![]()
ကျားထိုးနေကြသော ကျားချန်ပီယံရပ်ဝန်းမှ ဝါသနာရှင်များနှင့် ပညာရှင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖိုးဝ/မြန်မာတိုင်း(မ်)
ကျားထိုးနေကြသော ကျားချန်ပီယံရပ်ဝန်းမှ ဝါသနာရှင်များနှင့် ပညာရှင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖိုးဝ/မြန်မာတိုင်း(မ်)
မဂိုလမ်းက ကျား ချန်ပီယံရပ်ဝန်း
မွန်းလွဲ ၂ နာရီ ထိုးခါနီးတိုင်း 'ကမ္ဘာကြီး'တစ်ယောက် မရိုးမရွဖြစ်လာလေ့ရှိသည်။ နေညိုလျှင် လေပြိုတတ်သော ယမကာလုလင်များကဲ့သို့ ကမ္ဘာကြီးသည်လည်း ထိုအချိန်ရောက်တိုင်း သူလုပ်နေကျအလုပ်ကို လုပ်ဖို့လိုအပ်လာသည်။ ထိုအလုပ်မှာ ကမ်းနားလမ်းနှင့် မဂိုလမ်းထောင့်တွင်ရှိသည့် 'ကျားချန်ပီယံရပ်ဝန်း' ဆီသို့ ချီတက်ရန်ပင်ဖြစ်သည်။
ထိုနေရာလေးသည် 'ကျော်လှိုင်' ဟူသော သူ့နာမည်ရင်းပျောက်ပြီး ကမ္ဘာကြီး ဟူသည့် ပြိုင်ဘက်ကင်း ကျားသမားတစ်ယောက်၏နာမ်စား ဖြစ်ပေါ်လာသော နေရာလေးဆိုလျှင်လည်း မမှား။ ထိုနေရာတွင် ပါးရေနားရေများ တွန့်လိမ်ပြီး ဆေးလိပ်အလွန်သောက်သဖြင့် နှုတ်ခမ်းများ မဲပြာနေသော သူအတွေ့ချင်ဆုံးလူများ ရှိသည်။ ထိုနေရာတွင်အဖြူအမည်း ကျားကွက် ၆၄ ကွက်ပေါ်၌ ပြေးနေသည့် သူအမြင်ချင်ဆုံး ကျားများလည်းရှိသလို သူ့အား နှလုံးဘဝင်ခိုက်စေမည့်အကြား ချင်ဆုံး စကားများလည်း ရှိသည်။ သူကစားချင်ဆုံး 'ကျားထိုးခြင်း'အလုပ်ကလည်းဒီကျားတွေနှင့်ပဲ ဖန်တီးနိုင်သည်မဟုတ်ပါလား။
''ဒီနေရာက ချန်ပီယံတွေ ဦးနှောက်သွေးတဲ့နေရာ၊ ဝတ္ထုမဲ့ ဆင်ခြင်တဲ့နေရာ၊ ဘောလုံးကစားသလို ကံမပါဘူး၊ ဦးနှောက်ဉာဏ်သက်သက်နဲ့ ယှဉ်ပြိုင်ရတဲ့နေရာ'' ဟု ကမ္ဘာကြီးက ထိုနေရာကိုအမြဲလိုလိုတင်စားလေ့ရှိသည်။ကမ္ဘာကြီးတစ်ယောက် 'ချန်ပီယံတို့ရဲ့နေရာ' ဟု ညွှန်းဆိုရလောက်အောင် ထိုနေရာလေးကအထက်တန်းကျလှမည်လားဟုအပြေးကြည့်လျှင်အသွင်အပြင်က ဆန့်ကျင်ဘက်သာဖြစ်သည်။ ထိုချန်ပီယံရပ်ဝန်းသည် ဆေးပြယ်နေသည့် ဘုရားဆင်းတုတစ်ဆူ စံပယ်နေပြီးအောက်ပိုင်း ထုံးဖြူဖြူသုတ်ထားသော ညောင်ပင်ကြီး၏အောက်၊လမ်းဘေးပလက်ဖောင်းပေါ်တွင် တည်ရှိသည်။ တစ်ခါတစ်ရံ ရာသီဥတုနှင့်အခြေအနေအချိန်အခါပေါ်မူတည်၍အနီးရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆောက်အအုံ၏ ပေါ်တီကိုအောက်သို့ ရွှေ့ချင်ရွှေ့ရတတ်သည်။
