လာမည့် ဇူလိုင် ၁၂ တွင် ကျင်းပမည့် ONE: Masters of Destiny ပြိုင်ပွဲကြီးအတွက် တွဲဆိုင်းများကိုONE Championship မှ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့ချန်ပီယံများနှင့် နာမည်ကျော် ကစားသမားအများအပြားပါဝင်မည့်အဆိုပါပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်း Kick Boxing World Grand Prix ကွာတားဖိုင်နယ် ဖြစ်သောအီတလီ ကစားသမား Giorgio Petrosyan နှင့် ထိုင်းကစားသမားPetchmorakot Petchyindee Academy တို့၏ ပွဲကိုအဓိကတွဲဆိုင်းအဖြစ် သတ်မှတ်ထားသည်။
ယင်းပြိုင်ပွဲတွင် ထူးခြားချက်မှာ ONE Championshipအက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee ၏ တွဲဆိုင်းအပါအဝင်အမျိုးသမီး တွဲဆိုင်း ၄ ဆိုင်းအထိ ပါဝင်နေခြင်း ဖြစ်သည်။ ယင်းတွဲဆိုင်းများအနက် မြန်မာနိုင်ငံမှအမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဘိုဇီနာ “တိုတို”အန်တိုနီယာ၏ စတုတ္တမြောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲ
ဖြစ်လာမည့် တွဲဆိုင်းလည်း တစ်ပွဲအပါအဝင် ဖြစ်သည်။အန်တိုနီယာသည် ယင်းပွဲတွင် ဗီယက်နမ်/အမေရိကန် ကစားသမားBi “Killer Bee” Nguyen နှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် ပြိုင်ဘက်နှင့် ပတ်သက်၍အန်တိုနီယာက ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
“ပြိုင်ဘက် (Bi Nguyen) ကအရမ်းကောင်းတဲ့ ပြိုင်ဘက် တစ်ယောက်ပါ။ ဒီပြိုင်ပွဲအတွက် နှစ်လ ကြိုတင်ပြီးတော့ ကျွန်မ လေ့ကျင့်ထားပါတယ်။ သူနဲ့ထိုးရမယ်ဆိုတာ ပြီးခဲ့တဲ့အပတ်ကမှ ကျွန်မသိရတာ။ သူကအရမ်းကောင်းတယ်။ မတ်တပ်ရပ် တိုက်ခိုက်တဲ့အပိုင်းမှာလည်း ကောင်းတယ်။ မြေပြင်ချုပ်ကွက်အပိုင်းမှာလည်း ကျွန်မထက် ပိုကောင်းတယ်။ သူ့ကို သတိထားပြီးတော့ ကစားရ မှာပေါ့” ဟုအန်တိုနီယာက ဆိုခဲ့သည်။
Nguyen သည် ဗီယက်နမ်တွင် မွေးဖွားခဲ့သူ ဖြစ်သော်လည်း ငယ်စဉ်ကတည်းကအမေရိကန်တွင်အခြေချနေထိုင်ခဲ့သူဖြစ်ပြီးအသက် ၂၁ နှစ်မှ စတင်ကာ မွေထိုင်းပညာကို လေ့လာလိုက်စားခဲ့သည်။ မွေထိုင်းပညာကို ခြောက်လကြာ လေ့ကျင့်သင်ယူ ပြီးနောက်တွင်အပျော်တမ်း ကစားသမားဘဝဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစား လောကထဲ ဝင်ရောက်ခဲ့သည်။ ပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းကို နှစ်သက်သူ Nguyen သည်အပျော်တမ်း ဘဝတွင် ၅ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ရရှိခဲ့သည်။ ထို့ကြောင့် ယင်းအားကစားအပေါ် ၎င်း၏ စိတ်အားထက်သန်မှု မြင့်တက်လာပြီး ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် ကူးပြောင်းခဲ့သည်။
Nguyen ၂ဝ၁၆ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ်အမေရိကန် ပြည်တွင်းကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများ ဖြစ်သော LFC, TKO Fight Alliance, KOTC စသည့် ပြိုင်ပွဲများတွင် လှည့်လည် ကစားခဲ့သည်။ Nguyen သည် ONE Championship သို့ မရောက်မီအချိန်အထိ ၄ ပွဲနိုင် ၃ ပွဲရှုံး ရလဒ် ရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ် တွင် ONE သို့ စာချုပ်ချုပ်ဆို ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ပထမဆုံး ပွဲဦးထွက်အဖြစ် ONE: Roots of Honor ပြိုင်ပွဲတွင်အင်ဒိုနီးရှားသူDwi Ani Retno Wulan ကို ရင်ဆိုင်ခဲ့ရပြီး ပထမအချီတွင်ပင်အလဲထိုးအနိုင်ရထားသူ ဖြစ်သည်။
