MPT Myanmar National League 2018အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီကုန် ပွဲစဉ်တစ်ပွဲအဖြစ် စတင်ဘာလ ၂၃ ရက် (ယနေ့) ညနေက Grand Royal ဘောလုံးကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတု့ိ ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီယူနိုက်တက်အသင်းက ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အဆင့် ၄ ဖြင့် ရာသီသိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ယခုပွဲတွင် ပြိုင်ဘက် ဧရာဝတီ အသင်းအပေါ် ခြေစွမ်းအသာဖြင့် ဦးဆောင် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို စောစီးစွာပင် ရယူနိုင်ခဲ့သည်။ ထိုဂိုးကို ပွဲချိန် ၃ မိနစ် တွင် Micheal Henry ကသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် ဟံသာဝတီကပင် ပွဲကို ဆက်လက် ဦးဆောင် ကစားခဲ့ပြီး ၃၅ မိနစ်နှင့် ၄၂ မိနစ်များတွင် ဟံသာဝတီ၏ အဓိက တိုက်စစ်မှူး ဂျိုးဆက်က နှစ်ဂိုးဆက် သွင်းယူပေးကာ ပထမပိုင်းအပြီးတွင် ဟံသာဝတီက ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ပွဲကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ဧရာဝတီအသင်းသည် ချေပဂိုးရရှိရန်အတွက် တိုက်စစ်မြင့်ကစားခဲ့သော်လည်း ဂိုးရယူရန် ခက်ခဲနေခဲ့ပြီး ဟံသာဝတီကသာ ဂိုးများကို ဆက်လက် သွင်းယူသွားခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ဟံသာဝတီအသင်းအတွက် မာ့ခ်ဆဲကီက စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ဂျိုးဆက်က ၎င်းအတွက် ဟက်ထရစ် ဂိုးအဖြစ် ပွဲချိန် ၈၃ မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် ဟံသာဝတီ ယူနိုက်တက်အသင်းက ၅-၀ ဂိုးဖြင့် ဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့သည်။
ဟံသာဝတီ ယူနိုက်တက် တိုက်စစ်မှူး ဂျိုးဆက်အနေဖြင့် ယနေ့ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သောကြောင့် သွင်းဂိုး ၁၈ ဂိုးထိ ရှိသွားခဲ့ပြီ ဖြစ်ရာ ရန်ကုန်တိုက်စစ်မှူး ဆီလာကို ကျော်ဖြတ်ကာ ဂိုးသွင်းဘုရင်ဆုကိုလည်း ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
