သက်ရှိများဖြစ်တည်ရှင်သန်နေနိုင်သော ထူးထူးခြားခြားနေရာ (၁၀) ခု
yoyarlay.com
|
2019-08-03



ကမ္ဘာဟာအခုကျွန်တော်တို့သိသလောက် စကြဝဠာအတွင်းမှာ သက်ရှိဖြစ်ထွန်းတဲ့တစ်ခုတည်းသော ဂြိုဟ်တစ်လုံးပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်ကနေရာတိုင်းလိုလိုမှာ သက်ရှိများဖြစ်ထွန်းနေပြီးအချို့သောသက်ရှိများဟာ လုံးဝမရှင်သန်နိုင်ဘူးလို့ထင်ရတဲ့နေရာများမှာပါ ကောင်းမွန်စွာ ရှင်သန်နေထိုင်နေကြတာကိုတွေ့ရပါတယ်။ ဒီထဲကမှအောက်ပါပတ်ဝန်းကျင် (၁၀) မျိုးဟာ သက်ရှိများဖြစ်တည်ဖို့အတွက် ထူးခြားတဲ့နေရာများဖြစ်ပါတယ်။

၁။ ကတ္တရာစေး



အလွန်ကိုပူပြင်းတဲ့ကတ္တရာစေးများထဲမှာ သေးငယ်တဲ့မိုက်ခရုတ်သက်ရှိများ ဖြစ်ထွန်းနေတတ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး သဘာဝအတိုင်းဖြစ်ပေါ်တဲ့ကာရေဘီယံကျွန်းပေါ်က နိုင်လွန်ကတ္တရာကန်တစ်ခုမှာဆိုရင် ကတ္တရာစေး (၁) ဂရမ်တိုင်းမှာ မိုက်ခရုတ်သက်ရှိပေါင်း (၁၀) သန်းခန့်ပါဝင်နေတာကိုတွေ့ရပါတယ်။

၂။ ရေဒီယိုသတ္တိကြွစွန့်ထုတ်မှုများ



ရေဒီယိုသတ္တိကြွပစ္စည်းရဲ့ 10 grays ခန့်ဟာ လူသားများကိုသေစေနိုင်ပေမယ့်လည်း ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Deinococcus များဟာ 5000 grays ခန့်ရှိတဲ့အထိ ဘာပြဿနာမှမရှိဘဲ ခံနိုင်ရည်ရှိတာကို တွေ့ရပါတယ်။ ပြီးတော့ 15000 grays ခန့်အထိ ခံနိုင်ရည်ရှိတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့်အဆိုပါ ဘက်တီးရီးယားများကို ကမ္ဘာ့ခံနိုင်ရည်အရှိဆုံးဘက်တီးရီးယားဆိုပြီး ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာ မှတ်တမ်းတင်ထားပါတယ်။

၃။ ဆူပွက်နေသောရေများ



သမုဒ္ဒရာကြမ်းပြင်များအောက်က hydrothermalအပေါက်များကထွက်ရှိတဲ့အပူနဲ့ ဖိအားများဟာ ကျွန်တော်တို့ကို ချက်ချင်းသေစေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာအချို့သောသက်ရှိမျိုးစိတ်များအတွက်လည်း နေအိမ်ဖြစ်နေပြန်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်အောက်က hydrothermalအပေါက်များအတွင်းမှာ မျက်စိမပါတဲ့ပုဇွန်တစ်မျိုးနဲ့အခြားသက်ရှိမျိုးစိတ်အချို့နေထိုင်နေကြပါတယ်။

၄။အလွန်အမင်းသန့်ရှင်းသောနေရာများ



နာဆာဟာအာကာသအတွင်းကိုလွှတ်တင်မယ့်ဆင်းသက်ယာဉ်များအပေါ်မှာ မလိုလားအပ်တဲ့ ကမ္ဘာ့ပြင်ပကအရာပစ္စည်းများ မတော်တဆပါလာပြီး contamination ဖြစ်မှာစိုးတဲ့အတွက်အမြဲဂရုတစိုက် sterilize လုပ်လေ့ရှိပါတယ်။ နာဆာကသိပ္ပံပညာရှင်များဟာအဆိုပါဆင်းသက်ယာဉ်များကို plasma နဲ့ radiation များအသုံံးပြုပြီးသန့်ရှင်းလေ့ရှိပါတယ်။ ဒီလိုလုပ်ပေမဲ့လည်းအချို့သောမိုက်ခရုတ်သက်ရှိများ ရှင်သန်နေထိုင်နေတတ်ကြပါသေးတယ်။ ဒီလိုနဲ့ သူတို့ဟာအာကာသအတွင်းကိုအခမဲ့ ခရီးလိုက်ပါလေ့ရှိကြပါတယ်။

