ရုပ်ရှင်ပိုစတာပန်းချီရဲ့ နောက်ဆုံးမျိုးဆက်
mmtimes.com
|
2019-07-24

လိပ်ကန်လမ်းနေအိမ်တွင် ပုံတူပန်းချီများ ရေးဆွဲနေသော ပန်းချီဦးမောင်မောင်။ ဓာတ်ပုံ − ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

လိပ်ကန်လမ်းနေအိမ်တွင် ပုံတူပန်းချီများ ရေးဆွဲနေသော ပန်းချီဦးမောင်မောင်။ ဓာတ်ပုံ − ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ရုပ်ရှင်ပိုစတာပန်းချီရဲ့ နောက်ဆုံးမျိုးဆက်

တအုန်းအုန်း တဒိုင်းဒိုင်းရွာနေတဲ့ မိုးသံကိုအဖော်ပြုရင်းအသက် ၆၈ နှစ်အရွယ်ပန်းချီဆရာကြီးဟာ လိပ်ကန်လမ်းထဲက သူ့ရဲ့မျက်နှာကြက်မြင့်မြင့်နဲ့အိမ်ကြီးထဲမှာအေးအေးချမ်းချမ်း ပန်းချီရေးလို့နေပါတယ်။ သူကတော့ တစ်ချိန်က ရွှေခေတ်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ပိုစတာပန်းချီလောကရဲ့ နောက်ဆုံးမျိုးဆက် ပန်းချီဦးမောင်မောင်ပါပဲ။

ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက မင်းသားမင်းသမီးပုံတွေကို ၁ဝ ပေပတ်လည် ပိတ်ကားကြီးပေါ် ဆီဆေးရောင်စုံသုံးပြီး စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးထားတဲ့ ရုပ်ရှင်ပိုစတာပန်းချီကားကြီးတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တွေက ရုပ်ရှင်ရုံဥပစာမှာ နေရာယူခဲ့တာ ၁၉၂ဝ ပြည့်နှစ်ဝန်းကျင်ကနေ ဗီနိုင်းပိုစတာ တွေ မပေါ်ခင် ၂ဝဝ၂ ခုနှစ်ဝန်းကျင်အထိပဲ ဖြစ်ပါတယ်။

၁၉၂ဝ ပြည့်နှစ်ဝန်းကျင်မှာ ပန်းချီဦးငွေကိုင်၊ ပန်းချီဦးအုန်းလွင်တို့ စတင်ရေးသားခဲ့တဲ့ ရေးချက်ကောင်းလှတဲ့ ရုပ်ရှင်ပိုစတာပန်းချီကားကြီးတွေဟာဗိုလ်ချုပ်လမ်းမပေါ်နဲ့ ဆူးလေဘုရားလမ်းမပေါ်က ပေ ၆ဝ၊ ပေ ၁ဝဝ ကျယ်ဝန်းတဲ့ရုပ်ရှင်ရုံတွေရှေ့မှာ နှစ်ပေါင်း ၈ဝ ကျော်တိုင်အခန့်သား နေရာယူခဲ့ပါတယ်။ ရုပ်ရှင်ပိုစတာ ပန်းချီတစ်ခေတ်ဖြစ်ခဲ့တဲ့ ဒီနှစ် ၈ဝ ကျော်အတွင်း ရေးခဲ့ကြတဲ့ နာမည်ကျော် ရုပ်ရှင်ပိုစတာပန်းချီဆရာကြီးတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒီထဲမှာ ဦးမောင်မောင်ကတော့ ရုပ်ရှင်ပိုစတာ ပန်းချီလောကရဲ့ နောက်ဆုံးမျိုးဆက် ပန်းချီဆရာကြီး ဖြစ်ပါတယ်။

