![]()
မူလနေရာမှ နေရာသစ်သို့ ရွှေ့ပြောင်းနေရာချထားသည့်အန်းန်၏အုတ်ဂူ။ ဓာတ်ပုံ • ဖိုးဝ
မြန်မာနိုင်ငံကို သာသနာပြုဖို့ ရောက်လာတဲ့ ဆရာယုဒသန်ကို ခရစ်ယာန်သမ္မာကျမ်းနဲ့ ပထမဆုံးသော မြန်မာ-အင်္ဂလိပ်အဘိဓာန် ရေးသားပြုစုခဲ့သူတစ်ယောက်အဖြစ် မြန်မာလူမျိုးအများစုက သိထား ကြသည်။
ဆရာယုဒသန် စာပေများပြုစုရန် နောက်ကွယ်မှအားပေးခဲ့သူတစ်ဦး ကိုတော့ သတိထားမိသူ နည်းပေလိမ့်မည်။ သူကတော့ ဆရာကြီး ယုဒသန်၏ ဇနီးဖြစ်သူအန်းန်ဟက်ဆယ်တိုင်း ဂျပ်ဆင် (Ann Hasseltine Judson 1789-1826) ပင်ဖြစ်သည်။
အန်းန်၏အုတ်ဂူသည် သူသာသနာပြုခဲ့ရာ ကျိုက္ခမီမြို့ရှိ(Amherst Baptist Church) တွင် တည်ရှိသည်။ လေးဧကကျယ်ဝန်းသော ထိုမြေမှာ ဆရာယုဒသန် မဆုံးခင်အင်္ဂလိပ်အစိုးရထံမှ သာသနာမြေအဖြစ် တောင်းခံခဲ့သောမြေဖြစ်သည်။ ထိုမြေအတွင်းရှိသည့် ဘုရားကျောင်းတွင် ဆရာယုဒသန်လက်ထက်ကအသုံးပြုထားသည့် ကျမ်းစာအုပ်နှင့် ပွဲတော်ခွက်ကိုအခုထိ ထိန်းသိမ်းထားဆဲဖြစ်သည်။
ကျိုက္ခမီသို့ လာရောက်လည်ပတ်ကြသူများ ဆရာကြီးယုဒသန်တို့ ဇနီးမောင်နှံ၏ သာသနာပြုလုပ်ငန်းအကြောင်းသမိုင်းကို လေ့လာခွင့် ရနိုင်ရေးအတွက် ယုဒသန်ပြခန်းကို တည်ဆောက်နေကြပြီဖြစ်သည်။
![]()
မြန်မာနိုင်ငံတွင် ပထမဆုံး နှစ်ခြင်းခရစ်ယာန်ဘာသာဝင်ဖြစ်သူ မြန်မာလူမျိုးနှစ်ဦးနှင့် ယုဒသန်တို့ ဇနီးမောင်နှံ ပန်းချီကားများ။ ဓာတ်ပုံ • ဖိုးဝ
"မြန်မာပြည်မှာ ပထမဦးဆုံးသာသနာပြုကျောင်းက ကျိုက္ခမီက စခဲ့တာပဲ၊ ပြောရမယ်ဆိုရင် ကျိုက္ခမီက ရေသောက်မြစ်ပေါ့၊ သာသနာပြု ကျောင်းရဲ့မိခင်ကအန်းန်ပဲ၊ သူက စခဲ့တာ" ဟု သင်းအုပ်ဆရာတော် စောမူးတောက ဆိုသည်။
သင်းအုပ်ဆရာတော် စောမူးတောကအန်းန်၏အုတ်ဂူတည်ရှိရာ (Amherst Baptist Church) ကို တာဝန်ယူထိန်းသိမ်းနေသူ ဖြစ်သည်။ ဘုရားကျောင်းကို ခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် မော်လမြိုင်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားပြီး လက်ရှိတွင် ဘာသာရေးနှင့်ဆက်စပ်သော နိုင်ငံခြားသားအများဆုံး လာရောက်လည်ပတ်ကြောင်း ဆရာတော်က ပြောသည်။
