှ ပြန်လိုချင်တဲ့သဘောမဟုတ်လား… ၊ တကယ်တမ်း ကိုယ့်ကို ကယ်တင်နိုင်တဲ့အရာ
အစစ်အမှန်က ဘာလည်းဆိုတာကိုသည်သည်းကွဲကွဲသိခဲ့တဲ့အချိန် မနှောင်းဖို့အရေးကြီးပါတယ် ၊
ဒါ့ကြောင့် ဆရာတော်တွေအမြဲဟောပြောကြတာလေ…အသေမဦးခင် ဉာဏ်ဦးအောင်လုပ်ပါဆိုတာ ၊
ကိုယ်ချစ်တဲ့အရာတွေက ကိုယ်လူဖြစ်တုန်း ခဏတာပိုင်ဆိုင်ခွင့်ရတဲ့အငှားအရာတွေပါပဲ ၊
အိုးအိမ် ၊ ချစ်သူ ၊ သား၊မယား .. ကုန်ကုန်ပြောရရင် ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ကအစ
ခဏတာအငှားရထားတဲ့အရာကြီးတစ်ခုအပြင်မပိုခဲ့ပါဘူး….. ။
စစ်ကိုင်းတိုင်းဒေသကြီး ၊ မြောင်မြို့နယ် ရှိ ရွာငယ်လေးတစ်ခုတွင်ဖြစ်သည် ။
ရွာကလေးမှာအိမ်ခြေ ၄၀၀န်းကျင့်ခန့်သာရှိသည် ၊ ရွာငယ်လေးစာရင်းဝင်သည်ဟုဆိုရပေမည် ။
ရွာကလေးရှိ နေထိုင်သူများမှာအခြာဒေသများနည်းတူ စိုက်ပျိုးရေးကိုဦးစားပေးလုပ်ကိုင်လျက်ရှိကြပြီး
ရွာနံဘေးတွင် ကပ်လျက် စီးဆင်းလျက်ရှိသော မြန်မာပြည်ကြီး၏ မိခင် ဧရာဝတီမြစ်ကြီးကိုအမှီပြုလျှက်
ရေလုပ်ငန်းလုပ်ကိုင်သူအနည်းအကျဉ်းလည်းရှိကြသေးသည် ။ မြေခံရေခံကောင်းမွန်ပြီးအိမ်ခြေနည်း၍
ရွာပန်ဝန်းကျင်မှာ မြစ်ကြီးတစ်စင်းနှင့်အတူ သစ်ရိပ်ဝါးရိပ်များ ၊ သစ်ပင်ကြီးငယ်များ
သဘာဝစိုက်ခင်းများနှင့် လွန်စွာ သာယာလှသောရွာငယ်လေးပင် ။
ထိုမျှသာယာပြီး ပြသနာတစ်စုံတစ်ရာတစ်ကြိမ်တစ်ခါမျှမဖြစ်ခဲ့ဖူးသည့်ရွာကလေးတွင်ပင်
မကြာသေးမှီက ကြောက်မက်ချောက်ချားဖွယ်အိပ်မက်ဆိုးဆန်ဆန်အဖြစ်ကြီးတစ်ခု ဖြစ်သွားခဲ့သေးသည် ။
ဖြစ်စဉ်တစ်ခုလုံး၏ နိဒါန်းမှာ ရွာကလေးရှိ ဦးဘိုးကြိုင် ဆိုသူကြီးထံမှ စတင်သည်ဟုအတပ်ဆိုရပေလိမ့်မည် ။
ဦးဘိုးကြိုင်ဆိုသူမှာ ရွာကလေးမှာပင်မွေး ရွာကလေးမှာပင်ကြီးလာသူတစ်ဦးဖြစ်သည် ၊
လူချမ်းသာတစ်ဦးမဟုတ်သော်လည်း စုထားဆောင်းထားတတ်သဖြင့်အနေအထားတစ်ခုတော့ရှိသည် ၊
ရွာ၏ စံပြဟုဆိုရပေမည် ၊ စံပြဟုဆိုရာတွင် ကောင်းသည့်နေရာဟုမထင်လိုက်လေနှင့်… ၊ သူများတွေလို
သောက်လိုက်စားလိုက် ၊ မူးရူးသောင်းကြမ်း ၊ ရပ်ကျော်ရွာကျော် မိုက်ကန်းနေသူကိုမှ လူမိုက်ဟု ဆိုနိုင်ခြင်း
မဟုတ် ၊ ဦးဘိုးကြိုင်မှာ ထိုသို့ မိုက်သူမဟုတ်...၎င်းမှာ တစ်ကိုယ်ရည်စာ တစ်အိပ်ထောင်စာအတွက်သာ
မိုက်မဲသူတစ်ယောက်ဖြစ်သည် ၊ လောဘအင်မတန်ကြီးသလို ၊အခြားသူများဆီမှအလကားလိုချင်သည့်စိတ်
အခြားသူများအပေါ် မနာလိုစိတ်လည်းအပြည့်ရှိပြီး ကောက်ကျစ်သည့်စိတ်ထားရှိသည် ၊ ဘုရားတရားကိုလည်း
အယုံအကြည်မရှိ ၊ မွေးကတည်းက လှူရ တန်းရ ပေးရ ကမ်းရမည်စိုးသောကြောင့် တစ်ကြိမ်တစ်ခါမျှ
ဘုန်းကြီးကျောင်းပင် မသွားခဲ့သူ ၊ ငယ်စဉ်ကတည်းက ကျွဲကျောင်း နွားကျောင်းသွားတိုင်းလိုလိုအခြားသူများ၏
ပဲစိုက်ခင်း ၊ ပြောင်းစိုက်ခင်း ၊ စသည့် စိုက်ခင်းများမှ ပဲများ ၊ ပြောင်းဖူးများကို ခိုးယူတတ်သူတစ်ယောက်
ဖြစ်သည် ၊ ရပ်ရေးရွာရေးအလှူကိစ္စဆိုလျှင်အကြောင်းအမျိုးမျိုးပြကာ ရှောင်နေတတ်သူလည်းဖြစ်သည် ၊
အိမ်ခြေ ၄၀သာရှိသည့် ရွာကလေးရှိ ရွာသူ ၊ရွာသားများအားလုံးမှာ ဦးဘိုးကြိုင်၏အကျင့်ကို
သိပြီးဖြစ်သောကြောင့် မိမိတို့စိုက်ခင်းမှ ခိုးယူ ၊ ပျောက်ဆုံးမှုတစ်ခုခုရှိလျှင်လည်း ဦးဘိုးကြိုင်ဟု
အတပ်သိနေပြီးသားဖြစ်လေသည်…သို့သော်အားလုံးမှာ ဦးဘိုးကြိုင်ကဲ့သို့ စိတ်ထားမရှိကြချေ
တစ်ရွာတည်းသားချင်းမို့ ယူချင်ယူပါစေအလှူဟုသာ သဘောထားပေးကြသည် ၊ ဦးဘိုးကြိုင်ကြီး
ကပ်စေးနည်းမှန်းလည်းသိကြသောကြောင့်အလှူအတန်းကိစ္စဆိုလျှင်လည်း ဦးဘိုးကြိုင်ထံ မည်သည့်အခါမျှ
အလှူမခံဖြစ်ကြတော့… ၊ ဒါတင်ပဲလားဆိုလျှင်မဟုတ်သေး… ဦးဘိုးကြိုင်အိမ်ထောင်ကျပြီးနောက်
သားသမီး မိန်းကလေးနှစ်ယောက် ထွန်းကားခဲ့သေးသည် ၊အမျိုးသမီးမှာ ရောဂါတစ်ခုနှိပ်စက်သဖြင့်
ငယ်ငယ်ရွယ်ရွယ်မှာပင် ကွယ်လွန်သွားရှာပြီး ဦးဘိုးကြိုင် နှင့်အတူ သမီးနှစ်ယောက်သာ ကျန်ရစ်ခဲ့ကြသည် ၊
သမီးနှစ်ယောက်မှာလည်း ဖခင်ခြေရာနင်းကြသူများပင်… ၊အပြောအဆို ကြမ်းတမ်းမောက်မာကြပြီး
ဖခင်ကဲ့သို့ စရိုက်မျိုးရှိကြသဖြင့်အသက်ကြီးသည့်တိုင် ၎င်းတို့အား ကြိုက်ဝံ့သူမရှိသဖြစ်
အပျိုကြီးပင်ဖြစ်နေကြပြီ ၊ တစ်ရွာလုံးက ဦးဘိုးကြိုင်တို့ မိသားစုကို ချဉ်ကြသည် ၊
မကောင်းတတ်လို့နှုတ်ဆက်လိုက်သည်ကလွဲ၍ ရှောင်ဖယ်ကြသည် ၊ လူမြင်လျှင် ပိုက်ဆံချေးမှာစိုးနေတတ်သူ
ဦးဘိုးကြိုင်တို့မှာလည်း တစ်ရွာလုံးက ရှောင်နေကြသည်ကိုပင် ကျေနပ်နေကြသည် ။
ဒီလောက်နှင့် ဦးဘိုးကြိုင်တို့ စရိုက်ဆိုးများအကြောင်းအဆုံးသတ်ပြီဟုမထင်လေနှင့်…..
