![]()
မြန်မာပရိသတ်တို့ရဲ့အချစ်တော် သိုင်းပေါင်းစုံ MMA ကစားသမား “အောင်လအန်ဆန်း (မြန်မာ့စပါးအုံး)” International Fighter Of the Year 2019 ဆု ချီးမြှင့်ခံရကြောင်း သိရှိရသည်။
World MMA Awards 2019အတွက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုအမေရိကန်နိုင်ငံ လာ့စ်ဗေးဂတ်စ်ရှိ Pearl Concert Theater တွင် ဇူလိုင်လ ၃ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ပြုလုပ်ကျင်းပခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင် International Fighter Of the Year 2019 ဆုကို “အောင်လအန်ဆန်း” က ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
“အောင်လအန်ဆန်း” က ဆုလက်ခံရယူပြီး စင်မြင်ထက်မှာ ‘မင်္ဂလာပါ’ လို့ မြန်မာစကားနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး လေးဖြူရဲ့ ‘အမဲလိုက်အက’ နောက်ခံတီးလုံးကို သူ့ရဲ့ ပွဲခံတီးလုံးဖြစ်တယ်လို့ ဦးစွာပြောကြားခဲ့ပါတယ်။
အဲဒီနောက် ဒီဆုကိုရရှိခဲ့တဲ့အတွက် သူ့ကိုအထောက်အပံ့ပေးခဲ့ကြတဲ့ မိသားစုများ၊ လေ့ကျင့်ရေးအသင်းသားများနဲ့ သူ့ရဲ့လေ့ကျင့်ရေး ဆရာများကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာ့လူဦးရေ သန်း ၆၀ ရှိပြီး ဒီဆုရအောင် သူ့ကို မဲပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။
အခုလို ဆုရလာဖို့အတွက်အခွင့်အရေးပေးခဲ့တဲ့ ONE Championship ကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံ ကျေးရွာလေးတစ်ရွာကနေအမေရိကန်ကို ရောက်လာပြီး ၂၀၀၅ ခုနှစ်မှာ MMA လောကကို ဝင်ရောက်ခဲ့ပြီး ၁၄ နှစ်အကြာမှာအခုလိုစင်ပေါ်မှာ စကားပြောခွင့်ရတာ ကျေးဇူးတင်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
“အောင်လအန်ဆန်း” ဟာ လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့မှာ သူ့ထက် ဝိတ်တန်းမြင့်တဲ့ ဟဲဗီးဝိတ်ချံပီယံ “ဘရန်ဒန်ဘယ်ရာ” နဲ့ ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။အဲဒီအတွက် ဝိတ်တန်းတက်နိုင်ရန် လေ့ကျင့်ခန်းများ ပြင်ဆင်နေကြောင်း သိရသည်။
ရုပ်သံ -အောင်လအန်ဆန်း FB