လစဉ်ပြုလုပ်သင့်သည့် ဓါတ်ကြီးလေးပါးဆွမ်း လှူရခြင်းအကျိုးနှင့် လှူဒါန်းပုံ
lotaya.mpt.com.mm
|
2018-11-20




လစဉ်ပြုလုပ်သင့်သည့် ဓါတ်ကြီးလေးပါးဆွမ်း လှူရခြင်းအကျိုးနှင့် လှူဒါန်းပုံ

လောကမှာ မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓါတ်ကြီး ၄ ပါး ညီညွတ်မျှတနေမှ ကမ္ဘာတည်တာဖြစ်ပါတယ်။ ဒီလိုပဲ လူနဲ့ သတ္တဝါတွေမှာလည်း ဓါတ်ကြီး ၄ ပါး ညီညွတ်မျှတနေမှ သက်ရှည်ကျန်းမာတယ်လို့အဆိုရှိထားပါသေးတယ်။ နေ့စဉ် လောဘ၊ ဒေါသ၊အတ္တတွေနဲ့ လှုပ်ရှားသွားလာ ရုန်းကန်နေကြရတဲ့ လူသားတွေအနေနဲ့ မိမိအတ္တကို ဖယ်ခွာပြီး ဓါတ်ကြီးလေးပါးအလှူကိုအနည်းဆုံး တစ်လတစ်ကြိမ် လှူဒါန်းပူဇော်မယ်ဆိုရင် လောကီ၊ လောကုတ္တရာအကျိုးမှာအထောက်အပံ့ဖြစ်စေနိုင်မှာပါ။ ဒါကြောင့်အကျိုးများလှတဲ့ ဓါတ်ကြီးလေးပါး ဆွမ်းကပ်လှူပူဇော်နည်းနဲ့ ကန်တော့ချိန်မှာ ရွတ်ဆိုပွားများရမယ့် ဂါထာတော်တွေကို ဓမ္မအလှူအဖြစ် ဖော်ပြပေးလိုက်ပါတယ်။


ဓာတ်ကြီးလေးပါး ဆွမ်းကပ်လှူ ပူဇော်ရခြင်းအကျိုး

ဓာတ်ကြီးလေးပါးအလှူကိုယုံကြည်စွာအနည်းဆုံး တစ်လ တစ်ကြိမ် လှူဒါန်းပူဇော်ပါက လောကီအကျိုးတွင် လက်တွေ့အံ့သြဖွယ်ခံစားရမှာဖြစ်ပြီး ဘဝမှာလတ်တလော တွေ့ကြုံရင်ဆိုင်နေရတဲ့အကျဉ်းအကြပ်တွေကနေလည်း လွတ်မြောက်စေနိုင်မှာဖြစ်ပါတယ်။ ဘဝသေနေသူများ ပြန်လည် ရှင်သန်နိုင်မှာဖြစ်ပြီး စီးပွားဥစ္စာများလည်း ပြန်လည်တိုးတက်လာနိုင်မှာပါ။ ရောဂါဝေဒနာ ခံစားနေရသူများ ပျောက်ကင်းကျန်းမာစေနိုင်ပြီး ကိုယ်ဆင်းရဲ ၊ စိတ်ဆင်းရဲ ခံစားနေရသူများအနေနဲ့လည်း စိတ်ချမ်းသာမှုတွေ ကြုံတွေ့လာမှာဖြစ်ပါတယ်။


ဓာတ်ကြီးလေးပါး ဆွမ်းကပ်လှူရန်အချိန်

မိမိမွေးနေ့ သို့မဟုတ် လပြည့်နေ့များမှာ မိမိအိမ် နှင့် ဘုရားစေတီတော်၏ သင့်တော်ရာတွင်လည်းကောင်း၊ မုခ်လေးဝစလုံးတွင်လည်းကောင်း ကပ်လှူနိုင်မှာဖြစ်ပါတယ်။အဆင်ပြေအချိန်ရလို့ တန်ခိုးကြီးရုပ်ပွားစေတီတော်များသို့သွားရောက် လှူဒါန်းပေးနိုင်မယ်ဆိုရင် ပိုပြီးအစွမ်းထက်မြက်စေနိုင်တယ်လို့ မှတ်သားရပါတယ်။