fw1.jpg
![]()
အသက် ၃ဝ ကျော်မှ သက်ကြီးပိုင်း ၈ဝ ဝန်းကျင်အထိအရွယ်စုံသော ကျားထိုးသူများ။ ဓာတ်ပုံ − ဖိုးဝ/မြန်မာတိုင်း(မ်)
အသက် ၃ဝ ကျော်မှ သက်ကြီးပိုင်း ၈ဝ ဝန်းကျင်အထိအရွယ်စုံသော ကျားထိုးသူများ။ ဓာတ်ပုံ − ဖိုးဝ/မြန်မာတိုင်း(မ်)
အထက်တွင် ဆိုခဲ့သည့်အတိုင်း မွန်းလွဲ ၂ နာရီခန့်ရှိလျှင် ၆ဝ ကျော် ၇ဝ ပတ်ချာလည်အသက်အရွယ်ရှိ ကမ္ဘာကြီးကဲ့သို့သောအဘိုးကြီးများက ဆေးပေါ့လိပ်၊ မီးခြစ်နှင့်အခြားတိုလီမုတ်စများပါသည့် ခပ်နွမ်းနွမ်းလွယ်အိတ်နှင့် ထီးရှည်လေးများ ကိုယ်စီထမ်းပြီး ထိုနေရာလေးသို့အလျှိုအလျှို ရောက်လာတတ်ကြသည်။ထိုနေရာလေးသို့ ကျားသမားတစ်ဦး စတင်ရောက်ရှိလာပြီဆိုပါက ရောက်နှင့်နေပြီးသား ကျားသမားများအနက် မိမိနှင့် လက်ရည်တူသောလူကို ရွေးချယ်ကာ နှစ်ဦးသဘောတူ ကျား စထိုးကြသည်။အကယ်၍ ထိုနေရာတွင် ရှိနေသူများက မိမိထက် လက်ရည်မြင့်ပါက (သို့မဟုတ်) မိမိထက်အဆင့်နိမ့်ပါက ဘေးတွင်ဆေးလိပ်ထိုင်ဖွာရင်း ကျားထိုးသူနှစ်ဦး၏ လက်ရည်ကိုအကဲခတ်ကြသည်။
အကယ်၍ ပထမတန်းအဆင့်ရှိ ဘက်တန်းတူ ကျားသမားနှစ်ဦး တွေ့ပါကအပေါ့သွားရန်မှလွဲပြီး ထိုင်ရာမှမထဖြစ်ကြတော့ဘဲ မိုးစုံးစုံးချုပ် ၉ နာရီထိုးသည်အထိ ကျားထိုးပွဲမှာ ပရိသတ်တရုန်းရုန်းနှင့်အရှိန်ကောင်းတတ်သည်။ကျားချန်ပီယံရပ်ဝန်းဆီသို့ နယ်ပယ်အစုံမှ ကျားသမားများနှင့် ပွဲကြည့်ပရိသတ် သုံးဆယ်ခန့် နေ့စဉ်ရောက်လာတတ်သည်။ ထိုကျားသမားများထဲတွင် စီးပွားရေး လုပ်ငန်းရှင်၊ ရှေ့နေ၊အင်ဂျင်နီယာ၊ ကုန်သည် စသည့် ငွေကြေးရှိသူများ လာကြသလိုလက်လုပ်လက်စား ကျပန်းသမား၊ ကုန်ထမ်းသမားများလည်း ဝင်ရောက်ယှဉ်ပြိုင် ကြသည်။
ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်တွင် ပြိုင်ဘက်ကင်းပြီးအပယ်ခံဖြစ်လာကြသည့် ကျားသမားများအများဆုံး လာရောက်ကစားကြလေ့ရှိပြီးအနိမ့်ဆုံးအားဖြင့် တတိယတန်းအဆင့်ရှိသော
