တင်စိန် (ပထဝီဝင်) ရဲ့အောင်စိတ်၊အောင်နည်းနှင့်အောင်သူ
ခေတ်အဆက်ဆက် ရိုးမသွားဘဲ ဈေးကွက်ရဲ့ ထိပ်ဆုံးမှာအမြဲလို ရှိနေတတ်တဲ့ စာပေလို့ဆိုရင် တက်ကျမ်းစာပေလို့ ပြောရမှာပါပဲ။ စာပေပုံစံတွေ ပြောင်းလာသလို တက်ကျမ်းစာပေရဲ့ ရေးသားတင်ဆက်ဟန် ပြောင်းလဲလာပေမဲ့ စာအုပ်ဆိုင်တန်းပေါ် တည်ရှိနေမှုကတော့ ထိပ်ဆုံးနေရာကနေ ပြောင်းလဲမသွားခဲ့ပါဘူး။
တချို့တက်ကျမ်းစာပေတွေကတော့ ပညာရှင်ဆန်ဆန်ညွှန်းဆိုတင်ပြမှုနဲ့ ဖော်ပြကြသလို တချို့တက်ကျမ်းတွေကတော့ နှလုံးသားစိတ်ခွန်အားဖြည့်ပုံစံ တင်ဆက်ဖော်ပြကြပါတယ်။
ဆရာ တင်စိန် (ပထဝီဝင်)ရဲ့အောင်စိတ်၊အောင်နည်းနှင့်အောင်သူ စာအုပ်က ပညာရှင်ဆန်တဲ့ ညွှန်းဆိုမှုနဲ့ နှလုံးသားစိတ်ခွန်အားဖြည့်ညွှန်းဆိုမှု နှစ်မျိုးစလုံး ပါဝင်တဲ့ တက်ကျမ်းစာအုပ်ဖြစ်ပါတယ်။
ယခုစာအုပ်ကို စိတ်ကူးချိုချိုစာပေက မေလအတွင်းက ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိပါတယ်။ ကမ္ဘာကျော် ရီးဒါးဒိုင်ဂျက်စ် စာအုပ်ထဲကအောင်မြင်ရေး
စာစုတွေကိုအချိန်ယူစုဆောင်းပြီး ဘာသာပြန်ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။
ဆရာတင်စိန်(ပထဝီဝင်)ရဲ့ စာအုပ်မှာအချိန်၏ ရန်သူမျိုးခုနစ်ပါး၊ နည်းနည်းလုပ်များများပြီးအလုပ်လွယ်စေနည်း၊ ပွဲတွေ့အောင်မြင်ရေးလျှို့ဝှက်ချက်များ၊အောင်မြင်သူဖြစ်ရေး နည်းလမ်းသုံးသွယ်ရွေး၊ စင်းလုံးချောကောင်းဖို့ထက်အောင်မြင်ရေးကို ဦးတည်ပါ။
သောကကိုသိမ်းအလုပ်ဖြင့်ထိန်း၊ ပိုကောင်းအောင်စဉ်းစားတတ်ဖို့၊အောင်မြင်သူဖြစ်ရေးအကောင်းဘက်တွေး၊ စိတ်ဆင်ရိုင်းကိုနိုင်အောင် ထိန်းနည်း၊ မိတ်ဆွေကောင်းနှင့် ကြာရှည်ပေါင်းဖို့၊ ကောင်းမှုကိုပျိုးကောင်းအောင်ကြိုး စသဖြင့်အချိန်၊အလုပ်၊ ဥဏ်၊ စိတ်၊ သတ္တိ၊ မိတ်ဆွေနဲ့အောင်မြင်ရေး လျှို့ဝှက်ချက်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
မူရင်း ရီးဒါးဒိုင်ဂျက်စ်ထဲကအရေးအသားတွေကို သွက်လက်ညက်ညောတဲ့ စကားပြေအရေးအသားနဲ့ ပျင်းရိဖွယ်မဖြစ်အောင် ဘာသာပြန်ဆိုထားတာမို့ ပညာရှင်ဆန်တဲ့ ညွှန်းဆိုမှုမှာဖြစ်ဖြစ်၊ နှလုံးသားစိတ်ခွန်အားဖြည့် ညွှန်းဆိုမှုမှာဖြစ်ဖြစ် နှစ်လိုဖွယ် ဖတ်ရှုရတဲ့ စာအုပ်ဖြစ်ပါတယ်။ တန်ဖိုး ကျပ် ၂çဝဝဝ ဖြစ်ပါတယ်။