အန်တိုနီယာကအဆိုပါ တွဲဆိုင်းနှင့် ပတ်သက်၍ “ဘယ်လို ရလဒ်နဲ့အဆုံးသတ်မယ် ဆိုတာကိုတော့ ပြောလို့ မရသေးဘူး။ သူကအရမ်းကို ကောင်းတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်နေလို့။ ရတဲ့အခွင့်အရေးအပေါ် မူတည်ပြီးအဆုံးသတ်နိုင်အောင် ကြိုးစားသွား မှာပါ။အလဲမထိုးနိုင်ဘူး၊အပိုင်မချုပ်နိုင်ဘူး ဆိုရင်တောင်အမှတ်နဲ့တော့ နိုင်အောင် ကစားသွားမယ်။ ကျွန်မ ဖြစ်အောင် လုပ်မှာပါ”ဟု ပြောကြားသွားခဲ့သည်။
အန်တိုနီယာသည် လက်ရှိတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစား ပွဲပေါင်း ၃ ပွဲသာ ကစားရသေးပြီး မြန်မာနိုင်ငံသူ ရွှေစင်နှင့် မလေးရှား နိုင်ငံသူ Audreylaura Boniface တို့ကိုအနိုင်ရထားကာ ထိုင်းနိုင်ငံသူRika Ishige ကို ရှုံးနိမ့်ထားသည်။
၎င်းသည် ရွှေစင်နှင့်ပွဲတွင် ၂၄ စက္ကန့်အတွင်းအလဲထိုးအနိုင်ရရှိ ခဲ့သဖြင့် ONE Championship ၏အက်တမ် ဝိတ်တန်းပွဲများတွင်အမြန်ဆုံး စံချိန်တစ်ခုလည်း ဖြစ်ခဲ့သည်။အသက် ၂၄ နှစ်သာရှိသေးသူအန်တိုနီယာသည်အနောက်တိုင်း လက်ဝှေ့အားကစားတွင် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ် နှစ်ခု ဆွတ်ခူး ခဲ့ဖူးသူလည်း ဖြစ်သည်။
ကယားပြည်နယ်ရှိ ကျေးရွာလေး တစ်ရွာတွင် ကြီးပြင်းခဲ့သည့် ကယန်းတိုင်းရင်းသူအန်တိုနီယာသည် လက်ရှိတွင်အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီကျွန်းမှ Bali MMAအားကစားရုံတွင်အခြေစိုက်ကာ လေ့ကျင့်ရေး စခန်း ဝင်နေသူ ဖြစ်သည်။အဆိုပါ Bali MMA သည် ONE Championship ၏အမျိုးသမီး စတောဝိတ်တန်း ချန်ပီယံ တရုတ်နိုင်ငံသူXiong Jing Nan နှင့် ONE Warrior Series တွင် ကစားနေသော မြန်မာ ကစားသမား ပုညစိုင်း စသည့် ကစားသမားများလည်း လေ့ကျင့်သည့် နေရာ ဖြစ်သည်။
အန်တိုနီယာသည် မေလအတွင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သောONE: Warriors of Light ပြိုင်ပွဲ ကတည်းက ပါဝင်ယှဉ်ပြိုင်ရန် ကမ်းလှမ်းခြင်း ခံခဲ့ရသော်လည်း ဒဏ်ရာ ပြဿနာအနည်းငယ် ရှိနေသဖြင့် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ယခုပြိုင်ပွဲသည် ၎င်းနောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ONE: Reign of Valor ပြိုင်ပွဲမှ ရေတွက်လျှင် ၃ လကျော်
လေ့ကျင့် ပြင်ဆင်ချိန် ရရှိခဲ့ပြီးမှ ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ဟုလည်း ဆိုနိုင်သည်။
“ပရိသတ်တွေ ဒီပွဲမှာ ကျွန်မကို စောင့်ကြည့်ပြီးအားပေးစေချင်ပါတယ်။ ကျွန်မအတွက်လည်း ဆုတောင်း ပေးကြပါ။ ဒီပွဲက ကျွန်မအတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်တဲ့အတွက်ပါ။ မြန်မာနိုင်ငံအတွက် ကျွန်မအနိုင်ရလဒ်ကို ယူဆောင်ပေးချင် ပါတယ်။ ဒီပွဲအတွက် ကျွန်မကို စောင့်ကြည့်ပြီးတော့ ဆုတောင်းပေးကြပါဦးကို ပြောချင်ပါတယ်” ဟုအန်တိုနီယာက မြန်မာပြည်မှ ပရိသတ်ထံ တောင်းဆိုခဲ့သည်။