ONE Championship ပွဲအများဆုံး ကစားထားသည့် ရိုးရာ လက်ဝှေ့သမား ၅ ဦး
mmtimes.com
|
2019-07-10



ONE Championship ပွဲအများဆုံး ကစားထားသည့် ရိုးရာ လက်ဝှေ့သမား ၅ ဦး

ကမ္ဘာတစ်လွှားမှ ထူးချွန်သည့် ကိုယ်ခံပညာရှင်အများအပြား ပါဝင်ယှဉ်ပြိုင်နေကြသည့် ONE Championship ပြိုင်ပွဲကြီးသည် ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော ONE: Kingdom of Warriors ပြိုင်ပွဲမှ စတင်ကာ မြန်မာရိုးရာလက်ဝှေ့သမားများကို စတင် ပါဝင်ယှဉ်ပြိုင် စေခဲ့သည်။

ယင်းပွဲမှစ၍ ယနေ့အထိ ရိုးရာလက်ဝှေ့သမား စုစုပေါင်း ၂၉ ဦးအထိ ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး တစ်ပွဲထက် ပိုကစားဖူးသူအရေအတွက်မှာ ၁၃ ဦးအထိရှိခဲ့သည်။အဆိုပါ ကစားသမားများထဲမှ ပွဲအများဆုံး ကစားခဲ့သည့် ရိုးရာလက်ဝှေ့သမား ၅ ဦးအကြောင်း ရွေးချယ်ဖော်ပြလိုက်ရပါသည်။


၁။အလဲထိုး ဘုရင် ရဲသွေးနီ (၅ ပွဲ)

“အလဲထိုး ဘုရင်” ဟူသည့်အမည်နာမဖြင့်ပင် တင်စားခြင်းခံရသည့် လူငယ်ကစားသမား ရဲသွေးနီ သည် ရိုးရာလက်ဝှေ့တွင် ပြိုင်ပွဲအရပ်ရပ်၌ ချန်ပီယံ ခါးပတ်ပေါင်း ၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့သူဖြစ်သလို ONE Championship တွင်လည်း ပွဲအများဆုံး ကစားထားသည့် ရိုးရာလက်ဝှေ့သမားဖြစ်သည်။

မြေစမ်းခရမ်းပျိုး ပထမဆုံးယှဉ်ပြိုင်သည့်ပွဲတွင် ထိုင်းကစားသမား Pongsiri Mitsatit ကို ရှုံးနိမ့်ခဲ့သည်မှလွဲ၍ ကျန်ပွဲအားလုံးအနိုင်ရထားပြီး ၄ ပွဲနိုင်၁ ပွဲရှုံးပြိုင်ပွဲမှတ်တမ်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ရဲသွေးနီသည် ၂ဝ၁၃ ခုနှစ်တွင် မုဒုံသားကလပ်၌ လက်ဝှေ့သမားဘဝကို စတင်ခဲ့သော်လည်း မကြာမီ တောင်ကလေးကလပ်သို့ ပြောင်းရွှေ့ကာ လျင်လျင်မြန်မြန် တိုးတက်လာခဲ့သူ ဖြစ်သည်။

ရဲသွေးနီသည် ၂ဝ၁၄ ခုနှစ်တွင် ၎င်း၏ ပထမဆုံးရွှေခါးပတ်အဖြစ် ၅၁ ကီလိုတန်းတွင် ချန်ပီယံဖြစ်ခဲ့ကာ ၂ဝ၁၆ ခုနှစ်တွင် ပထမဆုံး ONE Championship ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ကျင်းပသော ONE မြန်မာဖလိုင်းဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ဒဏ်ရာကြောင့် ပါဝင်ကစားခွင့် လွဲချော်ခဲ့ရသည်။

သို့သော် ရဲသွေးနီသည်အဆိုပါ တံခွန်စိုက်ပြိုင်ပွဲ၏ ချန်ပီယံ စောမင်းမင်းကို နောက်ထပ် ONE Championship ပြိုင်ပွဲ ၂ ပွဲတွင် ရင်ဆိုင်ခဲ့ရကာ နှစ်ပွဲစလုံးအနိုင်ရအောင် ကစားနိုင်ခဲ့သည်။ ONE Championship တွင် ၎င်းရှုံးနိမ့်ခဲ့သည့် တစ်ဦးတည်းသော ကစားသမား Mitsatit ကိုလည်း ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထဲတွင် စိန်ခေါ်ပြီးအလဲထိုးနိုင်ခဲ့သူလည်း ဖြစ်သည်။


၂။ သပြေညို (၄ ပွဲ)