လှူဒါန်းရန်ပစ္စည်းများ

အရုဏ်မတက်မီ ဆွမ်းတော်ပွဲ ၂၀ တွင် ဆွမ်းနှင့်အတူ သစ်သီး (၉) မျိုး တစ်စိတ်စီ

သို့မဟုတ် ယို(၉) မျိုးနှင့် ဆွမ်းတော်ပွဲပြင်ထားပါ၊ သောက်တော်ရေ (၁၂) ခွက် ၊ ဖန်ခွက်သို့မဟုတ် ပန်းအိုးဖြင့် ယပ် (၆) ခု (ပန်းလှူလိုပါက ထည့်လှူနိုင်ပါတယ်) ၊အလင်းမီးတိုင် (၄)တိုင်အစုံအလင် ပြင်ဆင်ထားပါ။အိမ်ရှိဘုရားမှာ ကပ်လှူတယ်ဆိုရင်တော့အိမ်ကို ပုဂ္ဂိုလ်ကောင်း ပုဂ္ဂိုလ်မြတ်တွေ နတ်ကောင်းနတ်မြတ်တွေ ကြွလာမှာဖြစ်လို့ တံခါးဖွင့်ပေးထားနိုင်ရင်အကောင်းဆုံးပါပဲ။ ဒါ့အပြင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ ထိုင်ပြီး သီတင်းသုံးနိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထမင်းစားပွဲဝိုင်းဖြင့်လှူဒါန်းခြင်း၊ လှူထားတဲ့ စားပွဲဝိုင်းဘေးမှာအနေကထိုင်ခင်းများ ခင်းပေးထားခြင်းလည်း ကုသိုလ်ပြုနိုင်ပါသေးတယ်။




( ပုံ ၁ )


လှူဒါန်းစဉ်တွင် ရွတ်ဖတ်ပူဇော်ပုံအဆင့်ဆင့်

အလှူပြုလုပ်မယ့်ရက်မတိုင်ခင် ညမှာ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့နှင့်

(၃၁)ဘုံသားတို့အား ကြိုတင်ပင့်ဖိတ်ရပါမယ်။ ပင့်ဖိတ်တိုင်တည်ရမယ့်အကြောင်းအရာကတော့ " ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ ကံတော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်

ပြည့်စုံတော်မူကြကုန်သော သံ၊ ဂုံ၊ ပ၊ မ (ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ) ဗုဒ္ဓ လေးဆူအောင်တော်မူ မြတ်စွာဘုရား တပည့်တော်/မတို့သည် မနက်ဖြန်မနက်အရုဏ်တက်သောအခါတွင် ရှင်တော်မြတ်ဘုရား နှင့်တကွ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊ ရှင်ပိဏ္ဍောလ၊ ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊ ရှင်ဥပဂုတ္တ လေးပါး (ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊ ရှင်မေဒရ)အစရှိသော လက်ဝဲရံ လက်ယျာရံအဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား ဓာတ်ကြီးလေးပါးဆွမ်းအလှူဒါနအဝဝ တို့ကို ကပ်လှူ ပူဇော်လိုပါသောကြောင့် တပည့်တော်တို့အား ချီးမြှောက်ထောက်ပံ့သောအားဖြင့် တပည့်တော်တို့၏အိမ်ဂေဟာသို့ ဓာတ်ကြီးလေးပါးဆွမ်းအလှူခံတော်မူရန်နှင့် ဆွမ်းဘုန်းပေး

သုံးဆောင်တော်မူပါရန် တပည့်သံဃာတော်မြတ်များနှင့်တကွ ကြွတော်မူပါမည့်အကြောင်း ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပင့်လျှောက်ပါ၏အရှင်မြတ်ကြီးဘုရား။ သံသရာ ဘဝအဆက်ဆက်က တော်စပ်ခဲ့ဖူးသော

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘဖိုးဖွား ဆရာသမားများအားအစထား၍ ဣဒ္ဓိရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်

ဘုန်းရှင်ကံရှင်များဖြစ်ကြသောအရိယာဝိဇ္ဇာတို့မှအစပြုသောအင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာနှင့် ဂန္ဓာရီဝိဇ္ဇာများ ၊ သိကြားဗြဟ္မာ၊ ပဇာပတိ၊ မာတလိ၊ ဝိသကြုံ၊ မဟာဓတရဠ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊အာကာသစိုး၊ ဘုမ္မစိုး၊ (တနင်္ဂနွေ တနင်္လာအင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု ကိတ်)

ဂြိုလ်မင်းအပေါင်းတို့နှင့် တန်ခိုးထင်ရှား နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနှင့်(၃၇)မင်း၊အတွင်းနတ်၊အပြင်နတ် မလစ်မလပ် တိုင်းခေတ် စကြာဝဠာအသင်္ချေ၊အသချာၤ ရေသော်များလှအနန္တ၌ နေကြ ထင်ရှား

နတ်ဝိဇ္ဇာများတို့......အရိယာ ဂိုဏ်းဝင် ထေရ်အရှင်တို့..... သာသနာပြု ပုဂ္ဂိုလ်ကျော် ရာတော်အပေါင်းတို့......

သာသနာ့ဂိုဏ်းဝင် သိုက်နန်းရှင်အပေါင်းတို့..... ရေလမိုင်း ကုန်းလမိုင်း ကောင်းကင်လမိုင်းတို့......