“အဖေ…..ဘေးအိမ်ကလူတွေအိပ်နေလောက်ပြီ…လှုပ်ရှားလို့ရပြီ ”
သမီးအကြီးစကားကြောင့် ဦးဘိုးကြိုင် မျက်ဝန်းများဝင်းလက်လာပြီး လှဲလျောင်းနေရာမှ
ဆက်ခနဲ ထလိုက်ရင်း သမီးငယ်ကိုလည်း နှိုးလိုက်ပြီးနောက် သားအဖသုံးယောက်သား
မြေသယ်သည့် စကောများ ၊ လိလတ်မြေအိတ်ကြီးများအား ယူပြီးနောက်အိမ်နောက်ရှိ
အခြားများပိုင်သော ယာခင်းများထဲ ခိုးဝင်သွားကြသည် ၊ ယာခင်းထဲသို့ရောက်လျှင်ရောက်ချင်း
မြေများမို့နေသည့်နေရာများမှ မြေကြီးများအား သယ်နိုင်သလောက်သယ်ယူလျှက်
အိမ်အတွင်းသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ပို့လေသည် ၊ လောဘဇော…အခြားသူပိုင်သည့်အရာအား
အချောင်မတရားလိုချင်သည့်စိတ်ဖြင့်အသက်အရွယ်ထောက်နေသည့်တိုင် မောလို့မောမှန်းပင်မသိ ၊
ထိုသို့ခေါက်တုန့်ခေါက်ပြန် မြေကြီးများ ခိုးယူ သယ်ယူပြီးနောက် ပင်ပန်းသွားသဖြင့်
ချွေးတလုံးလုံးထွက်နေသည့်ကြားမှ သားအဖ သုံးယောက်သားအောင်မြင်သူများပီပီ
ပျော်ရွှင်မြူးနေပြီးအိပ်ယာဝင်ဖြစ်ခဲ့ကြသည် ၊အမှန်တွင်အကုသိုလ်များအားအခြားသူမှမပေးဘဲ
တကူးတက ယူနေမိသည်ကိုအမှောင်ဖုံးနေသူများမို့ မမြင်နိုင် ။
လမင်းကြီးပင်လျှင် ထိုမိသားစုအားကြည်ပြီး စိတ်ပျက်သွားဟန်ဖြင့်
ကွယ်လျှိုသွားပုံရသည်… ၊ ရွာငယ်လေးမှာအမှာင်ထုကြီး ကြီးစိုးလို့….. ။
“ မိန်းမရေ……ဟဲ့မိန်းမ လှခင် ကြည့်စမ်း…ငါ့ယာခင်းထဲမြှ
ဒီနားက မြေစာပုံတွေအခုမရှိတော့ဘူး…. ”
နံနက်ခင်း၏ ကျေးငှက်များအော်မြည်သံအစား ယောကျာ်းဖြစ်သူ
ကိုချစ်မောင်၏ ဒေါသတကြီးအော်ဟစ်သံကြောင့် လှခင်အိမ်နောက်ဖေးမှ
ယာခင်းထဲအပြေးသွားကြည့်မိသည် ၊အမှန်ပင် မြေစာပုံများ မရှိတော့…
“ ဟင်…. ”
“ ဒါ….ဟိုအသက်ကြီးပြီးအချိန်မစီးကြတဲ့သားအဖသုံးယောက်လက်ချက်ပဲ
သေချာတယ် လှခင် သူတို့အိမ်ထဲသွားရှာပြီး တွေ့လို့ကတော့ ဓါးနဲ့ပဲ ဆက်စကားပြောတော့မယ် ”
“အဲ့လို မလုပ်ပါနဲ့ ကိုချစ်မောင်ရယ် သူ့အလွန်က ကိုယ့်အလွန်ဖြစ်နေပါမယ်
သူတို့ယူတယ်မယူဘူးဆိုတာသေချာတာလည်းမဟုတ်ဘူး… ကဲ..ခိုးတယ်ပဲထားဦး…
ကျွန်မတို့အတွက်အထူးအဆန်းမှမဟုတ်တော့တာပဲ…. သူတိုကအိမ်နောက်တည့်တည့်မှာ
ကိုယ်တွေ ယာခင်းဖြစ်နေတာကိုက ကံစဆိုးတာပဲမို့လား…ခါတိုင်းလည်း ဟိုပျောက်ဒီပျောက်
ခိုးခံရနေကျပဲ….ကိုချစ်မောင်ရယ်…အကုသိုလ်မများပါနဲ့….ရွှေ ၊ ငွေ ၊ ကြက် ၊ နွားတွေကို ..ခိုးယူတာမှမဟုတ်
သူတို့လိုအပ်လို့ယူတာ ယူပါစေ…..ဒါတို့တွေမိသားစုအလှူပေါ့…. ၊အကောင်းမြင်ပြီး
လှူတယ်လို့သဘောထားလိုက်ပါ…ရွာဦးကျောင်းက ဦးဇင်းပြောသလိုပဲ သူကအမှားက ကိုယ့်အမှားဖြစ်မယ်
အကုသလိုမယူတော့ဘဲ မေတ္တာပွားလိုက်ကြရအောင်..ကဲကဲလာပါ ယောကျာ်းရယ်…. ”
အထိန်းအကွပ် တော်သည့် လှခင်ကြောင့် ကိုချစ်မောင် ဒေါသကိုမျိုချလိုက်ပြီး
ပေစောင်းစောင်းဖြင့်အိမ်ထဲဝင်သွားလေသည် ၊ ပြောလို့သာပြောလိုက်ရတာ…လှခင်ကိုယ်တိုင်ပင်
သိပ်ကျေနပ်လှသည်မဟုတ်… ၊ နှစ်ပေါင်းများစွာ ခံလာပြီးမှတော့ မထူးတော့ပါဘူးလေ…
ဆပ်စရာအကျွေးတွေပါလာလို့ ဆပ်တယ်ပဲသဘောထားပါတယ်ဆိုတဲ့စိတ်နဲ့အိပ်နီးချင်းအချင်းချင်း
မျက်နာမျပက်လို၍ လှခင် သည်းခံနေခြင်းပင် ….. လှခင် စိတ်ဖြေသည့်အနေဖြင့် တရားသံပေါက်လေးတစ်ခုကို
တိုးတိုးလေးရေရွတ်လိုက်ရင်း ကိုချစ်မောင်နောက်လိုက်သွားခဲ့တော့သည် ။
“ ပြုသူအသစ်….ဖြစ်သူအဟောင်း …သံသရာကြွေးတွေ ကြေပါစေ…. ”
ဦးဘိုးကြိုင်တို့အိမ်ဝိုင်းထဲမှာတော့ မြေခဲမှား မြေစာများ ပြည့်လျံနေပြီး
တစ်အိမ်လုံး မြေများ မို့နေအောင် ဖို့ထားလျက် ပျော်ရွင်နေကြသည် ။
မြန်မာ့ စာပေများထဲတွင် သေဆုံးသည်ကို ထိုသေဆုံးသူ၏