၁၇၈၉ ခုနှစ်တွင်အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၌အန်းန်ကို မွေးဖွားခဲ့ပြီး ဆရာယုဒသန်အဖြစ် ကျော်ကြားလာမည့်အဒိုနီယမ်ဂျပ်ဆင်(Adoniram Judson) နှင့် မွေးရပ်ဇာတိတူ ဖြစ်သည်။အန်းန်က မွေးချင်း ငါးယောက်အနက်အငယ်ဆုံးသမီးဖြစ်ပြီး သူ၏ဖခင်က ခရစ်ယာန်သင်းထောက်ဆရာတစ်ဦး ဖြစ်သည်။
အဒိုနီယမ်ဂျပ်ဆင်နှင့်အန်းန်တို့ ၁၈၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် လက်ထပ်ခဲ့ပြီး နောက်ထပ်ရက်သတ္တပတ်နှစ်ပတ်အကြာတွင် နိုင်ငံခြားသာသနာပြုခရီးအတွက် ဇနီးမောင်နှံနှစ်ဦးတို့အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့ကြသည်။
ထိုအချိန်ကအမေရိကန်အစိုးရနှင့် ဗြိတိသျှအစိုးရတို့အချင်းချင်း မသင့်မမြတ်ဖြစ်နေရာအိန္ဒိယနိုင်ငံရှိ ဘုရင်ခံချုပ်က ယုဒသန်နှင့်အန်းန်တို့ကိုအမေရိကန်သို့ပြန်ရန်အမိန့်ပေးလေသည်။ ထို့ကြောင့် ပြင်သစ်ပိုင် မော်ရစ်ရှပ်ကျွန်းသို့ ၎င်းတို့ ထွက်ခွာခဲ့ရသည်။
အရှေ့အာရှနိုင်ငံများ၌ သာသနာပြုမည့် မူလရည်ရွယ်ချက်ကို စွန့်လွှတ်ရမည့်အခြေအနေဖြစ်နေသည့် ထိုစုံတွဲမှာ ၁၈၁၃ ခုနှစ် ဇွန်လဆန်း၌အရှေ့ဘက်သို့ ကြုံရာသင်္ဘောနှင့် သွားမည်ဟူသောအကြံဖြင့်အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ထွက်ခွာခဲ့ကြပြန်သည်။ တစ်ဖန် မဒရပ်မြို့မှတစ်ဆင့် ဂျော်ဂျီယားနားသင်္ဘောဖြင့် မြန်မာနိုင်ငံသို့ လိုက်ပါလာခဲ့ကြရာ ဇူလိုင်လ ၁၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်လာ လေတော့သည်။
ဇနီးမောင်နှံနှစ်ယောက်စလုံး မြန်မာစာ မြန်မာစကားကို ကြိုးစားသင်ယူခဲ့ကာ ဆရာယုဒသန်က မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ ဓမ္မသစ်ကျမ်းနှင့် ခရစ်ယာန်ဘာသာရေးကျမ်းငယ်တို့ကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပဲအန်းန်ကလည်း ခရစ်ယာန်ဘာသာရေးဆိုင်ရာအမေးအဖြေများပါဝင်သည့် ခရစ်ယာန်စာပေသင်ကြားရေးစာအုပ်ကို ရေးသားထုတ်ဝေလာနိုင်ခဲ့သည်။