ပုံမှန်အားဖြင့် မွန်းလွဲ ၂ နာရီတွင် ကျားထိုးပွဲ စတင်လေ့ရှိပြီး ညမှောင်ချိန် ၈ နာရီထိုးလျှင် သိမ်းသည်။ တစ်ခါတစ်ရံ လက်ရည်တူသည့် ချန်ပီယံအဆင့် ရှိသူများ သဲကြီးမဲကြီး ကစားသည့်ပွဲဆိုလျှင် ည ၁ဝ နာရီနီးပါးထိ ကြာသွား တတ်သည်။ ထိုနေရာလေးသို့အသက် ၃ဝ ကျော်ခန့်မှ သက်ကြီးပိုင်း ၈ဝ ကျော်အရွယ်များအထိအရွယ်စုံ လာကြပြီးအများစုကတော့အသက်ကြီးပိုင်း များ ဖြစ်ကြသည်။ယခုနေရာမတိုင်မီက ပန်းဆိုးတန်း၊ မော်တင်နှင့် ရန်ကုန်ဘူတာကြီးတို့မှာ ကျားချန်ပီယံတို့၏ စုရပ်များဖြစ်ခဲ့ပြီး လက်ရှိနေရာသို့ ရွှေ့ပြောင်းလာသည်မှာ လေးနှစ်စွန်းစွန်းသာ ရှိသေးပြီး ထိုနေရာလေးမှ နာမည်ကြီး ကျားချန်ပီယံအများအပြား ပေါ်ထွက်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျားထိုးသည့်ကစားနည်း မည်သည့်အချိန်က စတင် ပေါ်ပေါက်ခဲ့သည်ကိုအတိအကျမသိသော်လည်း နိုင်ငံတကာကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ကျားကို ခုံခုံမင်မင်ကစားကြသည်။ မြန်မာ့ရိုးရာ ကျားကွက်ကစားနည်း၌ ကစားသူနှစ်ဦးသည် 'စားကိုစားရမည်' နှင့် 'မစားလျှင် ဒဏ်တပ်မည်' ဟူသည့် စည်းမျဉ်းစည်းကမ်းတစ်ခုရှိပြီး ကျန်တာကတော့ နိုင်ငံတကာနှင့်အတူတူပဲဖြစ်သည်။ယခင်တုန်းကအစိုးရက ဦးစီးပြီး ကျားထိုးပြိုင်ပွဲများကို ဝိုင်အမ်ဘီအေအဆောက်အအုံတွင် ကျင်းပပေးခဲ့ဖူးသည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့်လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့်တွင် ပြိုင်ပွဲအစီအစဉ်များ ရပ်တန့်ခဲ့ပြီး ကျားအစား စစ်တုရင်ကစားနည်းကိုသာ ပြိုင်ပွဲအဖြစ် ကျင်းပပေးတော့သည်။
fw3.jpg
![]()
နှစ်ဦးတည်းဖြင့် စိတ်ဝင်စားစရာ ကျားထိုးပွဲမြင်ကွင်း။ ဓာတ်ပုံ − ဖိုးဝ/မြန်မာတိုင်း(မ်)
နှစ်ဦးတည်းဖြင့် စိတ်ဝင်စားစရာ ကျားထိုးပွဲမြင်ကွင်း။ ဓာတ်ပုံ − ဖိုးဝ/မြန်မာတိုင်း(မ်)
ပုံမှန်အားဖြင့် ကျားတန်းကိုအဆင့်ငါးဆင့် သတ်မှတ်သည်။အနိမ့်ဆုံး ပဉ္စမအဆင့်မှစ၍ စတုတ္ထအဆင့်၊ တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်ဖြစ်ပြီး ထိုမှလွန်မြောက်လျှင်တော့ ကျားလောကတွင် ချန်ပီယံတစ်ဦးအဖြစ် ကျားသမားများ ထံမှအသိအမှတ်ပြုမှုတစ်ခု ရရှိပြီဖြစ်သည်။ထိုကဲ့သို့ ချန်ပီယံဖြစ်သွားလျှင်အခြားလက်ရည်တူထိုးမည့်သူလည်း ရှားပါး သွားပြီဖြစ်သောကြောင့် မိမိထက်လက်ရည်နိမ့်သူကို ကျားနှစ်ကောင်၊ သုံးကောင်အလျှော့ပေး ကစားရသည်။ထိုမဂိုလမ်းမှ ကျားချန်ပီယံရပ်ဝန်းကိုတော့ တော်ရုံတန်ရုံ ကျားသမားများ ဝင်တိုးဖို့ မလွယ်လှ။ ထိုနေရာသို့ ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်တွင် ပြိုင်ဘက် ကင်းပြီးအပယ်ခံဖြစ်လာကြသည့် ကျားသမားများအများဆုံးလာရောက်ကစားကြလေ့ ရှိပြီးအနိမ့်ဆုံးအားဖြင့် တတိယတန်းအဆင့်ရှိသော ကျားသမားများဖြစ်ကြသည်။
''ဒီမှာရှိတာက ထိပ်တန်းကျားသမားတွေချည်းပဲ၊ ပြောရမယ်ဆိုရင် ကျားထိုးတဲ့အဆင့် မြင့်လာလို့ ပြိုင်ဘက်ကင်းပြီးသားအဆင့်ရှိတဲ့လူတွေအားလုံး ဒီမှာ လာစုကစားပြီးတော့အဆင့်လာလုကြတာပေါ့'' ဟု ကျားသမားမောင်မောင်အေးက ဆိုသည်။အိုင်ဖင်မောင်ဝင်း၊ ဘုန်းကြီးသန်းအောင်၊ ကိုရွှေအေး၊ ဦးအောင်ခင်၊ ကိုအုန်းစိန်တို့ကဲ့သို့ ကျားချန်ပီယံရပ်ဝန်းမှ ပေါ်ထွက်လာသော ချန်ပီယံများအစဉ်အဆက်ရှိထားပြီး ကိုစံသိန်းမှာ လက်ရှိ ကျားချန်ပီယံရပ်ဝန်းချန်ပီယံအဖြစ်သတ်မှတ်ခံထားရသူဖြစ်သည်။
''ဒီကနေအဆင့်ဆင့်တက်ပြီးသွားရင် ပြိုင်ဘက်လုံးဝကင်းသွားပြီလို့ ပြောလို့ ရတယ်၊ ချန်ပီယံဖြစ်သွားပြီပေါ့'' ဟု သူကဆိုသည်။စီးပွားရေးလုပ်ငန်းလုပ်သည့် ကျားသမားအများစုက ထိုနေရာတွင် လာရောက် ဦးနှောက်သွေးကြပြီး ယင်းမှရလာသည့် ကျားကစားခြင်းကိုအခြေခံ၍ ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအောင်မြင်အောင် လှည့်ကွက်တွေ သုံးနိုင်လာ ကြသည်။တစ်ဖက်တွင် ကောင်းကျိုးရှိသလောက်အခြားတစ်ဖက်တွင် ထိုကျားထိုးခြင်း ပညာနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ရည်မှန်းချက် ပျောက်ဆုံးသွား သောသူ၊အချိန်များ ကုန်လွန်မှန်းမသိ ကုန်လွန်သွားသောသူအများအပြားရှိသည်။ လူငယ်များအနေနှင့်အထူးသဖြင့် ကျားကစားနည်းနောက် တကောက်ကောက် လိုက်ခြင်းကို ရှောင်ကျဉ်သင့်ပြီး ဘဝတစ်ခုကို ကောင်းမွန်ကျင်လည်စွာ ထိန်းချုပ် နိုင်သောအချိန်တစ်ခုရောက်မှသာ လေ့လာလိုက်စားသင့်ကြောင်း ကမ္ဘာကြီးကအကြံပေးသည်။
''ကျားကို ကျွန်တော်ငယ်ငယ်က ရူးသွပ်တဲ့အချိန်တုန်းကဆိုရင် ညအိပ်ရင်ခြင်ထောင်အမိုးပေါ်မှာ ကျားကွက်က ပေါ်နေတဲ့အထိပဲ၊ လုပ်ရမယ့်အလုပ်တွေအစား ကျားကစားခြင်းက ကိုယ့်ကို ကြီးစိုးထားတယ်၊ တကယ်က ဒီကျားကို ငယ်ရွယ်သူတွေအနေနဲ့ မကစားသင့်ဘူး'' ဟု ကမ္ဘာကြီးက ဆိုသည်။မြန်မာ့နံပါတ်ဝမ်း ကျားဆရာကြီးများ၏ ချိန်းပွဲဆို၍ ပိုက်ဆံအပုံလိုက်လောင်း သည်ဟု မထင်ပါနှင့်။ ကျားဆရာကြီးများ၏လောင်းကြေးက ရှုံးသူ လက်ဖက်ရည် တိုက်ကြေးမျှသာ ဖြစ်သည်။