ဂုဏ်အရည်အချင်းကို ကြည့်လျက်အမျိုးမျိုး စကားလှအောင် သုံးနှုန်းတတ်ကြသည် ၊
မြန်စွာဘုရားရှင် ဆိုလျှင် ပရိနိဗ္ဗာန်စံတော်မူသည် ၊ ရဟန်း သံဃာတော်များဆိုလျှင်
ဘဝနတ်ထံပျံတော်မူသည် ၊ ဘုရင်၊မိဘုရားများ ဆိုလျှင် နတ်ရွာစံသည် ၊ လူများဆိုလျှင်
ကွယ်လွန်သည် ၊ တိရစ္ဆာန်များဆိုလျှင် သေဆုံးသည်ဟု သုံးနှုန်းတတ်ကြသည် ။
မည်သို့ပင်ဆိုစေကာမူ ဘဝဟောင်းမှ ဘဝသစ်သို့ ကူးပြောင်းသွားခြင်း
ဘဝကူးသွားခြင်းပင်မဟုတ်လော… ၊ မြတ်စွာဘုရာရှင်ကိုယ်တော်မြတ်ကြီးနှင့်
ရဟနာအရှင်သူမြတ်များ ၊ ဉာဏ်ပညာအသီးသီးရရှိပြီးဖြစ်ကြသည့် သူတော်စင်
သူတော်မြတ်များမှလွဲ၍ နိဗ္ဗာန်လက်မှတ်ကို သေချာစွာ မရကြသေးသူများအဖို့
သေခြင်းရှင်ခြင်းဆိုသည့် သံသရာဝဲထဲတွင် တစ်ဘဝပြီးတစ်ဘဝ…အကြိမ်ကြိမ်
မရပ်မနား လည်ပတ်နေရဦးမှာအမှန်ပင်… ၊ နိဗ္ဗာန်သို့ မရောင်မှီ သံသရာတစ်လျောက်
နိဗ္ဗာန်ရကြောင်းအထောက်အပံ့ဖြစ်စေမည့်တရားများ ၊ ကုသိုလ်များအား နိုင်သမျှ
လုပ်ဆောင်သွားသင့်သည်ကို သိသူများရှိသော်လည်း ၊ ဖြစ်လေရာဘဝမှာ
အဆိုးဆုံးဆိုသည်များ ၊အမှားကိုအမှန်ထင် ၊ ဒုက္ခကို သုခဟု ထင်မှတ်ကာ
ပျော်နေကြသူများလည်ရှိကြသည် ၊ မည်သို့ပင်ဖြစ်စေ ကိုယ်စိုက်ပျိုးသမျှမျိုးစေကြောင့်
ဖြစ်လာမည့်အပင်မှအသီးအပွင့်အား ကိုယ်တိုင်ပင် စားသုံးရမည်မှာ
လောကအမှန်တရားပင်ဖြစ်ချေသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတစ်ယောက်သည် မျက်စိတစ်မှတ်အတွင်းအရာရာပျောင်းလဲသွားနိုင်သည် ၊
မနက်ဖြန်ရှိနေသမျှ ကြိုးစားခွင့်အခွင့်အရေးရှိနေသော်လည်း မနက်ဖြန်မရှိတော့သည့်အခါ
မည်သို့ပြုနိုင်ဦးမည်နည်း…. ။
သူတစ်ပါးအသက် သတ်ဖြတ်ညှင်းဆဲခြင်းမရှိသော်လည်းအကုသိုလ်ကြီးလှသည့်
ဦးဘိုးကြိုင်အတွက်လည်း မနက်ဖြန်ပေါင်းများလာခဲ့ရာမှ….ဘဝတစ်ခုနိဂုံးချုပ်ရတော့မည့်နေ့သို့ပင်
ရောက်လာခဲ့ပြီ…. ။
အကုသိုလ်ဖိစီးမှု ၊ ဒါန ၊ သီလ ၊ ဘာဝနာ ၊ တစ်ခုတစ်လေမှ
ပြုခဲ့ခြင်းမရှိသည် ၊ ဘုရားမသိ ၊ တရားမသိ ၊ ကုသိုလ်မရှိသူမို့ နောက်ဆုံးခရီးမတိုင်ခင်
ခံစားရသည့် ဝေဒနာများမှာ ကြောက်ခမန်းလိလိ… ၊အသက်ပင် ညှင်ညှင်သာသာ
မထွက်နိုင်… ၊ ရောဂါဝေဒနာ ဖြစ်လာပြီဆိုကတည်းက ဦးဘိုးကြိုင်၏ခြေရာနင်းထားသူ
သမီးနှစ်ယောက်မှာလည်း ငွေကြေးကုန်ကျမည်စိုးသောကြောင့် ဖခင်အား ဆေးကုသပေးခြင်းမရှိ
သေမည့်နေ့ကိုသာ ထိုင်စောင့်ပေးနေကြသည် ၊ ဦးဘိုးကြိုင်မှာ တစ်ရက်ထက်တစ်ရက်
ရောဂါဖိစီးလာမှုကြောင့်အိပ်ယာထဲမှပင်မထနိုင်တော့ပဲ ညတိုင်း ထိတ်လန့်ဖွယ်ရာများကိုသာ
အကြိမ်ကြိမ် ဟော်ဟစ်နေလေသည် … ၊ ဦးဘိုးကြိုင်ကြောင့်အိမ်နီးချင်းများပင်အိပ်ကောင်းခြင်း
မအိပ်နိုင်ဘဲ ဦးဘိုးကြိုင်၏ ကြောက်လန့်ဖွယ်ရာအော်သံကြားတိုင်း သံဝေဂရနေမိကြသည် ။
နောက်ဆုံး ဦးဘိုးကြိုင်သေဆုံးခါနီးအချိန်ပိုင်းရောက်လာခဲ့တော့သည် ၊
ထိုအချိန်တွင် ဦးဘိုးကြိုင်အနီးတွင်အမျိုးအဆွေများ ရပ်ရွာမှလူများအပြင် သမီးအပျိုကြီး
နှစ်ယောက်လည်းရှိနေကြသည် … ၊ ရပ်ရွာမှ စေတနာဖြင့် ကုသပေးသည့် တိုင်းရင်းဆေးဆရာကြီးမှ
အခြေအနေကို ပြောပြီးဖြစ်သောကြောင့် လူတိုင်းမှာ ဦးဘိုးကြိုင်သေမည်ကိုသာ စောင့်နေကြခြင်းပင်… ၊
ဖခင်အရင်းဝေးနာဖိစီးနေသည်ကိုပင် သမီးနှစ်ယောက်မှာ စိတ်မဝင်စားဟန်ဖြစ်နေသည်ကို
တစ်ရွာလုံးအံသြရသည့်ကိစ္စတစ်ခုပင် ။
“ ကယ်ကြပါဦးဗျာ…ကျွန်တော် မှားပါပြီ…နောင်တရပါပြီ..တောင်းပန်ပါတယ်…
အား..ခွေးနက်ကြီးတွေ..မလာနဲ့မလာနဲ့သွား…အား… ကယ်ကြပါဦး
ငါ့ကိုခွေးနက်ကြီးတွေလာဆွဲနေကြတယ်…မလာနဲ့ သွား..သွား..