''ရုပ်ရှင်ပိုစတာ ပန်းချီဆရာဘဝက ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့အချိန်တွေပဲ။ နေ့ရော ညရောအချိန်မီပြီးဖို့အိပ်ချိန်လည်း မရှိဘူး၊အရမ်းလည်းပင်ပန်းတယ်။ နေ့ရောညရော ပုံရေးနေရတဲ့ ပင်ပန်းတဲ့ ပန်းချီဆရာဘဝထဲမှာကို ပျော်နေခဲ့တာပဲ။ ဒါက ကိုယ်သိပ်ဖြစ်ချင်ခဲ့တဲ့ ဘဝကိုး'' လို့ သူရေးခဲ့တဲ့ရုပ်ရှင်ပန်းချီပိုစတာ ပုံကြမ်းတစ်ထပ်ကြီးကို ထုတ်ပြရင်း ပန်းချီဦးမောင်မောင် က ပြောပါတယ်။၁၉၇ဝ ပြည့်နှစ်ကစလို့ ရုပ်ရှင်ပိုစတာလောကထဲကို စတင်ဝင်ရောက်လာ ခဲ့တဲ့ ဦးမောင်မောင်ဟာ ၂ဝဝ၂ ခုနှစ်အထိ ရုပ်ရှင်ပိုစတာ၊ မျက်နှာဖုံးပန်းချီ ဆရာကြီးအဖြစ် ရပ်တည်အောင်မြင်ခဲ့ပါတယ်။ ၁၉၇၃– ၇၄ ခုနှစ်နောက်ပိုင်းအောင်မြင်လာခဲ့ပြီးအခုလက်ရှိ သူနေနေတဲ့ လိပ်ကန်လမ်းထဲကအိမ်ကိုတောင်သူပိုစတာရေးလို့ရခဲ့တဲ့ ငွေကြေးနဲ့ပဲ ဝယ်ယူခဲ့တာပါ။ ၁ဝ ပေအမြင့်ရှိတဲ့ ရုပ်ရှင်ပိုစတာကားကြီးတွေအိမ်မှာအေးအေးလူလူ ဆွဲနိုင်ဖို့အတွက်အိမ်စဆောက်တဲ့အချိန်ကတည်းက ဗိသုကာပညာရှင်ကို သူ့အိမ်ရဲ့မျက်နှာကြက်ကိုအမြင့်ကြီးဆောက်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ပန်းချီဦးမောင်မောင်ဟာ ဆယ်ကျော်သက်ဘဝ မွန်ပြည်နယ်မှာ နေခဲ့စဉ်ကတည်းက တစ်မြို့လုံးပတ်ကြော်ငြာတဲ့ ရုပ်ရှင်ကြော်ငြာကားကြီးတွေ လှည့်လာတဲ့အခါ ကားနံဘေးမှာ ကပ်ထားတဲ့ ရုပ်ရှင်ပိုစတာပန်းချီကားတွေကို ငေးမောရင်း ကြီးပြင်းခဲ့ရတဲ့ ဝါသနာရှင်ဖြစ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာ မုဒုံကနေရန်ကုန်မှာ ပြောင်းရွှေ့အခြေချရင်း ပန်းချီပညာကို ရန်ကုန်ပန်းချီပန်းပုကျောင်း မှာ လေ့လာဆည်းပူးခဲ့ပါတယ်။

pai1.jpg

ဆရာ ဦးမောင်မောင်ရဲ့ လက်ရာ ပန်းချီကား။ ဓာတ်ပုံ − ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

''အဲဒီတုန်းက ပန်းချီရေးတတ်ချင်လွန်းလို့ မနက်ကနေ ညနေ ၄ နာရီအထိပန်းချီကျောင်းတက်တယ်။ ကျောင်းပြီးတာနဲ့ ရုပ်ရှင်ပိုစတာတွေဆွဲတဲ့အလုပ်ရုံဆီ တန်းပြေးတာပဲ။အလုပ်ရုံမှာပဲအောက်ခြေသိမ်းကအစ ဝိုင်းကူအလုပ်ရုံမှာပဲ စားပြီးအလုပ်ရုံမှာပဲ ပန်းချီရေးတဲ့ ပိတ်ကားတွေကြားအဆင်ပြေသလိုအိပ်ခဲ့ရတာ'' လို့ ဦးမောင်မောင်က ရုပ်ရှင်ပိုစတာပန်းချီဆရာဘဝအစ ဖြတ်သန်းခဲ့ရချိန် တွေကို ပြန်ပြောပြခဲ့ပါတယ်။ဖျာကြမ်းပေါ်မှာ ဂုန်နီစတွေကပ်ပြီး မြေဖြူ၊ မြေနီ၊ မြေဝါ မီးခိုးမှိုင်းကိုအနက်ရောင်အနေနဲ့အသုံးပြုကာ စုတ်တံအလုံးနဲ့ ပိုစတာ စရေးခဲ့ကြရပါတယ်။ ချုပ်ဆေးအနေနဲ့တော့ တမာစေးနဲ့ ကျွဲကော်လိုမျိုးကိုအသုံးပြုကြပါတယ်။ နောက်ပိုင်းမှာတော့ ဂုန်နီစအစား ပလတ်စတစ်ဖျင်စပေါ်မှာ ရောင်စုံဆီဆေးတွေနဲ့ ရေးလာကြပါတယ်။