ထို့နောက် ဆရာယုဒသန်က တရားဟောနိုင်လောက်အောင် စကားတတ်ပြီဟု ယုံကြည်ပြီး မြန်မာတို့ ဗုဒ္ဓတရားနာယူသည့် ဇရပ်များသို့ သွားကာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့၏ ဟောကြားချက်များကိုအတုယူလေ့လာခဲ့သည်။ ထို့နောက် သူနေထိုင်ရာ သာသနာပြုအိမ်ကြီးနှင့် မလှမ်းမကမ်း လူသွားလူလာများသော နေရာတွင် ဇရပ်တစ်ဆောင် ဆောက်ကာ ခရီးသွားများကို တရားနာလာရန် ဖိတ်ခေါ်လေ့ရှိသလို ကလေးသူငယ်များကိုလည်း စာသင်ပေးလေ့ရှိသည်။ ဇနီးသည်အန်းန်က သာသနာပြုလုပ်ငန်းနှင့် စာသင်ခြင်းလုပ်ငန်းတို့ တွင်ကျယ်အောင် ကူညီပေးလေသည်။
မြန်မာနိုင်ငံသို့ရောက်ပြီး ကိုးနှစ်ခန့်အကြာတွင်တော့အန်းန်တစ်ယောက်အပြင်းအထန်ဖျားပြီးအမေရိကန်သို့ ဆေးကုရန် တစ်ဦးတည်းပြန်ခဲ့သည်။ ဆရာယုဒသန်ကိုတော့ မြန်မာ™အင်္ဂလိပ်အဘိဓာန်နှင့် ခရစ်ယာန်သမ္မာကျမ်းစာကို မြန်မာဘာသာသို့ပြန်ဆို နေချိန်ဖြစ်ရာ ခင်ပွန်းအလုပ်ပျက်မည်စိုး၍ လိုက်ခွင့်မပေးခဲ့ဘဲ နှစ်နှစ်ကြာ ခွဲနေခဲ့ကြသည်။
ထိုနေရာလေး၏သမိုင်းကို ဒေသခံများကိုယ်တိုင်ပင် မသိကြ တော့။ ဆရာယုဒသန် (သို့မဟုတ်) ဂျပ်ဆင်ဟူသော နာမည် သည် သူနေထိုင်ခဲ့ရာ ကျိုက္ခမီမြို့တွင်တော့ ပျောက်ဆုံးနေ
ဆရာယုဒသန်က ထိုကဲ့သို့ ၎င်း၏အမျိုးသမီးနှင့် ခွဲခွာပြီးနေထိုင် ရခြင်းသည် သူ၏ ညာဘက်လက်ကိုဖြတ်ထားပြီး ညာဘက်မျက်လုံးကို ဖောက်ထုတ်ထားသကဲ့သို့ ခံစားရကြောင်း ရေးသားခဲ့ဖူးသည်။
၁၈၂၃ ခုနှစ်တွင်အန်းန်ကအမေရိကန်ဆေးကုခရီးမှ ပြန်ရောက် လာပြီး ၁၈၂၄ ခုနှစ်အတွင်း ဇနီးမောင်နှံနှစ်ဦးတို့သည် ဆရာယုဒသန်ဘာသာပြန်အဖြစ် လုပ်ဆောင်ခဲ့စဉ်က လက်ဆောင်ရသော မြေနေရာ (အင်းဝနေပြည်တော်ဝင်း)တွင်အိမ်ဆောက်နေထိုင်ခဲ့ကြသည်။ ယုဒသန်သည် မြန်မာမ·းမတ်၊ ဆွေတော်မျိုးတော်တို့နှင့် သင့်မြတ်အောင် ပေါင်းပြီးအန်းန်ကအပ်ချုပ်ပညာနှင့် စာရေးစာဖတ်တို့ကို ကျောင်းဖွင့် သင်ကြားပေးသည်။
သို့သော် ဆင်ဖြူကျွန်းအရေးကြောင့်ဖြစ်ခဲ့သည့်အင်္ဂလိပ်–မြန်မာစစ်ပွဲအပြီး ၁၈၂၄ ခုနှစ် မေလတွင်အင်္ဂလိပ်တို့ ရန်ကုန်မြို့ကို သိမ်းယူခဲ့သလို ယုဒသန်အပါအဝင် နိုင်ငံခြားသားများကိုတော့ မြန်မာအာဏာပိုင်အဖွဲ့က ဖမ်းဆီးကာ လက်မရွံ့ထောင်ကို ပို့တော့သည်။
ထောင်အရွှေ့အပြောင်းရှိသော်လည်းအန်းန်က ခင်ပွန်းအကျဉ်းကျရာ ဒေသကို တကောက်ကောက်လိုက်ရင်း ရှစ်လအကြာတွင် တတိယမြောက် သမီးကို မွေးသည်။ (အန်းန်၏ ပထမကိုယ်ဝန်မှာအဖတ်မတင်ခဲ့သလို ဒုတိယသား ရော်ဂျာမှာလည်း ရှစ်လအကြာတွင် ဆုံးခဲ့သည်။)