သမီးကြီးရေ…သမီးငယ်ရေ…အဖေ့ကိုကယ်ပါဦး…ခွေးကြီးတွေ…ခွေးနက်ကြီး..အား… ”
အိပ်ယာထဲတွင် သေးရူးသေးတန်းဖြင့်အော်နေလေသည် ၊
ညကြီးအချိန်မတေ်ာဖြစ်သောကြောင့် ဦးဘိုးကြိုင်အဖြစ်မှာ သနားစရာလည်းကောင်း
သံဝေဂရစရာလည်းဖြစ်သလို ချောက်ချားစရာလည်းကောင်းနေပြန်သည် ၊
တစ်ရွာလုံးရှိ ခွေးများမှာလည်း ထူးထူးဆန်းဆန်းကြက်သီးမွှေးထလောက်အောင်
ဦးဘိုးကြိုင်၏အိမ်ရှေ့ကိုသာ ထိုးဟောင်လိုက်အူးလိုက်လုပ်နေကြသည် ။
ထိုစဉ်မှာပင် ထူးခြားသည်က ဦးဘိုးကြိုင်အိပ်ယာနေရာနားရှိ နံရံအားအိမ်အပြင်မှ
တစ်စုံတစ်ယောက်က လက်နဲ့ ခပ်ကြမ်းကြမ်းပုတ်လိုက်သည့်အသံကို
အိမ်ထဲရှိလူများအားလုံးကြားလိုက်ရသည် ။
“ ဘုတ်ဘုတ်ဘုတ် ”
အိမ်အပြင်မှာလည်းလူတစ်ယောက်မျှမရှိသည်ကိုသိပြီးဖြစ်သော်လည်း
အစအနောက်သန်ပြီးအကြောက်အလန့်မရှိသူ ဦးဘိုးကြိုင်၏ဆွေးမျိုးနီးစပ် တူ တော်သူက
အိမ်တွင်းမှ ဆဲဆိုလျက် ထိုနေရာကိုပင် လက်နဲ့ပြန်ပုတ်လိုက်သေးသည်… ၊ ထိုအပြုမူကြောင့်
အားလုံးကြောက်လန့်နေကြပြီးတစ်ချို့လူကြီးများမှ ထိုလူငယ်အား ဆူငေါက်ကြသေးသည် ။
တစ်ပြိုင်တည်းဆိုသလိုအိပ်ယာပေါ်တွင်အော်ဟစ်နေသည့် ဦးဘိုးကြိုင်မှာ
“ ပူတယ်….ပူတယ်…. ပူလိုက်တာ..လောင်လိုက်တာ ကယ်ကြပါဦး ” ဟု
ငယ်သံပါအောင်အော်နေရင်း သူ့မျက်နာ ပူလောင်လွန်းလို့ထင်သည် မျက်နာနေရာအား
ခါးမှ ပုဆိုးစဖြင့် ဆွဲအုပ်လိုက်လေသည် ၊ ထိုအပြုအမူကြောင့် ဦးဘိုးကြိုင်၏အောက်ပိုင်းမှ
မမြင်အပ်သည့်အရာများ ပေါ်သွားလေရာ….လူအများရှေ့တွင်ဖြစ်နေသဖြင့် သမီးဖြစ်သူ
အပျိုကြီးနှစ်ဦးမှာ ဖခင်သေခါနီးအချိန်မှာပင် ရှက်ရှက်ဖြင့်ဒေါသတကြီးအော်ငေါက်လိုက်ကြသေးသည် ။
“ ဟာ..ဒီအဘိုးကြီး သောက်ရှက်လည်းမရှိဘူး သေခါနီးမှ
ဟိုဆွဲဒီဆွဲနဲ့….ဘာဖြစ်နေတာလဲ ” စသဖြင့် ရေရွတ်နေကြသေးသည် ၊
ထိုအဖြစ်အားမြင်နေရသူ ရွာသားများမှာလည်း ထိုအပျိုကြီးများရိုင်းဆိုင်းတတ်မှန်းသိပြီးဖြစ်၍
မည်သို့မျှဝင်မပြောကြ ၊ သားသမီးများမှာလည်း မိဘကျေးဇူးဆိုသည်မှာ ချိုနှင့်လားဟု
ပြန်မေးမည့်သူများဖြစ်ကြောင်းရပ်ရွာမှသိနှင့်ပြီးမဟုတ်လား ၊ သေခံနီးလူတစ်ယောက်အနားတွင်
ဘဝကူးကောင်းစေရန် ဘုရားတရားသံများအစား ၊ ဆဲဆိုသံများ မိုးမွန်နေသည်ကို
မကြည့်ဝံ့သူ ရပ်ရွာမှ သက်ကြီးအိုကြီးတစ်ဦးမှ ရွာသားတစ်ဦးအား ရွာဦးကျောင်းဆရာတော်ကို
သွားပင့်ခိုင်းလေသည် ၊ မကြာခင် ဆရာတော် ကြွလာပြီးနောက် သေခါနီးဖြစ်နေသည့်
ဦးဘိုးကြိုင်ကို နားဝင်သလောက် ထိရောက်သည့်တရားများဟောကြားပေးသည် ။
“ ဒကာကြီး မြတ်စွာဘုရားကိုအာရုံပြုထား ဦးဇင်းပြောတာကို
သေချာနှလုံးသွင်း ”
“ တည့်တော် ဘုရားကိုမမြင်ရဘူး ဘုရား…ခွေးနက်ကြီးတွေ
တပည့်တော်ကို ဝိုင်းဆွဲနေကြတယ်အရှင်ဘုရား ကယ်ပါဦးဘုရား ”
ဦးဘိုးကြိုင် ပြန်ဖြေလိုက်သည့်စကားကြောင့် လူအားလုံး
စိတ်ထဲတွင် တစ်မျိုးတစ်ဖုံ ခံစားလိုက်ရပြီး ဦးဇင်းကိုယ်တိုင်ပင်
အံသြကြီးစွာ ဖြစ်နေရပြီး ခေါင်းကိုတွင်တွင်ခါလျက် မေတ္တာသုတ်တော်နဲ့
ဘုရားဂုဏ်တော်များကိုသာ ပွားများပေးနေမိသည် ၊ စက္ကန့်ပိုင်းတွင်းမှာပင်
အော်ဟစ်နေရင် ဦးဘိုးကြိုင်တစ်ယောက် ဘဝကူးသွားလေတော့သည် ။
ကွယ်လွန်ပြီးပြီးချင်းအလောင်းမှာ ရုပ်ပျက်ဆင်းပျက် မျက်လုံးကြီးပြူး
ပါးစပ်ကြီးဟ လျှာကြီးထွက်လို့… ၊ ထိုပုံအား မနည်းဝိုင်းပြန်ပြင်ပေးရသေးသည် ၊
အလောင်းကိုလည်း သုံးရက်ထားမည်ဟု ဆုံးဖြတ်ထားသော်လည်း သေပြီးကတည်းက
ကျောက်ဖရုံသီးပင် မနိုင်တော့သည့်အပုပ်နံ့ဆိုးကြီးမှာ ပတ်ဝန်းကျင်မှလူများပင်
အစားအသောက်ပျက်စေသောကြောင့် တစ်ရက်သာထားပြီး တစ်ရက်ပြည့်သည့်နေ့မှာပင်အလောင်း
မြေချလိုက်ကြရသည် ။
ဦးဘိုးကြိုင် ဇာတ်လမ်းမှာ ထိုမျှနှင့်မပြီးသေး…..
