လေးစားစရာတွေအပြည့်နဲ့ ငုတ်လျှိုးနေတဲ့ ငွေကြယ်တစ်ပွင့် (ရုပ်သံ)
(သူသူကိုယ်ကိုယ်ပေါ့လေ) ကိုယ့်ကိုယ်ကိုတော့ ဟုတ်လှပြီ၊ ဘဝတိုက်ပွဲတွေအခက်ခဲတွေကို ဘယ်လိုစိတ်ဓါတ်တွေနဲ့ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပြီး ငါလုပ်နိုင်တယ်၊ ငါအောင်မြင်နေတယ် “ငါကွ” ဆိုတဲ့အထင်လေးတော့အထွာကိုယ်စီ ရှိတတ်ကြပါတယ်။
Myanmar’s Got Talent 2019 ရဲ့ ပြိုင်ပွဲဝင် “ဝင်းဆန်းအောင်” ရဲ့အကြောင်းတွေကို ကြားသိလိုက်ရပြီးတဲ့နောက်မှာတော့ ငါတို့ရဲ့ ကြိုးစားမှုတွေဟာ ဘာမှမဟုတ်သေးပါလား၊ ငါတို့ဒီထက် စိတ်ဓါတ် ပိုပြီးကြံ့ခိုင်ဖို့ လိုပါသေးလားဆိုတဲ့အလင်းရောင်ကို ဖျတ်ကနဲ ပေးစွမ်းနိုင်ခဲ့ပါတယ်။ စိတ်ဓါတ်ကျနေသူတွေလည်း စိတ်ဓါတ်ခွန်အားတွေ ချက်ခြင်း ပြည့်လာခဲ့ပါတယ်။
“ဝင်းဆန်းအောင်” ဟာ မွေးရာပါအောက်ပိုင်းမသန်စွမ်းသူ ဖြစ်ပါတယ်။ ပျော့တွဲယိုင်နဲ့နေတဲ့ ခြေထောက်လေးတွေကို ချိုင်းထောက်အားပြုပြီး သွားလာလှုပ်ရှားနေရသူဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ သာမန်လူကောင်းတွေထက်အဆပေါင်းများစွာ သန်းစွမ်းသူဖြစ်ပါတယ်။
သူ့ရဲ့အကြောင်းတွေကို ဒိုင်လူကြီးတွေက မေးမြန်း မိတ်ဆက်တဲ့အချိန်မှာတော့ “ဝင်းဆန်းအောင်” ဟာ မြန်မာနိုင်ငံကိုအကြိမ်ကြိမ်ဂုဏ်ဆောင်ခဲ့ဖူးတဲ့၊ ဂုဏ်ဆောင်ဖို့ ထပ်မံကြိုးစားနေဆဲ တောက်ပပြီးသား ရွက်ပုန်းငွေကြယ်တစ်ပွင့်ဆိုတာကို သိလိုက်ရပါတယ်။
ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေကပါ မတ်တပ်ရပ်လို့ “ဝင်းဆန်းအောင်” ကို တလေးတစားအသိအမှတ်ပြုရလောက်တဲ့ထိ သူကလည်း ထူးချွန်ပြောင်မြောက်လွန်းပါတယ်။
သူဟာ မြန်မာလက်ရွေးစင် မသန်စွမ်းအားကစားသမားတစ်ဦးဖြစ်ပါတယ်။ သာမန် ခြေကောင်း လက်ကောင်းနဲ့ လူတွေတောင်အားကစားဘယ်နှစ်မျိုးလောက်မှာ ထူးချွန်ပြီး မြန်မာ့လက်ရွေးစင် ဖြစ်အောင် ရွက်ဆောင်နိုင်ကြမယ်ထင်ပါသလဲ..?
“ဝင်းဆန်းအောင်” ဟာ မသန်မစွမ်း ရေကူး၊ ဘတ်စကတ်ဘော၊အလေးမ၊ သံလုံး သံပြားပစ်၊ ကြက်တောင်ရိုက်အားကစားနည်းအားလုံးတို့ရဲ့ မြန်မာလက်ရွေးစင်ဖြစ်ပါတယ်။ ဒိုင်တွေနဲ့ ပရိသတ်တွေအားလုံး ကြင်သီးမွေးညှင်း ထလောက်အောင် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓါတ်ကအားကျလေးစားစရာကောင်းပါတယ်။
သူဟာအရှေ့တောင်အာရှအဆင့် ရွှေတံဆိပ် ၁၈ ခု တိတိ ရယူပေးထားနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် မသန်မစွမ်းအားကစားသမားဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့အားလုံးက ရင်ထဲကနေ တလေးတစားနဲ့ မပ်တပ်ထရပ်ပြီး “ဝင်းဆန်းအောင်” ကို ဂုဏ်ပြုခဲ့ပါတယ်။
ကီးဘုတ်တီးပြီး သီချင်းဆိုမယ့် ယှဉ်ပြိုင်မှုမှာလည်း ကီးဘုတ်တီးခတ်မှုအပိုင်းမှာ ဆရာမရှိပဲ ငယ်စဉ်ထဲက ကိုယ်တိုင်လေ့လာသင်ကြားပြီး တတ်မြောက်လာတဲ့ စွမ်းရည်ကို ပြသသွားမှာဖြစ်ပါတယ်။
မသန်မစွမ်းဖြစ်နေသော်လည်းအားကစားဘက်တွင် ထူးချွန်ပြောင်မြောက်ရုံမျှမကအတီးအဆိုပိုင်းမှာလည်း ကျွမ်းကျင် ပိုင်နိုင်ကြောင်းကို “ကောင်းကင်မေမေ” သီချင်းနဲ့ ချပြသွားခဲ့ပါတယ်။