ခင်ပွန်းဖြစ်သူအကျဉ်းကျနေစဉ်အတွင်းအန်းန်သည်အစားအသောက်ပေးရန် နေအိမ်မှ နှစ်မိုင်ခန့်ဝေးသော လက်မရွံ့ထောင်ဆီသို့ နေ့စဉ် လျှောက်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူနှင့် စကားပြောခွင့်ကို မရသည်က များပြီး တစ်ခါတစ်ရံမှသာ တွေ့ဆုံခွင့်ရခဲ့သည်။
အန်းန်တစ်ယောက်တည်း ရုန်းကန်နေရင်း ထိုနှစ် နိုဝင်ဘာလတွင် ယုဒသန်ကိုအင်္ဂလိပ်နှင့် မြန်မာတို့ စစ်ပြေငြိမ်းရေးဆွေးနွေးရန် စကားပြန်အဖြစ် စေလွှတ်ရန် ထောင်က လွှတ်တော့သည်။
ယုဒသန်လွတ်မြောက်ပြီး မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ပြန်လာ ကြကာအင်္ဂလိပ်အစိုးရရုံးစိုက်ရာအန်းဟက်စ်(ကျိုက္ခမီ)မြို့သို့ ၁၈၂၆ ခုနှစ် ဇူလိုင်လတွင် ပြောင်းရွှေ့နေထိုင်ကြသည်။ ဆရာယုဒသန်မှာအင်္ဂလိပ်များအတွက် စကားပြန်အဖြစ်အရေးပါသည့်အတွက် ကျိုက္ခမီမြို့သို့ရောက်လာသော သူတို့ဇနီးမောင်နှံသည် ကောင်းမွန်စွာနေခဲ့ရသည်။
အစိုးရစေခိုင်းမှုများကြောင့် ဆရာယုဒသန်အိမ်တွင်မရှိသောအချိန် များတွင်အန်းန်ကအခြားမြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင်များနှင့်အတူ သာသနာပြုကျောင်း စတင်တည်ထောင်သည်။ နေ့စဉ်ပုံမှန် ဘုရားရှိခိုးခြင်း၊ ကလေးငယ်များကို စာသင်ပေးခဲ့သည်။
"အန်းန်က တကယ်ထက်မြက်တဲ့အမျိုးသမီးပဲ၊ ရဲရင့်တယ်၊ သူ့ယောကျာ်း ထောင်ကျနေတုန်းကလည်းအပြင်ကနေ ထောက်ပံ့ပေး ပြီးတော့ ဆရာယုဒသန်ရဲ့ လက်ရုံးတစ်ခု ဖြစ်ခဲ့တယ်။ ဆရာဘာသာပြန်တဲ့ ကိစ္စတွေမှာလည်း သူကအများကြီးထောက်ပံ့ခဲ့တယ်။ သူ ဆုံးပါးသွားတဲ့အခါမှာ ဆရာကအရမ်းကို စိတ်ပျက်တာ။ ဆရာယုဒသန်က လပေါင်း များစွာ စကားမပြောနိုင်လောက်အောင် ကြေကွဲတာပေါ့။ သူအရမ်းအားကိုးရတဲ့ဇနီးဆိုတော့" ဟု တစ်ဆင့်စကားဖြင့် ရင်းနှီးခဲ့ရသော ဇနီးမောင်နှံအကြောင်းကို ဆရာတော် စောမူးတောက ပြောသည်။
ကျိုက္ခမီတွင် နေထိုင်ပြီး ခြောက်လခန့်အကြာတွင် နဂိုရှိရင်းစွဲ ရောဂါအခံနှင့် ခင်ပွန်းဖြစ်သူ ထောင်ကျစဉ် ပူဆွေးသောကနှင့် စိတ်ဖိစီးမှုဒဏ်ကြောင့် ၁၈၂၆ ခုနှစ်အောက်တိုဘာလတွင် တိမ်းပါး သွားတော့သည်။
