![]()
အိမ်မွေးကြောင်လေး ပျောက်သွားတဲ့အခါ ပိုင်ရှင်တွေအဖို့အရမ်းသောကများရပါတယ်။ တစ်ခါတစ်လေ ရပ်ကွက်ထဲမှာ ကြောင်ကြိုကြောင်ကြားမကျန် နေရာအနှံ့လိုက်ရှာပေမယ့်လည်း ကြောင်လေးတွေကို မတွေ့ရတော့တာတွေ ရှိနေပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့အိမ်ကကြောင်လေးတွေ ပျောက်သွားခဲ့ရင် ခြေရာခံပြီးလိုက်ရှာပေးမယ့်သူလေးတွေ ရှိနေတာကို ကြောင်ပိုင်ရှင်တွေအတွက် ပြောပြလိုပါတယ်။
![]()
Source: YouTube
ဂျပန်နိုင်ငံသား တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ ချာလီကတော့ သူဟာ သူ့ရဲ့အိမ်မွေးကြောင်လေးအိမ်ကို ပြန်လာနိုင်ဖို့အတွက် နည်းလမ်းသစ်တစ်မျိုးကိုအမှတ်မထင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ထိုသူက “ကျွန်တော့်ကြောင်လေးက လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက ပျောက်သွားပြီးအိမ်ပြန်မလာတော့ဘူး။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ရှိနေတဲ့ လမ်းဘေးကြောင်တွေကို စကားပြောပြီး ကြောင်ရှာတဲ့ နည်းသုံးကြည့်။ ကျွန်တော်ကတော့ တကယ်လို့ ငါ့ကြောင်ကို တွေ့ခဲ့ရင်အိမ်ပြန်လာဖို့ ပြောလိုက်ဦးလို့ လမ်းဘေးကြောင်တွေကို ပြောလိုက်တယ်။ နောက်တစ်ရက်ကျတော့ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကြောင်ကအိမ်ပြန်ရောက်လာတယ်…” လို့ ပြောပြခဲ့ပါတယ်။
![]()
Source: Pet Central
ချာလီရဲ့ စတေးတပ်နဲ့ပတ်သက်လို့ လူတော်တော်များများကတော့ သိပ်မယုံချင်ကြပါဘူး။ ကိုယ့်အိမ်က ကြောင်ကိုအိမ်ပြန်ခေါ်ဖို့အတွက် လမ်းဘေးကြောင်နဲ့ လမ်းကြုံစကားပါးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ထူးခြားတာက ချာလီတစ်ဦးတည်း ဒီလိုမျိုး ကြုံရတာ မဟုတ်ပါဘူး။ ချာလီလိုအလားတူအဖြစ်မျိုး ကြုံသူတွေရှိပါသေးတယ်။ တစ်ဦးကတော့ “ကျွန်မအမေကအိမ်ကကြောင်နှစ်ရက်လောက် ပျောက်သွားတော့ လမ်းဘေးကြောင်တွေကို ကြောင်ဘယ်လို ပျောက်သွားတယ်ဆိုတာ ပြောပြလိုက်တယ်။ နောက်တစ်နေ့ကျတော့အိမ်က ကြောင်လေးအိမ်ပြန်ရောက်လာတယ်…”လို့ ဆိုခဲ့သလို..
“ကျွန်တော့်အိမ်က ကြောင်ပျောက်တုန်းက ကျွန်တော်အိမ်ရှေ့မှာ ဖြတ်သွားတဲ့ လမ်းဘေးကြောင်တစ်ကောင်ကို လှမ်းခေါ် ပြီးအစာကျွေးတယ်။ ပြီးတော့အိမ်က ကောင်ပျောက်နေတယ်လို့ ပြောလိုက်တာ တစ်နာရီအတွင်းပဲ ကျွန်တော့်ကြောင်အိမ်ပြန်ရောက်လာတယ်…”
“ကျွန်မကတော့ ကျွန်မကြောင် ပျောက်တုန်းက လိုက်ရှာရင်း လမ်းဘေးကြောင်လေးတစ်ကောင်ကို တွေ့လို့ ကျွန်မကြောင်လေး တွေ့မိလားလို့ သူကို့မေးလိုက်တယ်။ သူ့က ညောင်လို့အော်ပြီး ကျွန်မကို တစ်နေရာခေါ်သွားတယ်။ ဂိုထောင်တစ်လုံးရှေ့ရောက်တော့အဲဒီလမ်းဘေးကြောင်လေးက ညောင်လို့ တစ်ခါထပ်အော်တယ်။ သူအော်လိုက်တဲ့အခါ ဂိုထောင်ထဲကနေ ပြန်ထူးတဲ့အသံ ထွက်လာတယ်။အဲဒါက ကျွန်မကြောင်လေးရဲ့အသံပဲပေါ့…” လို့ဆိုကာ သူတို့ကြုံတွေ့ခဲ့တာတွေကို ပြောပြနေကြပါတယ်။ ဒါကြောင့် စာဖတ်သူတွေလည်းအိမ်က ကြောင်လေး ဘယ်ထွက်သွားလို့ သွားမှန်းမသိပဲ ပျောက်နေရင် လမ်းဘေးကြောင်လေးတွေကိုသာအစာကျွေးပြီးအကူအညီတောင်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
လင်းလင်း (ShweMom)
Ref: worldofbuzz