လက်ဝဲကိုးသိန်း လက်ယာကိုးသိန်းအတိုင်းမသိအကြွင်းအကျန်မရှိ ကျွန်ုပ်တို့က ဖိတ်ကြားအပ်ပါသည်”

“ မနက်ဖြန်မနက်အရုဏ်တက်သောအခါ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဗုဒ္ဓ လေးဆူအောင်တော်မူ မြတ်စွာဘုရားတို့နှင့် တကွ တပည့် သံဃာတော်မြတ်များအား ဓာတ်ကြီးလေးပါး

အလှူဒါနကိုကပ်လှူ ပူဇော်ပါမည်။ ၎င်းအလှူပွဲကိုအကျွန်ုပ်တို့နှင့်အတူ ယဉ်တွဲ၍

ပါရမီဖြည့်ဆည်းလှူဒါန်းကြရအောင်အားခဲ၍လာကြပါကုန်လော့။ ရတနာသုံးပါးအားထားကြည်ညိုရန်

လာလှည့်ကြပါကုန်လော့။ သရဏဂုံသီလ ခံယူဆောက်တည်ရန် လာကြပါကုန်လော့။

ပရိတ် မေတ္တာဘာဝနာ ရိုသေစွာနာကြားရန် လာကြပါကုန်လော့။ သာသနာ့အောင်ဘိသိက်ပွဲ ဆင်နွှဲလှည့်ကြပါကုန်လော့။ သာသနာ့အောင်စခန်း နိဗ္ဗာန်လမ်း ဖွင့်လှစ်ကြပါကုန်လော့။အမျိုးဘာသာသာသနာ ဘယာဝေး၍အေးစေကြောင်း ဆုတောင်းမေတ္တာပို့သရန် လာကြပါကုန်လော့” ဟု တစ်ခေါက် (သို့) သုံးခေါက် ဖိတ်ကြားထားရမှာဖြစ်ပါတယ်။


အလှူဒါနအစီအစဉ်

မနက်လင်းချိန်မှာတော့အလှူဒါနအစီအစဉ် စတင်တော့မှာဖြစ်ပါတယ်။ မနက်အာရုံမတက်ခင်အိပ်ယာမှထ၍ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၍ သန့်ရှင်းသောအဝတ်များလဲပြီးနောက် လှူဖွယ်များ ပြင်ဆင်ရပါမယ်။ ဆွမ်း ရေချမ်းကလွဲပြီး လှူဖွယ်ပစ္စည်းတွေကို ညကတည်းက ကြိုတင် ခင်းထား ပြင်ဆင်ထားနိုင်ပါတယ်။ မနက်အရုဏ်မတက်ခင် ယမန်နေ့ညကအတိုင်း ထပ်မံပင့်ဖိတ်မှုအနည်းဆုံးတစ်ကြိမ်ပြုလုပ်ရပါမယ်။ ပြီးရင်တော့ ဆွမ်းပွဲတွေပြင်ဆင်ပြီး ဆီမီးစတင်ထွန်းညှိရမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ သြကာသ ဘုရားရှိခိုး ၊ သီလဆောက်တည်ရပါမယ်၊ သီလဆောက်တည်ရာမှာ မိမိနိုင်သလောက် ၅ပါးသီလ၊ ၈ပါးသီလ၊ ၉ ပါး၊ ၁၀ ပါး စသည်ဖြင့် နှစ်သက်ရာ ဆောက်တည်နိုင်ပါတယ်။ သီလဆောက်တည်ပြီးပြီဆိုရင်တော့ ဆွမ်း၊ ရေချမ်း၊ ယပ်တော်၊ ဆီမီး ကပ်လှူရမှာဖြစ်ပါတယ်။ ကပ်လှူရာတွင် ရွတ်ဆိုရမယ့် ပုံစံကတော့ “ ဘဂဝါ၊ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရိ၊ ကာမ၊ ပယတ္တ ဟု ဆိုအပ်သော ဘုန်းတော် ခြောက်စုံ သံ ဂုံ ပ မ ဗုဒ္ဓလေးဆူအောင်တော်မူအရှင်မြတ်ဘုရား။အရှင်ဘုရားတို့နှင့်တကွ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်မဟာကဿဖ၊ ရှင်ပိဏ္ဍောလ၊ ရှင်သိဝလိ၊ ရှင်ပိလိန္ဒဝစ္ဆ၊ ရှင်ဥပဂုတ္တ လေးပါး (ရှင်ဥပဂုတ္တ၊ ရှင်သာရစက္က၊ ရှင်သကောသက္ကာ၊ ရှင်မေဒရ)အစရှိသော လက်ဝဲရံ လက်ယျာရံအဂ္ဂသာဝကာ မဟာသာဝကာ တပည့်သံဃာတော်မြတ်တို့အား ဓာတ်ကြီးလေးပါးဆွမ်း ကပ်လှူပါသည် ဘုရား။ ဤနေ့သည်ကား တပည့်တော်တို့ မိသားစု၏ နေ့ထူး နေ့မြတ် ဖြစ်ပါသောကြောင့် တပည့်တော်တို့အား ကယ်မသောအားဖြင့်အလှူခံတော်မူပါအကပ်ခံတော်မူပါအရှင်ဘုရား။ ပထဝီ ။ ခက်မာ နှင့် နူးညံ့သော သဘောမျှသာဖြစ်သည့် ပထဝီဓာတ်ကို ရည်စူး၍ လှူအပ်သော ဆွမ်းတော်ကို ဘုန်းပေး သုံးဆောင်တော်မူပါ ဘုရား။ ဆွမ်းဘုန်းပေး သုံးဆောင်ရန်အချိန်တန်ပါပြီ ဘုရား။ တေဇော ။ ပူမှုအေးမှုအရှိန်သဘောမျှသာဖြစ်သော တေဇောဓာတ်ကို ရည်စူး၍ လှူအပ်သောအလင်းတိုင်များကိုအလှူခံတော်မူကြပါ ဘုရား။အာပေါ ။ ဖွဲ့စည်းမှု ယိုစည်းမှု သဘောမျှသာဖြစ်သောအာပေါဓာတ်ကို ရည်စူး၍ လှူအပ်သော သောက်တော်ရေများကို သုံးဆောင်တော်မူကြပါ ဘုရား။ ဝါယော ။ ထောက်ကန်မှု လှုပ်ရှားမှုအဟုန်သဘောမျှသာဖြစ်သော ဝါယောဓာတ်ကို ရည်စူး၍ လှူအပ်သော ယပ်များကိုအလှူခံတော်မူကြပါ ဘုရား” ဟူ၍လှူဒါန်းပြီးသည်နှင့် မနေ့ညမှာ ကြိုတင်ပင့်ဖိတ်ထားသော ဓာတ် နတ် ဝိဇ္ဇာများကိုလည်း မိမိတို့နှင့်အတူ ယှဉ်တွဲကာ လှူဒါန်းနိုင်ကြောင်း၊ ပြီးလျှင် ပရိတ် မေတ္တာ ဘာဝနာတရားများကို လာရောက်နာယူနိုင်ကြပါကြောင်း ထပ်မံ၍ ပင့်ဖိတ်ပေးရမှာဖြစ်ပါတယ်။ ရွတ်ဆိုရန်မှာ “ဘုရားတပည့်တော် ---- နေ့. ----- သားသမီးတို့က လှူဒါန်းသော မေတ္တာပေါင်းကူး ဓာတ်ကြီးလေးပါးအလှူကြီးကို ချီးကျူးဝမ်းသာ မေတ္တာဖြိုးမောက် ချီးမြှောက်၍ မစတော်မူပါရန်အချိန်တန်ပါပြီဘုရား။ ဘုန်းရှင်၊ ကံရှင်၊ ဉာဏ်ရှင်၊ သမ္ဘာရှင်၊ သိဒ္ဓိရှင်၊ ဣဒ္ဓိရှင်၊ မဟိဒ္ဓိရှင်များဖြစ်ကြသောအားလုံးသော ဓာတ်နတ်ဝိဇ္ဇာ ဆရာကြီးများ၊ တပည့်များနှင့်တကွ ဤသာသနာပြုရာဌာန၊အောင်မင်္ဂလာ၊အောင်စခန်း၊အောင်ဓာတ်နန်းသို့အောင်ပန်းဝေဖြာ၊အောင်လမ်းသာအောင်အောင်ဆရာစသားအောင်ဝိဇ္ဇာကြီးများသည်အောင်သိဒ္ဓိတန်ခိုးဖြင့်