ONE Championship တွင် ပါဝင်ကစားခဲ့သည့် မြန်မာကစားသမားများထဲတွင် ရှုံးပွဲလုံးဝမရှိဘဲ ပွဲတိုင်းအနိုင်ရထားသည့် တစ်ဦးတည်းသော ကစားသမားမှာ သပြေညို ဖြစ်သည်။ ရိုးရာလက်ဝှေ့တွင် ရွှေခါးပတ်ချန်ပီယံ ဖြစ်ခဲ့ဖူးသူ သပြေညိုသည် မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကလပ်မှ ကစားသမားတစ်ဦးဖြစ်ပြီးအသက် ၁၆ နှစ် ကတည်းက လက်ဝှေ့ကို လေ့ကျင့်ခဲ့သူ ဖြစ်သည်။ စတင် လေ့ကျင့်စဉ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ ရည်ရွယ်ခဲ့သော်လည်း တဖြည်းဖြည်း လက်ဝှေ့ကို ပိုမိုစိတ်ဝင်စားလာကာ တစ်ရက်လျှင် ခြောက်နာရီကြာ ပုံမှန်လေ့ကျင့်ခဲ့သည်။

သပြေညို၏ ကြိုးစားမှုကြောင့် မကြာမီ လက်ဝှေ့လောကတွင် နာမည်တစ်လုံးရလာခဲ့ပြီး ချန်ပီယံခါးပတ်များ သိမ်းပိုက်နိုင်ခဲ့သလိုအလဲထိုး နိုင်ပွဲပေါင်း ၅ဝ ကျော် ရရှိခဲ့သည်။ ရိုးရာလက်ဝှေ့တွင်အောင်မြင်မှုများရရှိခဲ့သည့် သပြေညိုသည် ၂ဝ၁၅ တွင် ONE Championship နယ်မြေသစ်သို့ စတင်ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲတစ်ခုတည်းတွင် ပြိုင်ဘက် ၂ ဦးကိုအလံထိုးအနိုင်ယူကာ ONE မြန်မာ ဖယ်သာဝိတ်တန်း တံခွန်စိုက်ဖလားကို သိမ်းပိုက်ခဲ့သည်။

ယင်းပြိုင်ပွဲ နောက်ပိုင်း ၂ ပွဲထပ်မံ ယှဉ်ပြိုင်ခွင့် ရခဲ့ရာတွင်လည်း ၂ ပွဲလုံးအလဲထိုးအနိုင်ယူပြီး ရာနှုန်းပြည့်အနိုင်ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။


၃။ စောဘဦး (၄ ပွဲ)

ONE Championship ၏ ဖယ်သာဝိတ်တန်း ကစားသမားများထဲတွင်အလဲထိုး နိုင်ပွဲအများဆုံး ဖြစ်သည့် ဖိုးသော်သည် ၎င်း၏ ကစားသမားသက်တမ်း တစ်လျှောက် ၃ ချီလုံးလုံး ထိုးသတ်ခဲ့ရသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲတစ်ပွဲသာရှိခဲ့ပြီး ယင်းပွဲမှာ စောဘဦးနှင့်ပွဲ ဖြစ်သည်။ စောဘဦးသည် ဖိုးသော်နှင့်လက်ရည်တူအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးမှ ဒိုင် ၃ ဦးတွင် ၂ ဦးက ဖိုးသော်ကိုအနိုင်ပေးသဖြင့်သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

တစ်ချီတည်းနှင့် ပြိုင်ဘက်များကိုအလဲထိုးလေ့ရှိသည့် ဖိုးသော်ပင် ခက်ခက်ခဲခဲ ကစားခဲ့ရသူ မာဂုဏ်မြင့်သည့် ရိုးရာလက်ဝှေ့သမား စောဘဦးသည် ONE Championship တွင် ၄ ပွဲ ကစားရာ ၂ ပွဲနိုင် ၂ ပွဲရှုံးရလဒ် ရရှိထားသည်။ တောင်ကလေး ကလပ်တွင် ကစားနေသူ စောဘဦးသည် သပြေညို၊ ရွှေရာမာန်၊ ဖျံသွေး၊ သွေးသစ်ဝင်းလှိုင် စသည့် ကစားသမားများနှင့် ရင်ဆိုင်ခဲ့ဖူးကာအတွေ့အကြုံများပြားသူလည်း ဖြစ်သည်။

စောဘဦးသည် ONE Championship တွင်အမှတ်ဖြင့် ကပ်ရှုံးခဲ့သည့် ဖိုးသော်နှင့် မကျေပွဲ ပြန်နွှဲရန် ဆန္ဒပြင်းပြ နေသူလည်း ဖြစ်သည်။


၄။ စောမင်းမင်း (၄ ပွဲ)

