အထူးလျှော့ဈေးနှုန်းများနဲ့ ဝယ်ယူနိုင်မယ့် စာအုပ်ဈေးရောင်းပွဲတော်
yoyarlay.com
|
2019-08-02



စာပေလောကမှ စာအုပ်ထုတ်ဝေရေးတိုက်ကြီးတစ်ခုဖြစ်တဲ့ စိတ်ကူးချိုချိုရဲ့ နှစ် (၂၀) ပြည့်အမှတ်တရစာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ ကြားတောရလမ်း၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊အဏ္ဏဝါဓမ္မာရုံမှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။

စာအုပ်တွေကို (၂၀) ရာခိုင်နှုန်းကနေ (၅၀) ရာခိုင်နှုန်းအထိလျှော့ချထားတဲ့အတွက် ဝယ်ယူတဲ့အခါမှာ ဈေးနှုန်းသက်သက်သာသာနဲ့ တိုက်ရိုက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်အုပ်ကို ၁၀၀၀ ကျပ်၊ နှစ်အုပ်ကို ၁၀၀၀ ကျပ်၊ သုံးအုပ်ကို ၁၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မယ့် စာအုပ်တွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

”အခုလို ဈေးရောင်းပွဲတော်လုပ်လိုက်တဲ့အခါကျတော့ ထုတ်သမျှစာအုပ်ပြည့်ပြည့်စုံစုံကို ခင်းကျင်းပြသ နိုင်ခွင့်ရတယ်။ စာပေသမားတွေအနေနဲ့လည်းအရင်တုန်းက မတွေ့လိုက်ရလို့ မဝယ်လိုက်၊ မဖတ်လိုက်ရတဲ့ စာအုပ်တွေကို တွေ့နိုင်၊ ဝယ်နိုင်မယ်”လို့ စိတ်ကူးချိုချိုစာအုပ်တိုက် တည်ထောင်သူ ဦးစန်းဦးက ပြောပါတယ်။

အခုလိုအဏ္ဏဝါဓမ္မာရုံမှာ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေတယ်ဆိုပေမယ့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တွေမှာရှိတဲ့ စိတ်ကူးချိုချို စာအုပ်ဆိုင်တွေအားလုံးမှာလည်း(လမ်း ၄၀ ဆိုင်ခွဲမှလွဲ၍) သတ်မှတ်ထားတဲ့အထူး လျှော့ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ဈေးရောင်းပွဲတော်မှာအရင်တုန်းက ထုတ်ပြီးသားစာအုပ်တွေအပြင် နှစ် (၂၀) ပြည့်အမှတ်တရအနေနဲ့ ထုတ်ထားတဲ့အထူးထုတ်စာအုပ် (၄၀)၊အလွမ်းပြေဝတ္ထုစာအုပ် (၂၀)၊အထူးထုတ်စာအုပ်ငယ် (၂၀)၊ ဝတ္ထုတို ပေါင်းချုပ်စာအုပ် (၂၀)၊ ၁၉၆၀ တစ်ဝိုက် ဝတ္ထုတိုရွေးသီမှုစာအုပ် (၂၀)၊ ကဗျာနဲ့ ကဗျာဆိုင်ရာစာအုပ် (၂၀)၊ ကဗျာအစီအစဉ် စာအုပ် (၂၀)၊ ဘာသာပြန်လက်ရာစာအုပ် (၂၀) စတဲ့စာအုပ်တွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

”နှစ် (၂၀) ပြည့်မှာ ရသစာပေဖွံ့ဖြိုးရေးဘက်ကို ခေါင်းတည်လိုက်ပါတယ်။အဲဒီလို ခေါင်းတည်လိုက်တဲ့အတွက် ရသစာပေနဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီးထုတ်ဖြစ်ပါတယ်။ ပွဲအတွက် ရည်ရွယ်ပြီးထုတ်တာရော၊ ရောင်းချတဲ့ရက်မှာ ထွက်လာတာရော စုစုပေါင်း (၁၈၀) ဝန်းကျင်လောက်ရှိပါတယ်”လို့ ဦးစန်းဦးက ပြောပါတယ်။

စိတ်ကူးချိုချိုရဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို (၇) နှစ်ပြည့်ကနေစတင်ပြီး တစ်နှစ်တစ်ခါ ကျင်းပခဲ့တာ ဖြစ်ပါတယ်။အခုကျင်းပတဲ့ နှစ် (၂၀) ပြည့် ဈေးရောင်းပွဲတော်ကိုတော့ သြဂုတ် (၁) ရက်ကနေ (၁၃) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေ့စဉ် မနက် (၉) နာရီကနေ ညနေ (၅) နာရီခွဲအထိ ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ကူးချိုချိုစာအုပ်ဆိုင်ခွဲရှိတဲ့ နေရာတွေကတော့ ရန်ကုန်မှာဆိုရင် လှည်းတန်း (၁) လမ်းနဲ့ Yangon Book Plaza တို့မှာဖြစ်ပြီး မန္တလေးမှာဆိုရင် (၃၂) လမ်း – (၇၄) လမ်းနဲ့ (၇၅) လမ်းကြား၊ (၂၆) ဘီလမ်း – (၈၈) လမ်းနဲ့ (၈၉) လမ်းကြားတို့မှာ ဖြစ်ပါတယ်။

KST (ရိုးရာလေး)




Some text some message..