ဖွင့်လှစ်ပေးကြပါကုန်လော့” ဟူ၍ဖြစ်ပါတယ်။


ပရိတ်ကြီး ၁၁သုတ် နဲ့ ဂါထာတော်တွေ စတင်ရွတ်ဖတ်ရန်အချိန်

အပေါ်ကအဆင့်တွေအားလုံးပြီးပြီဆိုရင်တော့ ပရိတ်ကြီး ၁၁သုတ်နဲ့ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ၊ ပစ္စယနိဒ္ဒေသအစရှိတဲ့ သုတ်တော်တွေကို ရွတ်ဖတ် ပူဇော်ရမှာဖြစ်ပါတယ်။


ရွတ်ဆိုပူဇော်ရမည့်ဂါထာတော်များ

နမောတေဂါထာ

နမောတေ ဗုဒ္ဓဝီရတ္ထု ၊ ဝိပ္ပမုတောသိ သဗ္ဗဓိ။

သမ္ဗာဓပ္ပဋိပန္နောသ္မိ ၊ တဿမေ သရဏံဘဝ။

ပစ္စေကဗုဒ္ဓါအရိယာ သာဝကတို့ထက် ထက်သန်ကြီးမြတ်သော လုံလဝိရီယရှိတော်မူသော မြတ်စွာဘုရား....

အရှင်ဘုရားအားရှိခိုးခြင်းသည် ဘဝတု ဖြစ်ပါစေသတည်း။အရှင်ဘုရားသည် ဘေးရန်အသွယ်သွယ်

အန္တရာယ်အပေါင်း မကောင်းဟူသမျှတို့မှ ချမ်းမြေ့ကြည်ဖြူကောင်းကောင်းကြီး လွတ်တော်မူပါပေ၏။

ဘုရားတပည့်တော်သည် ကိုယ်စိတ်နှစ်ဖြာ လွန်စွာကြပ်တည်း ကျဉ်းမြောင်းခြင်းသို့ရောက်သည် ဖြစ်ပါ၏။အရှင်ဘုရားသည်အကျွန်ုပ်၏ ဘေးရန်ကင်းကွာ ချမ်းသာပွားရာ ပုန်းအောင်းကိုးကွယ်ရာသည်