ရွာငယ်လေးအားအိပ်မက်ဆိုးများဖြစ်စေသည့်ဇာတ်လမ်းမှာ ယခုမှအစပြုခြင်းပင် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အလောင်းမရှိတော့သော်လည်း ရက်လည်သည့်နေ့အားအိမ်သားများနှင့်အတူ
ဝိုင်းစောင့်ပေးရင်း ၊အသုဘ ကူငွေများရလာစေရန်ရည်ရွယ်ကာ ရွာဓလေ့ ဖဲဝိုင်းများဖြင့်
နာရေးအိမ်မှာ စည်ကားနေလေသည် ၊ တနည်း မစည်ကားသင့်သည့်အရပ်တွင် စည်ကားနေခြင်းမည်သည် ။
ထိုသို့ပျော်ပျော်ရွှင်ရွှင် နာရေးအိမ်အတွင်းဖဲကစားနေကြစဉ် ညဘက်တိတ်ဆိတ်နေသည့်ရွာကလေးမှာ
ရုတ်တရက် ငိုချလိုက်သလို ရွာအဝင်လမ်းမှစပြီး တစ်ရွာလုံးရှိ ခွေးများမှာ ဦးဘိုးကြိုင်၏ နာရေးအိမ်နေရာသို့
စူးစူးဝါးဝါး ထိုးအူလိုက် ဟောင်လိုက်လုပ်နေကြသည်… ၊ ရုတ်တရက်ဖြစ်လာသည့်အဖြစ်ကြောင့်
နာရေးအိမ်တွင်းမှ ဖဲကစားနေသူများကို ကျောချမ်းသွားစေသည် ၊အားလုံး၏အကြည့်များမှာလည်း
ခြံတံခါးဖွင့်ထားသည့် နာရေးအိမ်အဝင်ဝနေရာကို ကြည့်နေမိသည် ၊ ကြည့်နေရင်းဖြင့် တစ်စုံတစ်ရာ
ပြေးဝင်လာပါက ထွက်ပြေး၇မည့် ပြေးပေါက်များကိုလည်း ကြည့်နေကြသည် ၊အသားချင်းလည်း
ကပ်ထားနှင့်ကြသည် ။
ဖဲကစားနေသူများအားလုံး တိတ်ဆိတ်ကာအိမ်ရှေကိုအာရုံထားပြီး ဝိုင်းကြည့်နေတုန်း
အိမ်နောက်မှ….
“ ဝုန်း ” ဆိုသည့်အိမ်နံရံအား တစ်စုံတစ်ယောက်မှ လက်ဝါးဖြင့် ပိတ်ရိုက်လိုက်သည့်
အသံမျိုးကြားလိုက်တော့သည် ၊အသံကြောင့်အချို့မှ လန့်ပြီး ထခုန်ကြသလိုအချို့မှာ ထွက်ပြေးရန်ပင်
ပြင်ပြီးဖြစ်နေကြသည်… ၊ ထိုစဉ် ကာလသခေါင်မှာအားလုံးအား မကြောက်ကြရန်နှင့် လူစုမကွဲရန်… ၊
နာရေးအိမ်ရှိ မိသားစုများအား မချန်ခဲ့ဘဲ ဝိုင်းဝန်းစောင့်ရှောက်သင့်ကြောင်း ပြောသဖြင့် ပြေးဖို့ပြင်နေကြသူများ
ပြန်ထိုင်ကာ ကျောမလုံမလဲဖြစ်လျှက် တစ်ညတာ ကုန်ဆုံးစေရသည် ၊ ဦးဘိုးကြိုင်၏သမီးနှစ်ယောက်မှာလည်း
အဖေ သေသွားမှ ငိုလျှက်အော်ပြောလိုက်သေးသည် ….
“အဖေရယ် မခြောက်ပါနဲ့ သမီးတို့တောင်းပန်ပါတယ်…အီးဟီး… ”
ဒီလိုနဲ့ တစ်ညပြီးတစ်ည ရက်လည်သွားသည့်တိုင်အောင်
နည်းမျိုးစုံဖြင့်အသံပေးခြောက်လန့်ဆဲပင်… ၊ ကြာလာတော့ လူများအားလုံး
ဦးဘိုးကြိုင်ခြောက်လန့်သည်ကို များစွာမတုန်လှုပ်ကြတော့ ၊ ဦးဘိုးကြိုင်အိမ်ကိုလည်း
ပိုမို ရှောင်ကွင်းဖြစ်ကြသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လပေါင်းများစွာ ကြာမြင့်လာပြီးနောက်….