"သူတို့ ကျိုက္ခမီကိုရောက်တော့ ပထမဆုံး ရင်ဆိုင်ရတာကတော့ ရောဂါပဲ။ နဂိုကတည်းကအင်းဝမှာ ချုပ်ခံရတုန်းကတည်းက ခုခံအားက နှစ်ယောက်စလုံး ကျနေပြီလေ။အန်းန်ကတော့ လုံးဝ မခံနိုင်တော့ ဘူး။ ခုခံအားတွေကျပြီးတော့မှ နာလန်မထူနိုင်တော့ဘဲအသက်ပါသွား တော့တာပဲ" ဟု သင်းအုပ်ဆရာတော် စောမူးတောက ဆိုသည်။
ယုဒသန်လည်း ဇနီး၏နောက်ဆုံးအချိန်တွင်အနားမရှိခဲ့သည့်အတွက် ယူကြုံးမရဖြစ်ခဲ့သလိုအန်းန်သေဆုံးပြီး လအနည်းငယ်အကြာတွင် သမီး မာရီယာလည်း လသားအရွယ်ဖြင့် တိမ်းပါးသွားခဲ့ပြန်သည်။
အချိန်ကြာညောင်းလာသည်နှင့်အမျှအန်းန်၏အုတ်ဂူနေရာလေးမှာ ကမ်းပါးပြိုရာတွင် ပါသွားခဲ့သည်။ ကမ်းမပြိုခင်တွင် ခရစ်ယာန်အဖွဲ့အစည်းကအန်းန်၏အုတ်ဂူကို သိပ္ပံလမ်း၊ မြို့မဈေးရပ်ကွက်၊ ကျိုက္ခမီမြို့ ယခုလက်ရှိမြေနေရာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
"ပြောင်းတဲ့အချိန်မှာအရိုးရယ်လို့တော့ မပါတော့ဘူး။ စတိသဘောမျိုးနဲ့ မြေကြီးလောက်ပဲ သယ်ခဲ့တာ၊ သင်္ချိုင်းတော့ သေချာပြောင်းခဲ့တာပေါ့" ဟု ဆရာတော် စောမူးတောက ဆိုသည်။
ကျိုက္ခမီအသင်းတော်မှာ ဆရာကြီးယုဒသန်လက်ထက် ခိုင်မာစွာ ရှင်သန်ရပ်တည်နိုင်ခဲ့သော်လည်း ရာစုနှစ် နှစ်ခုအကြာ ဖြတ်သန်းခဲ့ ရသည့်အချိန်ကာလအတွင်း တဖြည်းဖြည်းအင်အားနည်းပါးလာခဲ့သည်။ နောက်ဆုံး ရပ်တည်ရန်ပင် ခက်ခဲလာခဲ့သည်။ ခေတ်အဆက်ဆက် ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ထိရောက်သောအောင်မြင်မှုမရရှိခဲ့။ ဆရာယုဒသန်၊အန်းန်ဟက် ဆယ်တိုင်း ဂျပ်ဆင်ဟူသောအမည်နှင့် ထိုနေရာလေး၏သမိုင်းကို ဒေသခံများကိုယ်တိုင်ပင် မသိကြတော့။ ဆရာယုဒသန် (သို့မဟုတ်) ဂျပ်ဆင်ဟူသောနာမည်သည် သူနေထိုင်ခဲ့ရာ ကျိုက္ခမီမြို့တွင်တော့ ပျောက်ဆုံးနေပြီဖြစ်သည်။
"ကျွန်တော်တို့က ဒီနေရာမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ရှိတယ်ပဲ သိထားတာ၊ ဆရာယုဒသန်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ ဆိုတာ ဒီကလူတော်တော်များများ မသိဘူး" ဟု ကျိုက္ခမီမြို့တွင် ဆိုင်ကယ်တက္ကစီဆွဲနေသည့် ဦးÓဏ်ဝင်းက ဆိုသည်။
