![]()
တကယ်လို့ စာဖတ်သူဟာအိမ်မှာ၊အလုပ်ခွင်မှာ WiFi နဲ့ ပတ်သက်ပြီး စိတ်ရှု့ပ်နေရပြီဆိုရင်တော့အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို ဖတ်ကြည့်သင့်နေပါပြီ။ WiFi ဟာအိမ်တွင်းအသုံးအဆောင်တွေကြောင့်ပဲ ဖြစ်ဖြစ်၊ ဝန်ဆောင်မှုယူထားတဲ့ ကုမ္ပဏီက ညံ့ဖျင်းလို့ပဲဖြစ်ဖြစ်အင်တာနက်လိုင်းဆွဲအားတွေ ကျဆင်းနိုင်ပါတယ်။အောက်မှာတော့ ဘယ်လိုအရာဝတ္ထုမျိုးတွေက WiFiအင်တာနက်လိုင်းကိုနှောင့်နှေးစေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
![]()
Shutterstock/ Zynatis
သတ္တုဟာ လျှပ်ကူးပစ္စည်းဖြစ်ပြီး လျှပ်စီးစုပ်ယူပါတယ်။ WiFi က လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှင့်ပါတယ်။ WiFi ကထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအိမ်ထဲမှာရှိတဲ့ သတ္တုပစ္စည်းတွေက တားဆီးပိတ်ပင်တတ်ပါတယ်။ ဒါကြောင့် router ကို သတ္တုမျက်နှာပြင်တွေပေါ်မှာ မတင်သင့်သလို သတ္တုပစ္စည်းတွေနဲ့ ဝေးရာမှာပဲ ထားသင့်ပါတယ်။ နောက်တစ်ချက်ကတော့ router ကို မိုက်ကရိုဝေ့ဗ်မီးဖိုတွေနားမှာ မထားဖို့ ဖြစ်ပါတယ်။ တကယ်လို့ထားမယ်ဆိုရင်တောင် မိုက်ကရိုဝေ့ဗ်ထက် ပိုမြင့်တဲ့နေရာမှာ ထားသင့်ပါတယ်။ နို့မို့ဆို နှစ်ခုစလုံးကထွက်လာတဲ့ လှိုင်းနှုန်းတွေက ဆင်တူတဲ့အတွက် လိုင်းတွေရှုပ်ကုန်မှာ စိုးရိမ်ရတာကြောင့်ပါ။
မာဘယ်ကျောက်၊ ဘိလပ်မြေ၊ ကွန်ကရစ်၊အင်္ဂတေနဲ့အုတ်တွေဟာ WiFi လိုင်းတွေကိုအတားအဆီးဖြစ်စေပါတယ်။ ဥပမာ နှစ်ထပ်အိမ်တစ်လုံးမှာ WiFi တပ်မယ်ဆိုရင် နှစ်ထပ်လုံးမှာ WiFiအပြည့်မရပဲ တစ်ထပ်မှာသာ သုံးလို့ရတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် router ကို နံရံတွေနဲ့ဝေးရာ ဟင်းလင်းပြင်နေရာမျိုးမှာ ထားသင့်ပါတယ်။
![]()
Shutterstock/ Photographee.eu
အလားတူပဲ မှန်တွေကိုလည်း WiFi router တွေနားမှာ မထားစေသင့်ပါဘူး။ ပြန့်ကြဲနေတဲ့ WiFi လှိုင်းတွေဟာ မှန်နဲ့ ထိတွေ့တဲ့အခါ ပြန်ကန်ထွက်စေပါတယ်။ ဒါကြောင့် လိုင်းငြိမ်အောင်၊ signalအားတွေ မနှေးအောင် router ကို ကြည့်မှန်တွေနဲ့ ဝေးရာမှာ ထားပေးသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရေခဲသေတ္တာ၊အဝတ်လျှော်စက် စတာတွေနားမှာလည်း router မထားသင့်တာပါ။ ဒီပစ္စည်းတွေမှာပါဝင်တဲ့ ရေပိုက်တွေကြောင့် WiFi signal တွေဟာ ရေထဲမှာ ပျော်ဝင်ပြီးအင်တာနက်လိုင်း နှေးကွေးခြင်းကို ဖြစ်စေပါတယ်။
ခရစ္စမတ်ကာလရောက်ပြီဆိုရင်တော့ ခရစ္စမတ်ပွဲတော်မှာ ထွန်းညှိကြတဲ့ မီးရောင်စုံကြောင့်အိမ်ထဲ WiFi signal တွေအားနည်းတာ ဖြစ်တတ်ပါတယ်။အဲဒီမီးသီးတွေကထွက်တဲ့ မီးပွင့်လေးတွေဟာ သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီသံလိုက်စက်ကွင်းလှိုင်းတွေက WiFi ကိုသွားရောက်ထိခိုက်မိစေပါတယ်။ ဒါ့အပြင် တချို့ဒရုန်းအမျိုးအစားတွေဟာလည်း WiFiအင်တာနက်လိုင်းကိုအနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။
အိမ်တွင်း WiFi စနစ်ကို ကောင်းမွန်အောင်လို့အပေါ်မှာဖော်ပြထားတဲ့ နေရာတွေကို သေချာရွေးချယ်ပြီး router ကို ထားသင့်ပါတယ်။ router ကို update လုပ်ဖို့ လိုသလို ဧရိယာတိုင် ကောင်းကောင်းလည်း လိုပါတယ်။ WiFi amplifier နဲ့ WiFi extender တွေကတော့အင်တာနက်လိုင်းသုံးလို့ပိုမြန်အောင် ပိုပြန့်နှံ့အောင် ဆောင်ရွက်ပေးနိုင်ကြပါတယ်။ Password ကတော့ လုံခြုံစိတ်ချရတဲ့ password ပေးထားဖို့ လိုအပ်ပါတယ်။ လိုင်းအရမ်းနှေးနေတယ်လို့ ယူဆရင်တော့အထဲက memory တွေကိုဖျက်ဖို့နဲ့ updates တွေအသစ် install လုပ်ဖို့ router ကို reset ပြန်ချပေးသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
လင်းလင်း (ShweMom)