ဖြစ်ပါစေသတည်း။

အဌာနမေတံ ဘိက္ခဝေအနဝကာသော။

ယံ ပရူပက္ခမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။

ရဟန်းတို့ သူတစ်ပါး လုံလပယောဂကြောင့် ငါဘုရား ပရိနိဗ္ဗာန်စံရန်အကြောင်းသည်မရှိ။သူတပါးတို့၏ လုံလပယောဂမပါရှိဘဲသာလျှင်ငါဘုရားတို့သည် ပရိနိဗ္ဗာန် စံဝင်တော်မူကြရကုန်၏။

ဗုဒ္ဓါနံဇီဝိတဿ နသက္ကာ ကေနစိအန္တရာယော ကာတုံ

တထာ မေ ဟောတု။

ဘုရားရှင်တို့၏အသက်အန္တရာယ်ကို မည်သူ တစ်ဦးတစ်ယောက်မျှ ပြုခြင်းငှာ မစွမ်းနိုင် ၊အသက်အန္တရာယ် ကင်းတော်မူသော ထိုဘုရားသခင်ကိုအကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင်အကျွန်ုပ်အားအသက်အန္တရာယ် ကင်းပါစေသား။အသက် ရှည်စွာတည်ပါစေသား။

ဗုဒ္ဓါနံ သဗ္ဗညုတ ဉာဏဿ နသက္ကာ ၊

ကေနစိအန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။

ဘုရားသခင်တို့၏ သဗ္ဗညုတ ဉာဏ်တော်ကို မည်သူတစ်ဦးတစ်ယောက်မျှ ဖျက်ဆီးခြင်းငှာ မပြုစွမ်းနိုင် ၊

အန္တရာယ်ကင်းတော်မူသည့် သဗ္ဗညုတဉာဏ်တော်ကို ပိုင်ဆိုင်တော်မူသော ထိုဘုရားသခင်ကို

အကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင်အကျွန်ုပ်အားအသက်အန္တရာယ်ကင်းပါစေသား။ ပညာရေး ဆုံးခန်းတိုင်ရောက်ပါစေသား။

ဗုဒ္ဓါနံအဘိဟဋာနံ စတုန္နံ ပစ္စာယာနံ နသက္ကာ ၊

ကေနစိအန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။

ဘုရားသခင်တို့၏ ဥစ္စာပစ္စည်းကို မည်သူတစ်ဦးတစ်ယောက်မျှ ပျက်ဆီးခြင်းငှာ မပြုစွမ်းနိုင် ၊ ထိုသို့အန္တရာယ်ကင်းတော်မူသော ထိုဘုရားသခင်ကိုအကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင်အကျွန်ုပ်ပိုင်ဆိုင်သော

ဥစာပစ္စည်းအပေါင်းတို့သည်အန္တရာယ် ကင်းပါစေသား။ စီးပွားရေးထိပ်ဆုံးသို့ ရောက်ပါစေသား။

ဗုဒ္ဓါနံအသီတိယာအနုဗျဉ္စနာနံ ဗျာမပ္ပဘာယဝါ နသက္ကာ ၊

ကေနစိအန္တရာယောကာတုံ ၊ ဝန္ဒာမဟံတံ ဧဝံမေဟောတု။

ဘုရားသခင်တို့၏ လက္ခဏာတော်ကြီးငယ်အသွယ်သွယ် ရောင်ခြည်တော် ခြောက်သွယ်ကို မည်သူတစ်ဦးတစ်ယောက်မျှ ပျက်ဆီးနှောက်ယှက်ခြင်းငှာ မပြုစွမ်းနိုင် ၊ ကိုယ်ရေအဆင်းပျက်စီးခြင်း ဆိုသော

အန္တရာယ်ကင်းတော်မူသော ထိုဘုရားသခင်ကိုအကျွန်ုပ် ရှိခိုးပါ၏။ ဤနည်းတူပင်အကျွန်ုပ်အား

ကိုယ်ရေအဆင်းပျက်စီးခြင်းအန္တရာယ် ကင်းပါစေသား။အလှကျက်သရေ ထိပ်ဆုံးသို့ရောက်ပါစေသား။

သားကောင်းသားမြတ်ဂါထာ ( ကိုယ်ဝန်ဆောင်မိခင်များ ဆွမ်းကပ်ပါက)

ယော မေအယံ ဘန္တေ ၊ ကုစ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊

သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ၊ ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊ ဥပါသကံ တံ ဘဂဝါ ဓာရေတု

အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကု စ္ဆိတော- ဝမ်း၌တည်သော၊ ယောအယံကုမာရောဝါ-အကြင် သတို့သားသည်သော်လည်းကောင်း၊ ယာအယံကုမာရိကာဝါ-အကြင်သတို့သမီး သည်သော်လည်းကောင်း၊အတ္ထိ-ရှိ၏။ သော -ထိုသန္ဓေသားသည်၊ ဘဂဝန္တံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဘဂဝါ-မြတ်စွာဘုရားသည်၊