စစ်ပြီးခေတ်မှာတော့ မာလကျင်ပိတ်စပေါ်မှာအင်္ဂလန်ကလာတဲ့ ဆေးတွေနဲ့ ရေးကြတဲ့အထိ တိုးတက်လာပါတယ်။ နောက်ပိုင်းခေတ်တွေမှာတော့ စုတ်တံအလုံးအစား စုတ်တံအပြားတွေကို ပြောင်းလဲအသုံးပြုလာကြပါတယ်။ ၁၉၇ဝ ပြည့်နှစ်တွေမှာတော့ ရေးစရာဆေးရှားပါးလာတဲ့အတွက် ဆေးဆိုး ပန်းရိုက်ဆေးနဲ့ ပုံနှိပ်မင်တွေသုံးပြီး ရရာဆေးနဲ့ ရေးကြရပါတယ်။အဲဒီခေတ်မှာ သင်္ဘောဆေး တွေကို ရေနံဆီနဲ့ဖျော် နေလှမ်းပြီး ခြောက်သွားမှအမှုန့်ပြန်ဖျော်ပြီး ပြန်သုံးကြရပါတယ်။ နောက်ပိုင်းမှာတော့ ဆေးဆိုးပန်းရိုက်ရာမှာ သုံးတဲ့ ဘိုင်နာ(Biner)ဆေးတွေကိုပဲ သုံးကြပြီး ဆေးအဖြူအတွက်ကိုတော့ ပလတ်စတစ်သုတ်ဆေး (Plastic Paint) တွေ သုံးလာကြပါတယ်။

ရုပ်ရှင်ပိုစတာတစ်ခု ဆွဲတဲ့အခါ ရုပ်ရှင်ထုတ်လုပ်ရေးက လာပေးတဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံတွေကြည့်ပြီး ပိုစတာအဖွဲ့ခေါင်းဆောင်က ပုံကြမ်းထုတ် ပါတယ်။အဖွဲ့သားတွေကတော့ ဘုတ်တွေကို ဘောင်ကျပ်တာ၊ ဘုတ်တွေပေါ်မှာ ပုံကြမ်းပြန်ကောက်တာ၊ နောက်ခံဆေးဖြည့်တာနဲ့ ပုံကြမ်းကိုအရောင်ဖြည့်ပြီး ပုံလုံးတဲ့သူကလုံးပြီးမှ တစ်ဆင့်ပြီးတစ်ဆင့်အချောရေးကြပါတယ်။ စာလုံးဒီဇိုင်းနဲ့ ပုံကိုအချောကိုင်တဲ့အဆင့်ကိုတော့ ခေါင်းဆောင်ပန်းချီဆရာက လုပ်ရပါတယ်။ ပိုစတာအလုပ်ရုံတစ်ရုံမှာအလုပ်သင် ဘောင်ကြက်အလုပ်သမားကစလို့အချောကိုင်တဲ့ ခေါင်းဆောင်ပန်းချီဆရာအထိအဖွဲ့တစ်ဖွဲ့ကို ၁ဝ ယောက်၊ ၁၅ ယောက်ခန့်အထိ ရှိပါတယ်။ ရုပ်ရှင်ပိုစတာတစ်ကားကိုလူ ၁၅ ယောက်ကအဆင့်ဆင့် ဝိုင်းရေးကြရပါတယ်။ ရုပ်ရှင်တစ်ကားပြီး တစ်ကား ပြောင်းသွားတဲ့အခါအဲဒီပိတ်ကားတွေကိုလျှော်ပြီး ပိတ်ကား စုတ်ပြဲမသွားမချင်းအဲဒီပိတ်ကားပေါ်မှာပဲ ထပ်ရေးကြရပါတယ်။

''ပထမနှစ်နှစ်မှာ ပန်းချီပညာကို ကျောင်းမှာရော ပိုစတာရုံမှာရောအောက်ခြေသိမ်းအကုန်လုပ်ပြီး ရရင်ရသလို ယူတယ်။ ဒါပေမဲ့အနုပညာ ဆိုတာ ဘယ်တော့မှ ဆုံးခန်းတိုင်တယ်ရယ်လို့ မရှိဘူး'' လို့လည်း ပန်းချီဦးမောင်မောင်က ပြောပါတယ်။နှစ်နှစ်ခန့်အတွင်းမှာတော့ ဆရာဦးမောင်မောင်ဟာအောက်ခြေကနေအဆင့်ဆင့် စလေ့လာသင်ကြားခဲ့ပြီး ပုံချောရေးနိုင်တဲ့ ပန်းချီဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပန်းချီမောင်မောင်ဖြစ်လာဖို့ ပိုစတာရုံမှာပဲ နေ့ရောညပါ စိတ်နှစ်ပြီး ကြိုးစားခဲ့သူ ဖြစ်ပါတယ်။