သူတို့ရွာကလေးနှင့် ခပ်ဝေးဝေးရှိရွာမှ ဦးဘိုးကြိုင်တို့နှင့်အမျိုးနီးစပ်သူ
ကျော်သိုက်ဆိုသူသည် ခရီးလွန်လာရာမှ ညနေ မှောင်ရီဝေလာဖြင့် ရွာအပြန်လမ်းမှ
အနီးဆုံးဖြစ်နေသည့် ဦးဘိုးကြိုင်တို့ရွာကလေးတွင် နားဖို့အကြံရသည် ၊
ထိုအကြံနှင့်အတူ… သူ၏အရီးလေးတော်သူ ဦးဘိုးကြိုင်၏ သမီးနှစ်ယောက်ရှိရာ
ဦးဘိုးကြိုင်တို့အိမ်ကြီးသို့ ရောက်လာလေသည် ၊အိမ်ကြီးသို့ရောက်ခဲ့ပြီး
ဦးဘိုးကြိုင်ကွယ်လွန်သွားစသ်က သတင်းမကြားသဖြင့်အရောက်နောက်ကျပုံများ
ရှေးဟောင်းနှောင်းဖြစ်များအား ပြန်ပြန်ပြောဖြစ်နေရင်း တစ်လမ်းလုံးစားလာသည့်အဆာများကြောင့်
ဗိုက်ထဲ ရစ်သလိုလိုဖြစ်လာလေသည် ၊ ထို့ကြောင့် စကားကိုခေတ္တရပ်လိုက်ရင်းအိမ်သာသွားခွင့်ပြုရန်
ခွင့်တောင်းပြီးနောက် နောက်ဖေးသို့ဝင်သွားလိုက်သည်… ၊ ကောင်ကင်မှာအလင်းပျောက်လို့
မိုးချုပ်စပင်ပြုနေချေပြီ….ဝန်းကျင်တစ်ခုလုံးအရာရာမသဲမကွဲဖြစ်နေသည် ၊
အိမ်နောက်ဖေးအရောက်တွင်အိမ်သာကိုမြင်လျှင်မြင်ချင်းအားရဝမ်းသာအိမ်သာ တံခါးဆွဲဖွင့်လိုက်ရာ
အိမ်သာထဲတွင်အသင်ထိုင်နေရင်း ဆေးပေါလိပ်ကြီးအား ရဲခနဲ ရဲခနဲနေအောင် သောက်ပြနေသည့်
ဦးဘိုးကြိုင်အား မြင်လိုက်ရသောအခါ ကျော်သိုက်တစ်ယောက် နေရာမှာပင်
အပေါ့အလေးများထွက်ကျပြီးနောက်အော်ဟစ်ရင်း ခြေကုန်ထွက်ပြေးသွားလေတော့သည်…. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အတော်လေး တိတ်နေရာက ဦးဘိုးကြိုင်တစ်ယောက် မကျွတ်မလွတ်သေးဘူးဆိုတာကို
သိလိုက်ရတဲ့အတွက် တစ်ရွာလုံးအတွ့်အိမ်မက်ဆုံးကြီးပြန်စလာလိုက်သလိုပင် ။
ကုသိုလ်များစွားလုပ်ပေးသော်လည်း ဦးဘိုးကြိုင်တစ်ယောက်
အကုသိုလ်ဖိစီးလွန်းသဖြင့် သာဓုပင် ခေါ်နိုင်ဖွယ်မရှိကြောင်းလည်း ရိပ်စားမိကြသည် ။
နောက်တစ်ပတ်မျှကြာသည့်အခါ ဦးဘိုးကြိုင်တို့နှင့်အိမ်ဘေးချင်းကပ်လျက်နေသည်
ကိုချစ်မောင်နှင့် မလှခင်တို့… ဦးဘိုးကြိုင်၏အိမ်နောက်ဖေးတွင်းရှိသော ၎င်းတို့၏
ပြောင်းဖူးခင်းလေး ရေတင်ဖြစ်ခဲ့သည် ၊အချိန်မှာ ညအချိန်ဖြစ်သည် ၊ ထိုသို့
ပြောင်းဖူးခင်း ရေတင်းရာတွင် တစ်မိသားစုလုံး ပြောင်းဖူးခင်းအား ညအိပ်စောင့်ကြရန်
ကိုချစ်မောင်နှင်မလှခင်အပြင် သူတို့၏ ငါးနှစ်အရွယ် ကလေးငယ်လေးကိုလည်း
ခေါ်လာခဲ့ကြသည် ၊ ပြောင်းဖူးခင်းကြီး၏ ထိပ်နေရာနားတွင်းရှိသော
ကုန်းငယ်လေးတစ်ခုအပေါ်တွင် စက်တဲလေးထိုးထားခြင်းဖြစ်သည် ၊
ညဘက်ကြီး ရေတင်နေရင်း… ကိုချစ်မောင်က ဘာရယ်မဟုတ်ဘဲ
သူ့စိုက်ခင်းက ပြောင်းဖူးတွေ ၊ မြေကြီးတွေကို ခိုးခိုးတတ်တဲ့ ဦးဘိုးကြိုင်ကို
သတိရသွားပြီးအမှောင်တစ်နေရာကိုကြည့်ရင်း လှမ်းခေါ်လိုက်သည် ….
“ ဦးဘိုးကြိုင် ဗျို့ ဦးဘိုးကြိုင် ခင်ဗျားကြီး မကျွတ်သေးဘူးဆို
ဒီနားမှာရှိရင် ပြစမ်းပါဦး ကျုပ်ကြည့်ချင်လို့ ဟား.ဟား… ”
ယောကျာ်းဖြစ်သူရဲ့ ရုတ်တရက်အပြုအမူကြောင့်
ကလေးချီထားလျက်ဖြစ်နေရင်းက မလှခင် ခေါင်းနပန်းကြီးသွားရင်း
ဒေါသလည်းထွက်သွားပြီး ကိုချစ်မောင်ကို ကြိမ်းမောင်းရင်း တဲထဲကို
ဝင်ခိုင်းလိုက်သည် ။
“ ညကြီးမင်းကြီး ဘာတွေလျောက်ပြောနေတာလဲ
ကလေးလည်းပါလာတာကို ပါးစပ်စည်းမစောင့်ဘူး ၊ ဗရမ်းဗတာတွေ
လျှောက်ပြောနေတယ် ၊ ကိုယ့်အလုပ်လည်းမဟုတ်ဘူး…. ”
မကြာပါဘူး..အပုပ်နံ့ဆိုးကြီးတစ်ခုကို ထောင်းခနဲရလိုက်ကြရသည် ၊
အဲ့အခါမှ သူတို့လင်မယားတစ်ယောက်မျက်နာတစ်ယောက်ကြည့်ရင်း
ကြက်သီးတွေတစ်ဖြန်းဖြန်းထနေကြရပြီ ၊ တစ်ချိန်တည်းမှာပဲ
ပြောင်းဖူးခင်းထဲကို လှမ်းကြည့်လိုက်မိတော့အခင်ထဲက
အခင်းအလယ်မှာရှိတဲ့ ပြောင်းဖူးပင်တွေက လေမတိုက်ပါဘဲ
လူတစ်ယောက်က လက်နဲ့ကိုင်ပြီး ဆွဲရမ်းနေသလို
ထင်ထင်ရှားရှားကြီး ယိမ်းထိုးနေတာကိုမြင်လိုက်ကြရသည် ၊
အဲ့ဒီ့အခါမှ ပိုကြောက်သွားကြပြီး တဲတံခါးကိုအမြန်ပိတ်လိုက်ရင်း
သုံးယောက်သား ပူးကပ်ထားကြတုန်း တဲတံခါးကိုလက်နဲ့လာပုတ်တဲ့အသံကြီးကို