တံ-ထိုသန္ဓေသားကို၊အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊ သရဏံ- ကိုးကွယ်ရာဟု၊

ဂတံ-ဆည်းကပ်သော၊ ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။အစရှိတဲ့ ဂါထာတွေပဲဖြစ်ပါတယ်။


ဆုတောင်းရန်

ကမ္ဘာရှိသူများ ဗိုလ်လူတို့ မည်သူမျှဖျက်၍မျှ မပျက်နိုင်သော တည်ကြည်ခိုင်ခံ့သော၊ ကြီးမြတ်သော ဓာတ်ကြီးလေးပါး ဆွမ်းကို ကပ်လှူပူဇော်ရသောအကျိုးအားကြောင့် နိဗ္ဗာန် မဂ်ဖိုလ်ရပါလို၏အရှင်ဘုရား။

တပည့်တော်တို့အား ယခုအချိန်မှစ၍ နိဗ္ဗာန်ရသည့်တိုင်အောင် မည်သူမျှဖျက်၍မျှ မပျက်သော တန်ခိုးသိဒ္ဓိဆုကို ပေးသနားတော်မူကြပါဘုရား။

ဝရဒေါ ဒေတုမေ ဝရံ ၊ ကာရော ဂေါတမ ဗုဒ္ဓေါ ပထဝီ ဓါတု ဝ။

ဂေါတမ ဘုရား၏ ပထဝီဓါတ် (၂၀ ) နှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ မြေဓာတ်သည် ခိုင်ခံ့ဘိသကဲ့သို့ တပည့်တော်တို့၏ ကုသိုလ်များသည်လည်း ခိုင်ခံ့ရပါလို၏ ရှင်တော် ဂေါတမမြတ်စွာဘုရား။

ဗလူပေတော ဗလဒရော ၊ ကာရော ကဿပ ဗုဒ္ဓေါအာပေါ ဓါတု ဗ။

ကဿပ မြတ်စွာဘုရား၏အာပေါဓာတ် (၁၂ ) ပါးနှင့်တကွ တန်ခိုးတော်တို့သည် တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ ရေဓာတ်သည်အေးမြသလို တပည့်တော်တို့၏ ကိုယ်စိတ်နှစ်ဖြာအေးချမ်းရပါလို၏ ရှင်တော် ကဿပမြတ်စွာဘုရား။

ဓမ္မညု ဓမ္မသာမိကော ၊ ကာရော ကောဏဂမနော ဗုဒ္ဓေါ ဝါယော ဓါတု ဓ။

ကောဏဂုံ မြတ်စွာဘုရား၏ ဝါယောဓာတ် (၆)ပါးနှင့်တကွ တန်ခိုးတော်တို့သည်

တပည့်တော်တို့၏ ဦးထိပ်၌ တည်တော်မူပါဘုရား။ လေဓာတ်သည်လျင်မြန်သကဲ့သို့

တပည့်တော်၏ ကောင်းမြတ်သောအကြံအစည်အလုပ်အကိုင်တို့သည်လည်း

လျှင်မြန်စွာအောင်မြင်ရပါလို၏ ရှင်တော် ကောဏဂုံမြတ်စွာဘုရား။

စက္ခုမာစရ မာစိဏ္ဏော ၊ ကာရော ကကုသန် ဗုဒ္ဓေါ တေဇော ဓါတု စ။

ကကုသန်မြတ်စွာဘုရား၏ တေဇောဓာတ် (၄ ) ပါးနှင့်တကွ တန်ခိုးတော်တို့သည်

တပည့်တော်၏ ဦးထိပ်၌ တည်တော်မူပါဘုရား။အလင်းရောင်ဓာတ်သည် လင်းဘိသကဲ့သို့

တပည့်တော်၏အသိဉာဏ်အလင်းရောင်ဓာတ်သည် ပွင့်လင်းရပါလို၏ ရှင်တော် ကကုသန်မြတ်စွာဘုရား။

ကမ္ဘာအရပ်ရပ်မှ ကြွရောက်ချီးမြှောက်ရန် လာကြကုန်သော......အိုနတ်အပေါင်းများစွာ ၊ များဝဇ္ဇာတို့

တပည့်တော်တို့ မိသားစုသည် ယနေ့မှအစပြုပြီးလျှင်အသက်ရှင်သမျှ ကာလပတ်လုံး

မည်သူမျှဖျက်၍ မပျက်သော သစ္စာအဓိဌာန်ဖြင့် (၃ ) ပါးသောသရဏဂုံတော်မြတ်ကို

ထိန်းသိမ်းစောင့်ရှောက်ကိုးကွယ်ပါမည်။ ဤသို့ ကိုးကွယ်သည့်သစ္စာ မှန်စွာဆိုသည်များကြောင့်

အနှောက်အယှက်အမျိုးမျိုးအဆိုးဟူသမျှ လွတ်မြောက်ရ၍ ရောဂါဘေးဒါဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှမတွေ့ရဘဲ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး စီးပွား ပွားတိုးပြီးမြောက်အောင်မြင်ခြင်းသို့ရောက်ရပါလို၏အရှင်မြတ်တို့ဘုရား။