''ဆရာကအောက်လိုင်းကောက်ပြီးရင် ပုံရေးတယ်၊ ဆေးတင်တယ်၊အရောင်ဖြည့်တယ်။ ပန်းချီဆရာအငယ်လေးတွေကအဆင့်ဆင့် ရေးကြတယ်။အဲဒီခေတ်က ပိုစတာပန်းချီဆရာကြီးတွေလည်းအများကြီး။ ဆရာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ရေးနည်းရေးဟန်တွေ မတူကြဘူး။ ကိုယ်ကတော့ဆရာအစုံဆီကနေ ရသမျှပညာကို ယူရတာပဲ။ ဒါပေမဲ့ ပိုစတာပန်းချီဆရာ ဘဝမှာ ကိုယ့်ရဲ့ တကယ့်ဆရာအရင်းကတော့ ဆရာမောင်ကျော်ñွန့်ပဲ'' လို့ ဦးမောင်မောင်က ဆိုပါတယ်။ဆရာဦးမောင်မောင်ဟာ 'စံပြ'ရုပ်ရှင်အဖွဲ့မှာ ပိုစတာပန်းချီဆရာအနေနဲ့ လုပ်ကာ ရုပ်ရှင်ပိုစတာ ပန်းချီပေါင်းများစွာ ရေးဆွဲခဲ့ပါတယ်။ သူ့ဆရာအရင်းဖြစ်တဲ့ ပန်းချီမောင်ကျော်ညွန့်ဆီမှာ ပညာသင်ရင်း မောင်ကျော်ညွန့်လက်ခံထားတဲ့ ရုပ်ရှင်ပိုစတာပန်းချီကားတွေကို ဆရာဖြစ်သူနဲ့ တွဲပြီးတော့လည်း တောက်လျှောက် ရေးဆွဲခဲ့သူပါ။ ငါးနှစ်လောက်အကြာမှာတော့ ရုပ်ရှင်ပိုစတာပန်းချီနဲ့ပတ်သက်လို့ ပညာရည်ပြည့်ဝလာတဲ့အခါမှာ ဆရာမောင်ကျော်ညွန့်ရဲ့အကူအညီနဲ့ 'မောင်မောင်နဲ့အဖွဲ့' ဆိုတဲ့နာမည်နဲ့ ကိုယ်ပိုင်ရုပ်ရှင်ပိုစတာ လုပ်ငန်းကို စတည်ထောင်ခဲ့ပါတယ်။'မောင်မောင်နဲ့အဖွဲ့' ပထမဆုံး ရေးခဲ့တဲ့ ရုပ်ရှင်ပိုစတာဟာ 'မေတ္တာရှင် မလေးငြိမ်းငြိမ်းအိ' ရုပ်ရှင်ဖြစ်ပြီး ကလေးသရုပ်ဆောင် ငြိမ်းငြိမ်းအိဟာအကယ်ဒမီတစ်ဆု ရခဲ့တဲ့အထိ ရုပ်ရှင်ကအောင်မြင်ခဲ့ပါတယ်။'မောင်မောင်နဲ့အဖွဲ့'ဟာ ရုပ်ရှင်ပိုစတာ၊ ကြော်ငြာပိုစတာနဲ့ မဂ္ဂဇင်းတွေအတွက် သရုပ်ဖော်ပန်းချီပေါင်းများစွာ ရေးဆွဲဖန်တီးခဲ့ကြပါတယ်။အဲဒီခေတ်အခါကအင်္ဂလိပ်ရုပ်ရှင်အတွက် သီးသန့်ရေးတဲ့ ပန်းချီဆရာနဲ့မြန်မာရုပ်ရှင်ကိုပဲ သီးသန့်ရေးကြတဲ့ ပန်းချီဆရာရယ်လို့ ရှိပါတယ်။'မောင်မောင်တို့အဖွဲ့'ကတော့ မြန်မာရုပ်ရှင်ပိုစတာပန်းချီကိုပဲ သီးသန့်ရေးခဲ့ ကြပါတယ်။

