![]()
မြန်မာနိုင်ငံက ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ သြင်္ကန်ပွဲတော်ပြီးတဲ့နောက် ရေနဲ့ပတ်သက်တဲ့ပွဲတော်ဟာ ကဆုန်ပွဲတော်ပဲ ဖြစ်ပါတယ်။ ပွဲတော်ဟာ မြန်မာ့ရိုးရာပြက္ခဒိန်အရ ကဆုန်လပြည့်နေ့မှာ ကျရောက်ပြီးအင်္ဂလိပ်ပြက္ခဒိန်အရ မေလအစောပိုင်းမှာ ကျရောက်လေ့ရှိပါတယ်။ ကဆုန်ပွဲတော်ဟာ ဘာသာရေးကိုအထွတ်အမြတ်ထားတဲ့ မြန်မာလူမျိုးတွေကြားထဲမှာတော့အရေးပါတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပွဲတော်ချိန်ဟာ ကန်တွေ ခောျင်းတွေမှာရှိတဲ့ ရေတွေဟာ ခမ်းခြောက်လုနီးရာသီချိန်ဖြစ်ပြီး နေ့တာရှည်တဲ့အချိန်လည်း ဖြစ်ပါတယ်။
ကဆုန်ပွဲတော်ဟာ မြန်မာနိုင်ငံရဲ့အပူရှိန်အမြင့်ဆုံးရာသီမှာ ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ ကဆုန်ပွဲတော်မှာဆိုရင် ဗုဒ္ဓဘာသာအမျိုးသမီး၊အမျိုးသားတွေဟာ ဘုရားကျောင်းကန်တွေဆီသွားပြီး မဟာဗောဓိညောင်ပင်မှာ ရေသွန်းလောင်းကြပါတယ်။ မဟာဗောဓိပင်ဟာ မြင့်မြတ်တဲ့ညောင်ပင်ဖြစ်ပြီး ဂေါတမဘုရားရှင်ရဲ့ ဖွားဖက်တော်လည်းဖြစ်ပါတယ်။ ဗောဓိညောင်ပင်အောက်မှာပဲ ဂေါတမဗုဒ္ဓဟာ ဝိပဿနာဉာဏ်အလင်းရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်နဲ့ ဗောဓိညောင်ပင်ကြီးရဲ့ ကျေးဇူးကိုအမြတ်တနိုး ဂါရဝပြုတဲ့အနေနဲ့ မဟာဗောဓိညောင်ကြီး မညှိုးမခြောက်ရလေအောင် ရေအိုးလေးတွေသယ်ပြီး ညောင်ရေသွန်းကြတာ ဖြစ်ပါတယ်။
![]()
gomyanmartours
ဒီအလေ့အထဟာ နှစ်ကာလကြာရှည်လာတာနဲ့အမျှ မြန်မာလူမျိုးတွေရဲ့ ဘာသာရေးထဲမှာ ယှက်နွယ်ဝင်ရောက်လာတာကြောင့် ဗုဒ္ဓနေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့ဟာ ညောင်ရေသွန်းလောင်းတာနဲ့ ခွဲခြားမရအောင် ဖြစ်လာတာပါ။ ကဆုန်လပြည့်နေ့မှာဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ရေအိုးကြီးအိုးငယ်လေးတွေကို ကိုင်ပြီး ရေထဲမှာအမွှေးနံ့သာ၊ ပန်းစတာတွေကိုထည့်ပြီး ဘုရားရှင်ကို ပူဇော်ကာ ညောင်ရေသွန်းကြပါတယ်။ ဒါ့အပြင် ထိုနေ့မှာ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်ကိုချီးမွှမ်းတဲ့ ပရိတ်ဒေသနာတော်တွေကိုလည်း ဘုရားပုထိုးတွေနဲ့ ဘုန်းကြီးကျောင်းကန်တွေမှာ သံဃာတေ်ာတွေက ရွတ်ဖတ်ပူဇော်ပွဲတွေ ပြုလုပ်ကြပါတယ်။
တစ်နှစ်တာပတ်လုံး ပွဲတော်တွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ကဆုန်လပြည့်နေ့ဟာအလွန်အရေးပါတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ကဆုန်ပွဲတော်ဟာ ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သုံးပါးသော ထူးခြားချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဖွားပွင့်စံနေ့လို့ ဗုဒ္ဓဘာသာဝင်တွေသတ်မှတ်ကြတဲ့ ကဆုန်လပြည့်နေ့ဟာ ဂေါတမဘုရားရှင် ဖွားမြင်ရာနေ့၊ တဏှာရေယဉ်ကြောက လွတ်မြောက်ကာ လောကတစ်ခွင်လုံးကိုအလင်းဓာတ်ပေးနိုင်အောင်အတုမရှိဘုရားရှင်ပွင့်ပေါ်ရာနေ့ နဲ့ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ရာ နေ့လည်း ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ကဆုန်လပြည့်နေ့ဟာ မေလ(၁၈) ရက်နေ့ စနေနေ့မှာ ကျရောက်မှာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဥပုသ်သီတင်းသီလများစောင့်ထိန်းပြီး ကုသိုလ်တရားများပွားများအားထုတ်နိုင်စေဖို့ နှိုးဆော်ပေးလိုက်ရပါတော့တယ်။
လင်းလင်း (ShweMom)
Ref: gomyanmartours