ပီပီသသကြီးကြားလိုက်ရတော့သည်…လာပုတ်တဲ့အသံကြီးနဲ့အတူနောက်ကအသံသြသြကြီးတစ်ခု
“ ချစ်မောင် ငါရောက်ပြီ ”
ဘာပြောကောင်းမလဲ ကိုချစ်မောင် နဲ့ မလှခင်တို့လည်း ကလေးကို ပွေ့ပြီး တစ်ခါတည်း
ရွာထဲကိုဝင်ပြေးတာအနောက်ကိုလုံး၀ မလှည့်ကြည့်စမ်း…. ၊ ပြောင်းခင်းထဲက ပြောင်းပင်တွေကတော့
လေမတိုင်ပဲ ယိမ်းထိုးလို့…. သူတို့ကို လှောင်ရယ်နေသလို….. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မကျွတ်မလွတ်သောဘဝကိုရောက်သွားသည့်အကုသိုလ်ကြီးလွန်းသူ ဦးဘိုးကြိုင်ကြီး၏
ခြောက်လန့်မှုများက သည်မျှနှင့် ရပ်မသွား…. ၊
တစ်လောကပင် ရွာထဲမှ ဟိုးလေးတကျော်ဖြစ်သွားသည့် သတင်းတစ်ခုရှိသေးသည် ၊
ထိုသတင်းမှာ ရွာအနောက်ဘက် သချို ၤင်းနားမှ လယ်ခင်းတစ်ခုတွင်ဖြစ်ခဲ့ခြင်းပင် ၊
ရွာသချို ၤင်းနားမှ လယ်ခင်းများထဲတွင်လည်း ဦးဘိုးကြိုင်တို့ပိုင်ဆိုင်သည့်
လယ်ခင်းတစ်ခုရှိလေသည် ၊ ရွာထဲမှအရီးလေးသန်းတင်ဆိုသူသည် ညနေစောင်းလေး
ရွာသချို ၤင်းနားတွင်ရှိသည့် ဦးဘိုးကြိုင်တို့လယ်ကွက်နှင့်ကပ်လျက်တွင်ရှိသည့် သူ၏
လယ်ကွက်အား မြက်ထွက်ရိတ်ဖြစ်သည် ၊ မြက်ရိတ်ပြီးနောက်အပြန်တွင်းတစ်ယောက်တည်း
ပြသနာတစ်ခုကြုံနေရသည် ထိုအဖြစ်ကိုမြင်သူက တစ်ဖက်ရွာမှ စက်ဘီးကလေးနှင့်ပြန်လာသည့်
ရွာထဲမှ သူနာပြုဆရာမလေး လှဝန်းညိုဖြစ်သည် ၊ လှဝန်းညိုမြင်လိုက်သည်က
အရီးလေးသန်းတင်တစ်ယောက် မြက်များထည့်ထားသည့် တောင်းလေးကို ခေါင်းပေါ်သို့
ရွက်တင်လိုက် ပြန်ပြုတ်ကျလိုက် ရွက်တင်လိုက်နှင့်အကြိမ်ကြိမ်ဖြစ်နေခြင်းပင် ၊ ကြည့်လိုက်ပြန်တော့လည်း
မြက်တောင်းလေးက သေးသေးလေး… ၊ တောင်းထဲက မြက်တွေကလည်း နည်းနည်းလေးရယ် ၊
ဘေးနားမှာလည်းလူတစ်ဦးတစ်လေမျှမတွေ့…. ၊အရီးလေးသန်းတင်တစ်ယောက်တည်းဖြစ်ပျက်နေခြင်းပင် ၊
“အရီးလေး…ကျွန်မ လာပင့်ပေးရမလား ”
ဆရာမလေး လှမ်းပြောလိုက်တော့
အရီးလေးသန်းတင်ကပြန်ပြောတယ်
“ ရတယ် ကလေး သွားသွား…ကျုပ်ကို ရွာထိပ်ကနေ ခဏစောင့်ပေး ကလေးမ ”
အရီးလေးစကားကြောင့် စိတ်ထဲမတင်မကျဖြစ်နေပေမယ့် ဆက်မကြည့်ဖြစ်တော့ဘဲ
ရွာအဝင်နားကို ဆက်နင်းသွားလိုက်သည် ၊ မကြာခင်အရီးလေးသန်းတင် ရွာအဝင်ဝနားကို
မပြေးယုံတမယ် လမ်းလျှောက်လာတော့သည် ၊အနားရောက်မှ သူနာပြုဆရာမလေး လှဝန်းညိုလည်း
ကြိုမေးလိုက်မိသည် ၊
“အရီးလေး ခုနက တစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ ”
သူနာပြုဆရာမလေး လှဝန်းညို စကားကြောင့်အရီးလေးသန်းတင်ကအနောက်ဘက်ကို
မလုံသလိုကြည့်လိုက်ရင်း ပြန်ပြောပြတယ် …
“ ငါတစ်ယောက်တည်း ငါ့အခင်းထဲက မြက်တွေရိတ်ပြီးလို့ ပြန်မယ်ပြင်တော့
အပြန် ငါ့အခင်းဘေးနားက ဦးဘိုးကြိုင်အခင်းထဲမှာ မြက်ပင်စိမ်းစိမ်းနုနုလေးတွေမြင်လို့
မြက်ပင်တေါကောင်းလိုက်တာဆိုပြီး ဘာရယ်မဟုတ်ဘူး ဆင်းရိတ်လိုက်မိတယ်… မြက်တွေရိတ်နေတုန်း
ထူးထူးဆန်းဆန်း ပုပ်စော်တွေကို နံဟောင်နေအောင်ရလိုက်သေးတယ် ၊ စိတ်ထဲ မသင်္ကာဖြစ်ပေမယ့်
ငါကအရင်ကတည်းက မကြောက်တတ်သူဆိုတော့ ပြန်တော့မယ်ဆိုပြီး မြက်ပင်တွေထည့်ထားတဲ့
တောင်းကို ခေါင်းပေါ်ရွက်ပင့်လိုက်တော့အဲ့မြက်တောင်းကို ငါ့ဘေးမှာ ရုတ်တရက်ပေါ်လာတဲ့
ဦးဘိုးကြိုင်ကြီးက ဆွဲဆွဲချပါလေရော…အစက သူ့ရုပ်ကြီးကြည့်ပြီး ကြောက်သလိုဖြစ်မိပေမယ့်
ဒါလေးတောင် မသဒ္ဒါရကောင်းလားဆိုပြီး ငါလည်း ဒေါသထွက်ထွက်နဲ့ ဆက်ပြီး ပင့်နေမိတယ်
သူက ဆွဲချလိုက် ငါ့က ပင်လိုက်နဲ့ဖြစ်နေတုန်း ကလေးမလေးက စက်ဘီးနဲ့ရောက်လာတာပဲ…
ငါလည်း နင်ကြောက်မှာစိုးလို့ရွာအဝင်ဝကနေစောင့်နေခိုင်းလိုက်တာ….နောက်ဆုံး
ငါဒေါသတော်တော်ထွက်လာပြီး လူ့ဘဝကတည်းက ဦးဘိုးကြိုင်က ငါ့ထက်ငယ်တာမို့ ဦးဘိုးကြိုင်ကို
ဆဲဆိုပြီးမြက်တောင်းကို မ လိုက်တော့မှ ရသွားတယ်…. ”
ဆရာမလေးလည်း ကြားကြားချင်းပဲအရီးလေးကို စက်ဘီးနောက်မှာ မြန်မြန်တက်ဖို့ပြောလိုက်ရင်း
ရွာထဲသို့ ခြေကုန်နင်းသွားလိုက်မိလေတော့သည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက်သိပ်မကြာခင်အချိန်မှာပင်