''အဲဒီခေတ်အခါက ရုပ်ရှင်ပိုစတာပန်းချီခေတ်ဟာ တကယ့်ရွှေခေတ်ပဲ။ ရုပ်ရှင်ပိုစတာတွေ နေ့မနား ညမနား ရေးကြရတယ်။ ရေးရတာမှ နားချိန်တောင် မရှိဘူး။ ဒါပေမဲ့ တစ်ဖွဲ့လုံး ပင်ပန်းတယ်ရယ်လို့ မသိဘဲ ပျော်ပျော်ပါးပါး ရေးကြတာပဲ'' လို့ ပန်းချီဦးမောင်မောင်က ပြောပါတယ်။

''ဘယ်လောက် ရွှေခေတ်ဖြစ်ခဲ့သလဲဆိုအဲဒီခေတ်က ရွှေတစ်ကျပ်သားမှ ၃၅ဝ ကျပ်ပဲ ပေးရတယ်။ ရုပ်ရှင် ပိုစတာတစ်ကားရေးရင် ၃,၆ဝဝ ကျပ်ရတယ်။ပန်းချီရေးစရာ နေရာကျယ်ကျယ်လိုလို့ ဒီအိမ်မြေနေရာကို ဒီရုပ်ရှင်ပိုစတာက ရတဲ့ ပိုက်ဆံနဲ့ပဲ ဝယ်ခဲ့တာ'' လို့ ဦးမောင်မောင်က ပြောပါတယ်။ရုပ်ရှင်ပိုစတာပန်းချီဆရာတွေ ရွှေခေတ်ဖြစ်ခဲ့သလို ရုပ်ရှင်ပိုစတာ ပန်းချီအနုပညာဟာလည်း ကြည့်ရှုသူရဲ့ စိတ်ကိုအင်မတန်မှ ဘဝင်ကျ ကြည်နူးစေပါတယ်။အလျား ပေ ၆ဝ၊ ပေ ၁ဝဝ နဲ့ ပေ ၃ဝ လောက်အမြင့်ရှိတဲ့ ရုပ်ရှင် ပိုစတာကြီးတွေထက်က မင်းသားမင်းသမီးတွေရဲ့ မျက်နှာတွေဟာအရောင်ပြင်းပြင်း စုတ်ချက်ကြမ်းကြမ်းတွေနဲ့ ဆွဲထားတဲ့အတွက် ပန်းချီဆရာတွေရဲ့ impression (စိတ်၌ဖြစ်ပေါ်ခံစားမှုကိုအသေးစိတ်မခြယ်မှုန်းဘဲ ဆေးရောင်နှင့်အလင်းအမှောင်တို့ဖြင့် ဖန်တီးဖော်ပြသောပန်းချီရေးဟန်တစ်မျိုး) ဆန်ဆန် လှုပ်ခတ်နေအောင်ရေးတဲ့ ရေးချက်တွေကြောင့် ရုပ်ရှင်တစ်ကားလို လှုပ်ရှားအသက်ဝင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ပိုစတာတွေရဲ့ သက်တမ်းဟာ သိပ်ကိုတိုတောင်းလွန်းပြီး ရုပ်ရှင် တစ်ကား နယ်လှည့်ပြသနေချိန်လောက်သာ သက်တမ်းရှိပါတယ်။

ဒါကြောင့် ရုပ်ရှင်ပိုစတာပန်းချီကားတွေဟာ ကိုယ်တိုင်ရေးဆွဲကြတဲ့ ပန်းချီဆရာကြီးတွေဆီမှာရော ရုပ်ရှင်ကုမ္ပဏီတွေမှာတောင် မှတ်တမ်းမှတ်ရာအနေနဲ့ မကျန်ခဲ့တော့ဘဲ ရုပ်ရှင်ပိုစတာခေတ်က ရုပ်ရှင်ကြည့်ပရိသတ်ရဲ့ နှလုံးသားထဲမှာသာ ထင်ကျန်ရစ်တဲ့အနုပညာလက်ရာ တွေပါ။၁၉၂ဝ ကနေ တောက်လျှောက်အားကောင်းခဲ့တဲ့ ရုပ်ရှင်ပိုစတာပန်းချီဟာ ၁၉၇၉ ဝန်းကျင်လောက်မှာတော့ ပေ ၁ဝဝ၊ ပေ ၃ဝ ဘုတ်တွေအများကြီး ဆက်ရေးရတဲ့ ခေတ်မဟုတ်တော့ဘဲ ပေ ၂ဝ၊ ၉ ပေ တစ်ချပ်ဘုတ်တွေခေတ်ကို ပြောင်းသွားခဲ့ပါတယ်။ ၂ဝဝ၂ ခုနှစ်ဝန်းကျင် ကွန်ပျုတာဒီဇိုင်းနဲ့ ဗီနိုင်းတွေ ပေါ်လာပြီး နည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာတော့ လက်နဲ့ဖန်တီးရတဲ့အနုပညာတစ်ရပ်ဖြစ်တဲ့ ပိုစတာပန်းချီ ဟာ စုံးစုံးမြုပ်တဲ့အထိကို ပျောက်ကွယ်သွားခဲ့ရပါတယ်။