ဆရာယုဒသန် မရှိသည့်နောက်ပိုင်း ကျိုက္ခမီမှ ထိုမြေနေရာကို မော်လမြိုင်မှ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းက တိုက်ရိုက်အုပ်ချုပ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်မှသာ သာသနာမြေက ပြန်လည်စည်ကား ခြင်းဖြစ်သည်။
ဆရာတော်စောမူးတောက ထိုခြံဝင်းကို တာဝန်ယူစောင့်ရှောက်သည်မှာ ၁၀ နှစ်ရှိပြီဖြစ်ပြီး ရော်ဘာခြံစိုက်ပျိုးခြင်း၊ ခန်းမဆောင်ဆောက်လုပ်ခြင်း၊ ရေတွင်းတူးဖော်ခြင်း၊ ဗိမ္မာန်တော်တည်ဆောက်ခြင်း၊ ခေါင်းလောင်းစင် တည်ဆောက်ခြင်း၊ သင်းအုပ်နေအိမ်နှင့် ဧည့်သည်တည်းခိုဆောင် ဆောက်လုပ်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းတို့ကိုအကောင်အထည်ဖော် ခဲ့ပြီး ယုဒသန်ပြခန်းကို တည်ဆောက်နေပြီဖြစ်သည်။
![]()
အန်းန်အုတ်ဂူနှင့် ကပ်လျက်တွင် တွေ့ရသည့် ယုဒသန်ပြခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်။ ဓာတ်ပုံ • ဖိုးဝ
"ခရစ်ယာန်တစ်ယောက် လာကြည့်တယ်ဆိုရင် သူက ဆရာယုဒသန်ရဲ့အကြောင်း ပိုနားလည်သွားမှာပေါ့၊ ခရစ်ယာန်မဟုတ်တဲ့မိတ်ဆွေတွေ လာရင်လည်း သမိုင်းကြောင်းလေ့လာချင်တဲ့ လူတွေအတွက်လည်း ဆရာယုဒသန်က ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာ တွေ့သွားမှာပေါ့" ဟု ဆရာတော်က ဆိုသည်။
ပြခန်းအတွက်အမေရိကန်တွင်ရှိသည့် သမိုင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားပြီး ဆရာယုဒသန်တို့ဇနီးမောင်နှံနှင့် ပတ်သက်သည့်အချက်အလက်များကို ပြတိုက်တွင် ပြထားနိုင်ရန် တောင်းခံထားသည်။ သမိုင်းအရသာ သိထားပြီး လက်တွေ့မရှိသောပစ္စည်းများကိုတော့ ပြန်လည်ဖန်တီးကာ သမိုင်းဆိုင်ရာအထောက်အထားဖြင့် ပြသမည်ဟု ဆရာတော်က ဆိုသည်။
ပြတိုက်ကို ၂၀၁၈အကုန်တွင် စတင်ဆောက်ပြီး ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားသည်။ ယုဒသန်ပြခန်းကိုအန်းန်၏အုတ်ဂူလေးဘေးတွင် ကပ်လျက်တည်ဆောက်နေခြင်းဖြစ်ရာ သူတို့ဇနီးမောင်နှံနှစ်ဦး ယှဉ်တွဲနေသည့်အငွေ့အသက်ကို နှစ်ပေါင်း ၁၉၃ နှစ်အကြာတွင် ကျိုက္ခမီမြို့၌ ပြန်လည်ရရှိတော့မည်ဖြစ်သည်။
ကိုးကား -™ ဝီကီပီးဒီးယား၊The Life and Significance of Ann Hasseltine Judson (1789-1826) by Sharon James.