လက်ဝှေ့သမား မျိုးရိုးမှ ဆင်းသက်လာသူ စောမင်းမင်းသည် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ လက်ဝှေ့သမားကောင်းများ ပေါ်ထွက်လေ့ရှိသော ထိန်ပင်ကျေးရွာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ငယ်စဉ်ကတည်းက လက်ဝှေ့ကို ဝါသနာထုံပြီး ရွာဘုရားပွဲများတွင် လိုက်လံထိုးသတ်ရာမှ နောက်ဆုံးတွင် လက်ဝှေ့လောကထဲ ခြေစုံပစ်ဝင်ပြီး ရွှေသထုံကလပ်တွင် ပါဝင်ကစားနေသူ ဖြစ်သည်။

ရိုးရာလက်ဝှေ့တွင် ရှုံးပွဲမရှိ စံချိန်ဖြင့်အောင်ပွဲခံနေသည့် စောမင်းမင်းကို ၂ဝ၁၇ တွင် ONE Championship က စတင် ကမ်းလှမ်းခဲ့သဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ လောကထဲသို့ ရောက်ရှိလာခဲ့သည်။

မတ်တပ်ရပ် တိုက်ခိုက်မှုသာမက မြေပြင်အချုပ်အသိမ်း နပမ်းပညာကိုပါ ကျွမ်းကျင်လာသည့် စောမင်းမင်းသည် ONE မြန်မာ ဖလိုင်းဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲတွင် ပြိုင်ဘက်နှစ်ဦးကို တစ်ညတည်းနှင့်အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့သည်။ ယင်းနှစ်ပွဲစလုံး ပထမအချီတွင်ပင်အနိုင်ရခဲ့ခြင်းဖြစ်ကာ မြေပြင်ချုပ်ကွက်ဖြင့် ပြိုင်ဘက်ကို ဖိအားပေးပြီးအရှုံးပေးစေခဲ့သည့် ပွဲတစ်ပွဲပင် ပါဝင်ခဲ့သည် ကိုလည်း တွေ့ရသည်။


၅။ သွေးသစ်အောင် (၃ ပွဲ)

သပြေညိုနှင့် စောမင်းမင်းတို့ကဲ့သို့ ONE ၏ မြန်မာတံခွန်စိုက် ပြိုင်ပွဲများတွင်အနိုင်ရပြီး တံခွန်စိုက်ဖလားရရှိဖူးသည့် နောက်ထပ် ကစားသမားတစ်ဦးမှာ သွေးသစ်အောင် ဖြစ်သည်။ ဝါရင့်ကစားသမားတစ်ဦးဖြစ်သူ သွေးသစ်အောင်သည် ၂ဝ၁၅ ဇူလိုင်က မြန်မာ နိုင်ငံတွင် ကျင်းပခဲ့သော ONE: Kingdom of Warriors ပြိုင်ပွဲတွင် နှစ်ပွဲဆက်တိုက်အနိုင်ရကာ ONE မြန်မာလိုက်ဝိတ်တန်း တံခွန်စိုက် ဖလားကို ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲအပြီး ၉ လအကြာ မြန်မာနိုင်ငံတွင် ထပ်မံကျင်းပ ပြုလုပ်သော ONE: Union of Warriors ပြိုင်ပွဲတွင် ကြယ်လင်းအောင်ကို သုံးချီအပြည့်အကြိတ်အနယ် ထိုးသတ်ခဲ့ပြီးနောက်အရှုံးအနိုင်မပေါ်သဖြင့် ဒိုင်အဆုံးအဖြတ်ခံယူခဲ့ရရာ ဒိုင်သုံးဦး စလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ သွေးသစ်အောင် ရမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ONE Championship တွင် ယှဉ်ပြိုင်ဖူးသည့် ရိုးရာလက်ဝှေ့ သမားများ


၂ ပွဲစီ ကစားဖူးသူများ - မိုက်ရိုင်း၊ စောဒါဝိတ်၊ မျိုးမာန်သစ်၊ စောအယ်လေး၊ ကြယ်စင်ဖြိုး၊ ကြယ်လင်းအောင်၊ ရဲရင့်အောင်၊ စောရန်ပိုင်


၁ ပွဲစီ ကစားဖူးသူများ- လှစ်လှစ်လေး၊ မင်းထက်ဇော်၊ ကြယ်စင်ထူး၊ စောသဲဦး၊ ဒေါနအောင်၊ စောလှဒိုး၊ သားအသဲတစ်ပွင့်၊အောင်ကျော်ကျော်၊ ရန်နိုင်အောင်၊ ကပ္ပလီ၊ ရွှေကျောင်းသား၊ ထက်အောင်ဦး၊ ပတ်ကျော်လင်းနိုင်၊ ကျားဘဟိန်း၊ စောသားငယ်၊ စစ်မှန်




Some text some message..