ရုပ်ရှင်ပိုစတာပန်းချီခေတ် ပျောက်ကွယ်သွားတဲ့နောက်မှာတော့ နာမည်ကျော် ရုပ်ရှင်ပိုစတာပန်းချီပညာရှင်ကြီးတွေရဲ့ ရပ်တည်မှုဟာ လည်း ပြောင်းလဲသွားခဲ့ပါတယ်။ မျက်နှာဖုံးပန်းချီဘက်ကို ပြောင်းတဲ့သူကပြောင်း၊ ပန်းချီကားပုံတူရေးတဲ့သူကရေးနဲ့ ကစဉ့်ကလျားဖြစ်ခဲ့ကြရ ပါတယ်။ပန်းချီဆရာကြီး ဦးမောင်မောင်ဟာလည်း နောက်ပိုင်းမှာ မျက်နှာဖုံးပန်းချီတွေ၊ သရုပ်ဖော်ပန်းချီတွေ ရေးသားခဲ့ပြီး နောက်ပိုင်းအိန္ဒိယအထိထွက်ကာ နံရံပန်းချီရေးတဲ့အလုပ်ကို နှစ်နှစ်တာ သွားရောက်လုပ်ကိုင်ခဲ့ပါ တယ်။ မြန်မာပြည်ပြန်လာပြီး ပုံတူတွေ၊ ပန်းချီကားတွေ ရေးသားကာသူဝါသနာပါတဲ့ ပန်းချီပညာကိုတော့ မစွန့်လွှတ်နိုင်ဘဲ ဆက်လက် ရပ်တည်နေပါတယ်။အခုလက်ရှိမှာတော့ New Treasure ပြခန်းရဲ့နာယက ပန်းချီဆရာကြီးအဖြစ်နဲ့ပဲ စီးပွားဖြစ်မဟုတ်ဘဲ သူချစ်တဲ့အနုပညာအတွက် သီးသန့်သာ ပန်းချီကားတွေကို ဖန်တီးရေးဆွဲနေပါ တော့တယ်။

နှစ် ၈ဝ ကျော် လှုပ်ရှားသက်ဝင်ခဲ့တဲ့ ရုပ်ရှင်ပိုစတာပန်းချီအနုပညာ ဟာ ပျောက်ဆုံးသွားပေမဲ့ ရုပ်ရှင်ပိုစတာပန်းချီတွေဖန်တီးတဲ့ ပန်းချီဆရာတွေရဲ့အနုပညာကိုချစ်တဲ့ နှလုံးသားကတော့ ပျောက်ဆုံးမသွားခဲ့ပါဘူး။ရုပ်ရှင်ပိုစတာပန်းချီဆရာကြီး ဦးမောင်မောင်ကတော့ ''ပန်းချီရေးတာကတော့ မရေးဘဲမနေနိုင်ဘူးဆိုတော့ သေတဲ့အထိ ပန်းချီကတော့ ရေးနေဦးမှာပဲ'' ဆိုကာ သူရေးလက်စ ပန်းချီကားရှေ့မှာပဲ ထိုင်ရင်းသူ့ပန်းချီဆရာဘဝ ရွှေရောင်ကာလတွေအကြောင်း ပြောပြသွားခဲ့ပါ တယ်။ သူ့ဖန်တီးမှုတွေအကြောင်း ပြောနေတဲ့အချိန်မှာ မျက်လုံးတွေက လည်းအရောင်တောက်ဆဲ သူ့စကားတွေကလည်း သူတို့ရဲ့ ရုပ်ရှင်ပိုစတာ ခေတ်ကို လွမ်းမောနေဆဲပါပဲ။




Some text some message..