သချိ ၤင်းနားရှိ ဦးဘိုးကြိုင်တို့၏ လယ်နှင့် ဘေးချင်းကပ်လျက်တွင်ရှိသော မြေပဲခင်းတစ်ခုတွင်
ပေါင်းသင်သွားကြသည့် ရွာထဲမှ ဒေါ်ချိုမာနှင့် မူလတန်းအရွယ်သူမ၏သားလေး ခွေးပုတို့
အခင်းထဲတွင် ပေါင်းသင်နေကြရင်း ညနေစောင်းမှန်းမစိစောင်းလာခဲ့သည် ၊
ခဏလောက်ကြာလာတော့ ခွေးပုသည် သူ့အမေနားကိုသွားကာ
“အမေ ပြန်ကြစို့ ”
အမေဖြစ်သူကလည်း “ ဟဲ့ခွေးပုအမေဒီမှာအလုပ်မပြီးသေးဘူးလေ
ခဏနေရင်ပြန်မှာပေါ့ ခဏလေးနော်သား..သားဗိုက်ဆာပြီလား ” ဆိုတော့
ခွေးပုက “အမေ မပြန်ချင်နေခဲ့ သားပြန်နှင့်တော့မယ် ”
ခွေးပုစကားကြောင့် ဒေါ်ချိုမာ ရုတ်တရက်ကြောင်စီစီဖြစ်သွားမိရင်း
ခွေးပုမျက်နာကိုအကဲခပ်လိုက်မိတယ်…ခွေးပုသည် သချို ၤင်းတစ်နေရာအား
စိုက်ကြည့်နေလေသည် ခွေးပု၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့ခြင်းတစ်စုံတစ်ရာကို
အဓိပ္ပာယ်ဆောင်နေပြန်သေးသည် ၊ ခွေးပုကြည့်နေသည့်နေရာကို ဒေါ်ချိုမာ
လှမ်းကြည့်ပြန်တော့အုပ်ဂူဖြူဖြူများနှင့်အပင်ကြီးငယ် ခြုံနွယ်များပြည့်နှပ်နေသည့်
သချို ၤင်းကြီးမှလွဲ၍ မည်သည့်အရာမျှမတွေ့ရ ၊ ထိုစဉ်မှာပင် ခွေးပုက
သချို ၤင်းနေရာသို့ လက်ညှိုးထိုးပြလိုက်လျှက် တုန်တုန်ယင်ယင်ဖြင့်
“အမေ…ဟို…ဟို..ဟို…မှာတွေ့လား
ဦးလေးဘိုးကြိုင်ကြီး ရေနွေးကြမ်းခွပ်လောက်ရှိတဲ့ မျက်လုံးနီနီရဲရဲကြီးတွေနဲ့
ပြူးပြပြီး သားတို့ကိုစိုက်ကြည့်နေတယ်အမေ…အမေ…
ဟော…ဟော..ပြောရင်းဆိုရင်း လျှာကြီးထုတ်ပြနေပြန်ပြီ…
လျှာကြီးကအရှည်ကြီးပဲအမေ…ပါးစပ်ထဲမှာလည်း
အစွယ်ကြီးတွေနဲ့…အမေ..အမေ…နေချင်နေခဲ့တော့
သားကတော့ ပြေးပြီ….သရဲကြီး….အား…. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မတူကွဲပြားသည့် တစ္ဆေကြီး ဦးဘိုးကြိုင် ခြောက်လန့်မှုတွေကို
ကြုံရသူတွေထဲတွင် ရွာထဲမှ လူပျိုပေါက်အရွယ် တိုးကျော်ကိုလည်း
ချန့်ထားလို့မရသေး…. ၊
တိုးကျော်ကြုံခဲ့ပုံက တစ်နေ့ ဘာရယ်မဟုတ်ပဲ
တိုးကျော်တို့အဖေက သားဖြစ်သူကို ရွာတွင်းမှ တစ်ဆိုင်တည်းသာရှိသည့်
ဖက်ရည်ဆိုင်မှ လဖက်ရည်သွားဝယ်ခိုင်းခဲ့သည် ။
ထို လဖက်ရည်ဆိုင်သို့သွားမည့်လမ်းတွင်
ဦးဘိုးကြိုင်တို့အိမ်ရှေ့မှ မလွဲမသေဖြတ်သွားရမည်ဖြစ်သည် …. ၊
ည ခုနှစ်နာရီလောက်ဆိုပေမယ့် ခါတိုင်းလည်းတစ်ယောက်တည်း
သွားလာနေကျမို့ တိုးကျော်တစ်ယောက် ကြောက်စိတ်မရှိခဲ့ချေ ၊
လေလေးတစ်ချွန်ချွန်နှင့် လဖက်ရည်သွားဝယ်ပြီးအပြန် ဦးဘိုးကြိုင်တို့
အိမ်နားအရောက်တွင် ထူးထူးဆန်းဆန်း တစ်လမ်းလုံးကြားလာသမျှ ညပုရစ်အော်သံများ
တိတ်ဆိတ်သွားပြီးနောက် သူ့အနောက်မှ
အသံသြသြကြီးတစ်သံကိုကြားလိုက်ရလေသည်…
“ ငါ့တူ….ဦးလေးကို လဖက်ရည်လေးတိုက်ပါလား ” တဲ့….
တိုးကျော်လည်းအသံကြားလို့ မမျှော်လင့်ဘဲ လှည့်အကြည့်
သူ့အနောက်မှာ ရပ်နေသူက ဦးဘိုးကြိုင်……. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီလိုမျိုး နည်းမျိုးစုံနှင့် ခြောက်လန့်တတ်သူကြီး
အကုသိုလ်ကြီးလွန်းသူ
ဘုရားမသိတရားမသိသူကြီး ဦးဘိုးကြိုင် ၊
တစ်နှစ်ကျော်လောက်ရွာလေးမှာအားရအောင် ခြောက်လန့်သွားပြီးနောက်ပိုင်း
ခြောက်လန့်သည့် သတင်းများအသံများ လုံးဝမကြားမိတော့…၊
ွာငယ်လေး၏ ညဘက်အိပ်ယာဝင်ခါနီး မိခင်က သားသမီးတွေကို
ပြောပြကြသည့် သရဲတစ္ဆေပုံပြင်များထဲအကုသိုလ်ကြောင့် ပြိတ္တာဘုံဘဝရောက်ခဲ့ရသူ
ဦးဘိုးကြိုင်ကြီးအကြာင်းသည်အမြဲလိုလို ရှင်သန်နေဆဲပင်…. ၊
ရွာငယ်လေးမှ တစ္ဆေကြီး ဦးဘိုးကြိုင်ခြောက်လန့်မှုများ
ပျောက်ဆုံးသွားပြီးနောက် မည်သည့်အချိန် မည်သည့်နေရာများတွင်
ဦးဘိုးကြိုင်ဆက်ရှိနေမည်ကို တွေးဆရင်းနှင့် နံရံအားလက်ဖြင့်
ပုတ်လိုက်သံကြီးများမှာ နားစွဲသွားစေလိမ့်မည်……. ။
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 27.4.2019 ( 8 : 46 Pm )
#lotaya_shortstory