လေးဆူဘုရား ၊လေးပါးသစ္စာ ၊ လေးဖြာသောဓာတ်၊ လေးရပ်သော ဓာတ်နတ်ဝိဇ္ဇာ ၊ ဆဠာဘိညာရ၊

ရဟန္တာအရှင်မြတ်တို့၏ တန်ခိုးရှိန်စော် ၊ မေတ္တာတော်၊အာနုဘော်တို့သည် တပည့်တော်တို့ မိသားစု၏

ဦးခေါင်းထက်၌ ကိန်းဝပ်စောင့်ရှောက် တည်နေတော်မူပါဘုရား တည်နေတော်မူပါဘုရား ဟူ၍ ရွတ်ဆိုပေးရမှာဖြစ်ပါတယ်။


အောင်ဂါထာရွတ် မေတ္တာခံယူရန်

ဇယစက္ကော ဇယန္တောယော

ဇယိတဗ္ဗေ ဇယာသနေ

ဇယာပေသိ ဇယေသိနံ

ဇယံဒေတု ဇယုတ္တရော။

မာရံယက္ခ ဂဇံစောရံ

စိဉ္စ မာဏဉ္စ သစ္စကံ

နာဂံ ဗကံ ဇိနော ဇိနိ

ဟောတုမေ ဇယမင်္ဂလံ။

( ဇေယျတု သဗ္ဗမင်္ဂလံပါဘုရား။ )

လေးကျွန်းဇမ္ဗူ ၊ လေးဆူဘုရား ၊လေးပါးအရိယာ၊

လေးဖြာသောဓာတ် ၊ လေးဖြာသော နတ်ဝိဇ္ဇာကြီးတို့သည်

ဤနေရာ ဤဌာနသို့အစုံအညီအကုန်ဆင်း၍

ယခုပင် (မတော်မူပါစေသတည်း) ၃ခေါက် ရွတ်ဆိုရန်

ဧကဗုဒ္ဓ ဂုဏ်နှစ်ဝဟု ၊ဒသသချာၤ ခတ်နိုပ်ပါသည့် ဒေဝါသိကြား ၊ဝိဇ္ဇာများနှင့် ဘုရားရှင်ဂုဏ်အဖုံဖုံကြောင့်

လုံးစုံရောဂါ ဘေးဘယာတို့ ဝေးစွာကင်းပ ချမ်းသာရ၍ ပီယလာဘံ စုံပြည့်လျှံနှင့် လုံးစုံပြည့်ဝအောင်ပွဲရသည်

မုချမသွေ ဖြစ်စေသော်။ ကမ္ဘာအရပ်ရပ်မှကြွရောက်ချီမြှင့်ရန်လာကြကုန်သော ဓာတ်နတ်ဝိဇ္ဇာ ဆရာ့ဆရာတို့

အောင်မြင်ရာအောင်မြင်ကြောင်း ဒေဝါအပေါင်း ဝိဇ္ဇာကြီးတို့သည် ကူညီဝိုင်း၍ စောင့်ရှောက်တော်မူကြပါကုန်လော့။

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓ ံသရဏံ ဂစ္ဆာမိ

။ ဓမ္မံ သရဏံ ဂစ္ဆာမိ

။ သံဃံ သရဏံ ဂစ္ဆာမိ


မေတ္တာပို့၊ ပုတီးစိပ်အမျှဝေရန်

မိမိနှစ်သက်ရာ မေတ္တာပို့ဆုတောင်းနိုင်ပါတယ်၊ မေတ္တာပို့ပြီးရင်တော့ ကိုယ်တိုင် မေတ္တာခံယူရမှာဖြစ်ပြီး “အလုံးစုံသောအရိယာအပေါင်းသူတော်ကောင်းတို့၏ မေတ္တာစေတနာကိုခံယူပါကုန်၏။ သူတော်ကောင်းတို့၏ မေတ္တာစေတနာတို့ကြောင့်......... ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရပါစေ။

ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါစေ။ တောင့်တခပ်သိမ်း ကင်းငြိမ်းရပါစေ။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါစေ။

နှလုံးစိတ်ဝမ်းအေးချမ်းရပါစေ။ စိတ်ကြံသလောက် ဓိဌာန်ပေါက်ရပါစေ။ စိတ်ရှိသလောက် သိဒ္ဓိမြောက်ရပါစေ။

ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ။ သိဒ္ဓိတန်ခိုး တိုးပါစေ။ သိဒ္ဓိဆောင်လို့အောင်ပါစေ။

အကျင့်စခန်းတက်လှမ်းနိုင်ကြပါစေ။ လက်ငင်းချက်ချင်းအောင်မြင်ခြင်းရှိရပါစေ။အမျိုးဘာသာ သာသနာ ဘယာဝေး၍အေးပါစေသား” လို့ ရွတ်ဆိုရပါမယ်။ ပြီးရင်တော့ တရားထိုင် / ပုတီးစိပ်၊အမျှဝေပါ။