''ဒါက လောင်းကစားလည်း မဆန်ဘူး၊ ပိုက်ဆံကအဓိကမဟုတ်ဘူး၊ ချန်ပီယံ ဆိုတဲ့ ဂုဏ်တစ်ခုကိုပဲ လိုချင်တာပေါ့'' ဟု ကမ္ဘာကြီးက ဆိုသည်။ကျားကို ကိုယ်တိုင်မထိုးသော်လည်း ကျားထိုးခြင်းကိုအားပေးသူ ပရိသတ်များ၏ ဇွဲမှာလည်း ကျားထိုးသူများထက်ပင် သာ၍ကျော်လွန်နေတတ်သည်။ စနေ၊ တနင်္ဂနွေကဲ့သို့ တစ်နေကုန်ကစားသည့် ရက်မျိုးဆိုလျှင် ကျားဝါသနာရှင်အချို့ကအိမ်မှ ထမင်းချိုင့်ဆွဲပြီး လာအားပေးသည်အထိ ကျားချန်ပီယံရပ်ဝန်းက ပရိသတ်အားကောင်းသည်။
''ဒီနေရာလေးက ကိုယ့်ကိုအပန်းပြေစေတယ်၊ ပြီးတော့ ကိုယ်စိတ်ဝင်းစားတဲ့ ကစားနည်းကို ကြည့်ရတာဆိုတော့အဘိုးကြီးတွေရဲ့ ပိုနေတဲ့အချိန်တွေ ဖြုန်းလို့ ကောင်းတယ်၊ မပျင်းတော့ဘူးပေါ့''ဟု ကျားဝါသနာရှင် ဦးအောင်လှထွန်းကဆိုသည်။ဦးအောင်လှထွန်းက ကျားချန်ပီယံများကံ့သို့ပင် မွန်းလွဲ ၂ နာရီထိုးခါနီးလျှင် ပလတ်စတစ်ခုံပုလေးတစ်လုံး၊ ရေတစ်ဘူး ယူလာပြီး တစ်ညနေခင်းလုံး ဟိုဝိုင်းမှ ဒီဝိုင်းကူးကာ ထိုင်အားပေးတတ်သူ တစ်ဦးဖြစ်သည်။ကျားဝိုင်းက သကြင်္န်ကဲ့သို့သောအခါကြီးရက်ကြီးများကြောင့်ပင် ပိတ်ရက်မရှိ။ သကြင်္န်နှင့်အခြားရိုးရာပွဲတော်များသည် ကျားသမားများနှင့် မဆိုင်သလိုအချိန်ရောက်လာလျှင် ထိုကျားဝိုင်းဆီသို့ပင် ခြေဦးလှည့်လာကြမြဲဖြစ်သည်။
''ဒီအသက်အရွယ်တွေက သကြင်္န်လျှောက်လည်ရမယ့်အရွယ်တွေ မဟုတ်တော့ ဘူးလေ၊အဲဒီတော့ ကျားဝိုင်းကိုပဲ ရောက်လာကြတာပေါ့'' ဟု ကမ္ဘာကြီးကဆိုသည်။လူတို့၏စိတ်ကိုအပန်းဖြေမှုပေးပြီး ဆိုးကျိုး၊ ကောင်းကျိုးစုံလင်လှသော ဂိမ်းကစားနည်းများစွာ ပေါ်လာသော်လည်း မြန်မာ့ရိုးရာကျားထိုးခြင်းကတော့ မြန်မာ လူမျိုးများ၏ကြားတွင် ရှင်သန်နေဦးမည်ဖြစ်သည်။ 'ဘယ်နေရာမှာ ကျားဝိုင်းရှိသလဲ'ဟူ၍အမြဲအနံ့ခံစုံစမ်းနေတတ်သော ကျားသမားများအနေဖြင့် ပဉ္စမတန်း၊ စတုတ္ထတန်းအဆင့်များ ရရှိအောင် လှည့်လည်ယှဉ်ပြိုင်ကျော်လွန်ပြီး နောက်ဆုံးတွင်တော့ ချန်ပီယံများ တည်ရှိရာ မဂိုလမ်းကျားချန်ပီယံရပ်ဝန်းသို့ ရောက်လာကြရမည်မှာအသေအချာပင်ဖြစ်သည်။