၅။ ပင်လယ်သေများ



ပင်လယ်သေများဆိုတာကတော့ နာမည်အတိုင်းပဲ သူ့အတွင်းမှာ ဆားပါဝင်မှုပမာဏများပြားလွန်းတာကြောင့် သက်ရှိများရှင်သန်နေထိုင်ဖို့အတွက်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဆားဓာတ်ကိုအလွန်အမင်းကြိုက်နှစ်သက်တဲ့ halophile မိုက်ခရုတ်များ ပျော်စံရာအရပ်ဖြစ်နေပြန်ပါတယ်။

၆။အလွန်ခြောက်သွေ့သောတောင်ကြားများ



အန္တာတိကတိုက်မှာရှိတဲ့အချို့သောတောင်ကြားများဟာအလွန်အမင်းအေးခဲပြီးအစိုဓာတ်ခြောက် လွန်းတာကြောင့် ကမ္ဘာပေါ်ကမားစ်ဒေသ လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒါပေမဲ့အဆိုပါဒေသများမှာ မိုက်ခရုတ်သက်ရှိများ ဖြစ်တည်နေပါတယ်။ ဒါကြောင့် မားစ်ပေါ်မှာလည်းအလားတူသက်ရှိများရှိနေနိုင်တယ်လို့ သိပ္ပံပညာရှင်များက မျှော်လင့်နေကြပါတယ်။

၇။ ရေခဲများအတွင်း



အချို့သောသက်ရှိများဟာအေးခဲနေတဲ့ရေခဲများအတွင်းမှာ ကောင်းမွန်စွာနေထိုင်နေကြပါတယ်။အန္တာတိကတိုက်အတွင်းကရေခဲများအတွင်းမှာ နှစ်ပေါင်းသန်းချီပြီးအေးခဲနေတဲ့မိုက်ခရုတ်များကို သိပ္ပံပညာရှင်များက ပြန်လည်ရှင်သန်အောင်လုပ်နိုင်ခဲ့ပါတယ်။ Captain America ဒုတိယကမ္ဘာစစ်ကနေအခုထိ ရေခဲထဲမှာအသက်ရှင်သွားတာ မဆန်းတော့သလိုပါပဲ။

၈။ ရေအောက်မှ လေကင်းမဲ့သောရွှံ့နှစ်များ



မိုက်ခရုတ်များဟာအောက်စီဂျင်ကင်းမဲ့ပြီးအလွန်အမင်းဆားဓာတ်ရှိတဲ့နေရာမှာ ရှင်သန်နေထိုင်တာ မဆန်းတော့ဘူးထင်ပါတယ်။ ဒါပေမဲ့အရှေ့အလယ်ပိုင်းပင်လယ်အတွင်းမှာရှိပြီးအန္တရာယ်ဖြစ်စေတဲ့ ဓာတုဓာတ်များအလွန်အမင်းပြည့်နှက်နေတဲ့ sulfides များအတွင်းမှာတော့ မိုက်ခရုတ်များ နေထိုင်နေကြပါတယ်။

၉။အလွန်အမင်းနက်သောနေရာများ



ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ဘယ်လောက်ပဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ဖြစ်နေပါစေ နေ သို့မဟုတ်အခြားနေရာများကရရှိတဲ့ nutrients များကြောင့် သက်ရှိများနေနေတာမဆန်းပါဘူး။ ဒါပေမဲ့ ဒီအရာတွေ လုံးဝမရှိတဲ့ ကမ္ဘာ့မျက်နှာပြင်အောက် မိုင်ပေါင်းအနည်းငယ်နေရာမှာပါ သက်ရှိများဖြစ်ပေါ်နေပါတယ်။ တောင်အာဖရိကမှာရှိတဲ့ ရွှေနဲ့ပလတ်တီနမ်သတ္ထုတွင်းများမှာ တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ပြီးတော့ မိုက်ခရုတ်များဟာ သမုဒ္ဒရာကြမ်းပြင်အောက်ဘက် တစ်မိုင်ခန့်နက်တဲ့ချောက်ကြီးများအတွင်းမှာလည်း ယူရေနီယံများရဲ့အကူအညီနဲ့ နေထိုင်နေပါသေးတယ်။

၁၀။အာကာသဟင်းလင်းပြင်များ



ကမ္ဘာ့ပတ်ပတ်လည်ကအာကာသဟင်းလင်းပြန်အတွင်းမှာ လေမရှိ၊ နေရောင်ခြည်ကလွဲလို့ ဘာအဟာရမှမရှိပေမဲ့ ခြေ (၈) ချောင်းနဲ့ မိုက်ခရုတ်များ နေထိုင်နေကြပါတယ်။ သူတို့ကို water bears များလို့လည်း သိပ္ပံပညာရှင်များကခေါ်ကြပါသေးတယ်။အဲဒီ water bears များကို သိပ္ပံအားဖြင့် tardigrades များလို့လည်းခေါ်ပြီး သူတို့ဟာ (၉၀) ဒီဂရီစင်တီဂရိတ်နဲ့အနုတ် (၁၉၆) ဒီဂရီစင်တီဂရိတ်အတွင်းမှာ ကောင်းမွန်စွာနေထိုင်နေကြပါတယ်။


ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက်

Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။


Ref: Curiosity
Team (ရိုးရာလေး)




Some text some message..