ဘုရားရှင် ၊ ရဟန္တာ သိဒ္ဓိရှင်အရှင်မြတ်များဘုရား ဆွမ်းများကို ဘုန်းပေးပြီးသည့်နောက်

ဆွမ်းတော်ပွဲတွင် သိဒ္ဓိပညာ တန်ခိုးများ ချီးမြှင့်ပေးသနားတော်မူပါဘုရား။ ဆေးအဖြစ် ဆေးဓာတ်များကိုလည်း

ထည့်သွင်း ချီးမြှင့် ပေးခဲ့ပါဘုရား။အရပ်လေးမျက်နှာ ၊အရပ်ရှစ်မျက်နှာ ၊အရပ်ဆယ်မျက်နှာတို့တွင် ရှိရှိသမျှသော သတ္တဝါအနန္တတို့အား ဖိတ်ကြားပါသည်။ မိမိတို့နှင့်ထိုက်တန်ခဲ့ပါလျှင် မည်သူမဆို စားသုံးနိုင်ကြောင်းကို မေတ္တာစေတနာကောင်းနှင့် မုတ္တစာဂီ ထပ်ဆင့်၍ ပေးလှူစွန့်ကြဲပါသည်။ ဤဌာနသို့လာရောက်ကြ၍ မိမိတို့အလိုရှိသလို သုံးဆောင်မှီဝဲကြပါကုန်လော့။ ဤဓာတ်ကြီးလေးပါး ဆွမ်းတော်ကပ်လှူပူဇော်ပွဲသို့ စြင်္ကာဝဠာ ကမ္ဘာအရပ်ရပ်မှ ကြွရောက်လာကြကုန်သော

အယုတ်အလတ်အမြတ်မရွေး ၊အနီးအဝေး ပုဂ္ဂိုလ်အပေါင်းတို့အား ကျွနု်ပ်တို့က မေတ္တာထားသလို သင်တို့အားလုံးကလည်းအကျွန်ုပ်တို့အား ပြန်၍မေတ္တာထားကြပါကုန်လော့ဟု ရွတ်ဆိုရမှာဖြစ်ပါတယ်။


ဆုတောင်းရန်

အကျွန်ုပ်၌ ....................... ဤသို့သောအကြောင်းကိစ္စရှိနေပါသည်။ ၎င်းကိစ္စပြီးမြောက်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ကြပါကုန်လော့။ သင်တို့၏နေရာ ဗိမ္မာန်ဘုံနန်းသို့ ပြန်ရောက်ကြသောအခါ ကျွန်ုပ်၏ကောင်းသတင်းများကို ရောက်ရာဒေသတို့၌အဆင့်ဆင့် ပြောကြားကြပါကုန်လော့။ ရောဂါတစ်ခုခုစွဲကပ်ပါလျှင် ထို..............ရောဂါကို လုံးဝပျောက်ကင်းအောင်

ကုသနိုင်သော ဆရာသမားကောင်း၊ဆရာမြတ်တို့ကို တန်ခိုးတော်ဖြင့်ခေါ်ဆောင်ကြပါကုန်လော့။


ပြန်ကြွရန်လျှောက်ထားခြင်း

အလှူဒါန ကိစ္စအဝဝတို့သည်အောင်မြင်ပြီးမြောက်ပြီဖြစ်ပါ၍အရှင်မြတ်ဘုရားတို့နှင့် တကွ သံဃာတော်အရှင်သူမြတ်များ ၊ ဓာတ် နတ် ဝိဇ္ဇာ ၊ ရေနေ မြေနေ ကောင်းကင်နေ ပုဂ္ဂိုလ်အပေါင်းတို့သည်

မိမိတို့အလိုရှိရာဌာနအသီးသီးသို့ ပြန်ကြွနိုင်ပါပြီဘုရား ဟုလျှောက်ထားပါ။ ပြီးလျှင် ရိုသေစွာ ကန်တော့ပါ။


ဆွမ်းတော်စွန့်ရန်




ပုံ ၂ တွင်ပြထားသည့်အတိုင်း စာရွက်ပြောင်ပေါ်တွင် ရေးသား၍ ဆွမ်းတော်ကို ထိုစာရွက်ပေါ်တွင်

ပုံပြီးလျှင် ကျေးငှက်တိရစ္ဆာန်များ စားနိုင်ရန် သန့်ပြန့်လွယ်ကူသောနေရာမှာ စွန့်နိုင်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကိုလည်း ဝေမျှနိုင်ပါတယ်။ ယပ်နဲ့ သောက်တော်ရေကိုလည်းအဆိုပါနေရာတွင်ပင်စွန့်ပါ။ သောက်တော်ရေကို မိမိသောက်သုံးရန် ထားလျှင်လည်း ရနိုင်ပါတယ်။

ကဲဒါဆိုရင်တော့ ဓါတ်ကြီးလေးပါး ဆွမ်းကပ်လှူခြင်းအမှု ပြီးဆုံးအောင်မြင်ပြီပဲဖြစ်ပါတယ်။ ၇ရက်သားသမီးအားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ကြပါစေ။




Some text some message..